ဘိုးဘပိုင်မြေ၊ အပိုင်ဂရန် ပေးထားတဲ့ မြေများနှင့် ထိုမြေများ မြေခွန် ကင်းလွတ်ခွင့် ရ/မရ..။
အထက်မြန်မာပြည်မှာ ဘိုးဘပိုင်လို့ ခေါ်ပြီး အောက်မြန်မာနိုင်ငံမှာ လက်ဝယ်ထားရှိ ပိုင်ခွင့်မြေလို့ ခေါ်ကြတဲ့ မြေတွေအကြောင်းကို စတင် တင်ပြပါမယ်။ "ဘိုးဘပိုင်" ဖြစ်ပြီး ဘိုးဘွားပိုင်မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ မြေယာပိုင်ဆိုင်ခွင့် နည်းလမ်းတွေကို အရင်ဆုံး တင်ပြပါမယ်။
မြန်မာ့မြေယာ စနစ်၊ ရာဇဝင်အကျဉ်း အနေနဲ့ မြန်မာဘုရင်ခေတ်မှာ တည်ရှိခဲ့တဲ့ မြေပိုင်ဆိုင်ခွင့် အမျိုးအစားတွေကို တင်ပြပါမယ်။ ပုဂံဝန်ထောက်မင်း ဦးတင်ရဲ့ မြန်မာ မင်းများ အုပ်ချုပ်ပုံ စာတမ်းမှာ(၁) ရှင်ဘုရင်နှင့် ဆိုင်သော အရာတော်မြေ လေးမျိုး၊
(၂) အရာတော်မြေနှင့် စပ်ယှက် ဆက်သွယ်သောမြေ သုံးမျိုး၊
(၃) ဘိုးဘပိုင်မြေ သုံးမျိုး၊
(၄) ဘိုးဘပိုင်မြေနှင့် စပ်ယှက် ဆက်သွယ်သောမြေ လေးမျိုး၊
(၅) ဝတ္တကံမြေ သာသနာမြေ သုံးမျိုး
ဆိုပြီး မြေပိုင်ဆိုင်ခွင့်တွေ ခွဲခြားထား ပါတယ်။ အမျိုးအစား တစ်ခုစီမှာ ဆင့်ပွား ကွဲပြား သွားတာတွေက မနည်းပါဘူး။ ဥပမာ- ဘုရင်နှင့်ဆိုင်သော အရာတော် မြေခေါင်းစဉ်အောက်မှာ နန်းစဉ် အရာတော်မြေ၊ စုံသေအမွေ ပြတ်မြေ၊ သိမ်းစုမြေ၊ ယွန်းပေါင်ပါမြေ စသဖြင့် ထပ်မံ ခွဲထားတဲ့အပြင် သီးသန့် ဘုရင့်စားမြေ၊ မင်းညီမင်းသားစားမြေ၊ ကျွန်းမြေတို့ ရှိပါသေးတယ်။ အရာတော်နဲ့ စပ်ယှက် ဆက်သွယ်တဲ့ မြေအမျိုးအစားတွေမှာ အမှုထမ်းတွေကို လစာရိက္ခာအစား ချပေးတဲ့ အစားပေးမြေ၊ မြို့စားရွာစားတို့ အတွက် ရာထူးအရ ပါလာတဲ့ အကိုင်စားမြေ၊ မြို့သူကြီး ရွာသူကြီးတွေ ချထား စားသောက်ဖို့ ပေးတဲ့ အကြီးစားမြေ ဆိုပြီး ခွဲပြန်ပါတယ်။ (အင်္ဂလိပ်ခေတ်မှာ ပေးတဲ့ သူကြီးစားမြေသဘောမျိုးပါ။)
ဝတ္တကံမြေအောက်မှာလည်း ဘုရားနဲ့ ဆိုင်တဲ့ ဝတ္တကံမြေ၊ ပိဋကတ်နဲ့ဆိုင်တဲ့
ဝတ္တကံမြေ၊ ကျောင်းနဲ့ဆိုင်တဲ့ ဝတ္တကံမြေလို့ ခွဲခြားပါတယ်။ ဘိုးဘပိုင်မြေအောက် မှာ ဓားမဦးချမြေ၊ မင်းပေးမြေနဲ့ ငွေဝယ်ငွေပေါင်မြေ ဆိုပြီး ခွဲထားတဲ့အပြင် စပ်ယှက် ဆက်နွှယ် အမျိုးအစားတွေကိုလည်း အဲဒီအောက်မှာ ထပ်ခွဲပါ သေးတယ်။ အဲဒီလို မြေပိုင်ဆိုင်ခွင့် အမျိုးမျိုး ခွဲခြားထားတဲ့ မြန်မာ့မြေယာစနစ်မှာ
အခု တင်ပြမယ့် မြေပိုင်ဆိုင်ခွင့်စနစ်က ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေကို မူလ သုံးမျိုး၊ ဆက်နွှယ် အမျိုးအစား လေးမျိုး၊ ပေါင်း ခုနစ်မျိုး ကွဲပြား တည်ရှိတာ တွေ့ရ ပါတယ်။
မူလဘိုးဘပိုင်မြေ သုံးမျိုး
(၁) ဓားမဦးချမြေ။ ဘယ်သူမျှ လုပ်ကိုင်ခြင်း မရှိသေးတဲ့ မြေလွတ်မြေရိုင်း တွေကို ဆိုင်ရာ မြေတိုင်းတောကဲတွေထံ တိုင်ကြား ပြောဆိုပြီးတော့ ခုတ်ထွင် ကျင်းပြီး ဘေးဘိုးစဉ်ဆက် ဓားမဦးချ စိုက်ပျိုး လုပ်ကိုင်လာတဲ့ မြေမျိုး ဖြစ်ပါတယ်။ သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့် ရပါတယ်။ မနုကျယ်ဓမ္မသတ် အလိုအရတော့ ဘယ်သူမျှ အတည်တကျ မလုပ်ကိုင်သေးတဲ့ မြေကို မူလခုတ်ထွင် အတည်တကျ လုပ်ကိုင်ခဲ့သူဟာ (၁၀) နှစ်တိုင်တိုင် အဆက်မပြတ် လက်ရှိ ထားခဲ့ရင် အခြား ဘယ်သူ့ကိုမျှ ပိုင်ဆိုင်ခွင့် မရှိစေရဘဲ လုပ်ကိုင်ရင်း ဖြစ်သူသာ ထာဝရ ပိုင်ဆိုင်ခွင့် ရှိစေတဲ့မြေ ဖြစ်ပါတယ်။
(၂) မင်းပေးမြေ။ အရာတော်မြေမှာ ဖော်ပြခဲ့တဲ့ အမှုထမ်းတွေကို လစာရိက္ခာ အစားချပေးတဲ့ အစားပေးမြေနဲ့ မတူပါဘူး။ လစာရိက္ခာအစား မဟုတ်ဘဲ ဘုရင်ကိုယ်တိုင် သီးခြား လက်ရောက် ပေးအပ်ချီးမြှင့်မြေ ဖြစ်ပါတယ်။
(၃) ငွေဝယ်ငွေပေါင်မြေ။ ဓားမဦးချမြေ၊ မင်းပေးမြေတွေကို လက်ရှိဆက်ခံ ပိုင်ဆိုင်သူတို့က ရောင်းချ ပေါင်နှံတာက စပြီး အဆိုပါမြေရဲ့ မူလအခွင့်အရေး အတိုင်း ဝယ်ယူသူ၊ အပေါင်ခံသူတို့က သားစဉ် မြေးဆက် ဆက်လက် ပိုင်ဆိုင်ခွင့်ရတဲ့ မြေမျိုး ဖြစ်ပါတယ်။
ဘိုးဘပိုင်နှင့် ဆက်နွှယ်သောမြေလေးမျိုး
ဘိုးဘပိုင်မြေနဲ့ စပ်ယှက် ဆက်သွယ်တဲ့ မြေလေးမျိုးက နေစားမြေ၊ စားမြေ၊ သူရဲမိုးမြေ၊ အသည်မြေတို့ ဖြစ်ပါတယ်။
(၁) နေစားမြေ။ နေစားမြေ ဆိုတာက နေရန်မြေ၊ စားရန်မြေ နှစ်မျိုးအတွက်
ပေးကမ်းချထားတဲ့မြေ ဖြစ်ပါတယ်။ စစ်ပွဲတွေမှာရတဲ့ လူမျိုးခြား သုံ့ပန်းတွေ၊ နိုင်ငံမှာ အခြားသော နယ်မြေတွေက လူတွေကို လုပ်ကိုင်သူ မရှိသေးတဲ့ မြေရိုင်း၊ အရာတော်မြေ၊ ဝတ္တကံမြေနဲ့ အကြောင်းအားလျော်စွာ စွန့်ခွာ လက်လွှတ်ထား စောင့်ရှောက်မှု ကင်းမဲ့တဲ့ မြေတွေ၊ လွတ်လပ်တဲ့ မြေတွေမှာ နေထိုင်၊ လုပ်ကိုင် စားသောက်ဖို့အတွက် ချထားပေးတဲ့ မြေမျိုး ဖြစ်ပါတယ်။
(၂) စားမြေ။ နေမြေ စားမြေ ချထားခံရသူတွေနဲ့ အလားတူတဲ့ လူတွေကို လုပ်စားဖို့ ချထားတဲ့မြေတွေ ဖြစ်ပါတယ်။ ယင်းမြေကိုလည်း သားစဉ်မြေးဆက် ပိုင်ဆိုင်ခွင့် ရပါတယ်။
(၃) သူရဲသူမိုးမြေ။ သူရဲမိုးမြေကတော့ ကင်းမြို့တွေမှာ အစောင့်အနေ ချ
ထားတဲ့ မြန်မာစစ်တပ်များ၏ ရဲမက် စစ်သည်တွေက လယ်ယာ တီထွင် လုပ်ကိုင်ခဲ့တဲ့ မြေမျိုး ဖြစ်ပါတယ်။ မြို့စောင့်တပ်တွေ နေပြည်တော် ပြန်ထွက်ခွာသွားတဲ့အခါ မြို့ရွာနေလူတို့ ဝင်ရောက် လုပ်ကိုင်နိုင်ပါတယ်။ သို့ပေမဲ့ စစ်သည်တွေ ပြန်ရောက်လာတဲ့အခါ ရဲမက်တွေက ပြန်လည် လုပ်ကိုင်ပါတယ်။ စစ်တပ်ကို မြို့စောင့် မထားတဲ့အခါ မြို့ခံရွာခံလူတို့က သားမြေးစဉ်ဆက် လုပ်ကိုင်နိုင် ပါတယ်။
(၄) အသည်မြေ၊ ဘုံမြေ။ အသည် ဆိုတာက မင်းမှုထမ်း မဟုတ်တဲ့သူတွေ
ဖြစ်ပါတယ်။ အရပ်သားတွေ ဖြစ်ပြီး အခြားမြို့ရွာက လာသူတွေ မဟုတ်ဘဲ ဆိုင်ရာမြို့ရွာမှာ မြို့ရွာ တည်ထောင်စ ကနဦး မူလကတည်းက နေထိုင် ပေါက်ဖွားလာသူတွေ ဖြစ်ပါတယ်။ အဲဒီလူတွေ မူလကတည်းက လုပ်ကိုင်ပြီး စားသောက် အသက်မွေးလာတဲ့မြေကို အသည်မြေလို့ ခေါ်ပါတယ်။ အသည်သားတွေနဲ့သာ ဆိုင်တဲ့ ရွာက ပိုင်တဲ့မြေကို ခေါ်တာ ဖြစ်ပါတယ်။ ဆိုလိုတာက ယင်းမြေကို ကျေးရွာက ပိုင်ပြီး အသည်တွေသာ စိုက်ပျိုး လုပ်ကိုင်ခွင့် ရှိတဲ့ မြေတွေ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာတော့ အထက်မြန် မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်း ဥပဒေ ပြဌာန်းခါစမှာ အမိန့် ဆင့်ဆိုချက် (၂၈၈) ကနေ (၂၉၁) အထိကို ယင်းမြေတွေအတွက် Communal Tenures ဒေသန္တရမြေ ပိုင်ဆိုင်နည်းလို့ အမည်တပ် ညွှန်ကြားခဲ့ပေမဲ့ ၁၉၃၀ ပြည့်နှစ်လောက်မှာ ယင်းအပိုင်းကို Upper Burma Land & Revenue Manual: Directions ကနေ ပယ်ဖျက်ပြီး မပါတော့တာ တွေ့ရ ပါတယ်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး သတ်မှတ်လိုက်သည့် မြေယာပိုင်ဆိုင်မှု စနစ်
အင်္ဂလိပ်တို့ မြန်မာပြည်ကို သိမ်းပိုက် ပြီးချိန်မှာ မြန်မာ့မြေယာပိုင်ဆိုင်မှု စနစ်က အောက်ပါအတိုင်း ပြောင်း
လဲသွားပါတယ်-
အထက်မြန်မာနိုင်ငံ
(က) ဘိုးဘပိုင်မြေ၊
(ခ) အရာတော်မြေ။
အောက်မြန်မာနိုင်ငံ
(က) လက်ဝယ်ထားရှိပိုင်ခွင့် ရှိသောမြေ၊
(ခ) အစိုးရမြေ။
အင်္ဂလိပ်ဟာ မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲခဲ့ ပါတယ်။ ၁၈၂၄ - ၁၈၂၆ ပထမ စစ်ပွဲအပြီး ရခိုင်နဲ့ တနင်္သာရီ၊ ၁၈၅၂ ဒုတိယစစ်ပွဲအပြီး ပဲခူး၊ မုတ္တမ နယ်တွေကို သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီ ကိုလိုနီနယ်တွေကို စုစည်းပြီး ၁၈၆၂ ခုနှစ်မှာ ဗြိတိသျှ မြန်မာပြည်လို့ ခေါ်တွင်တဲ့ အိန္ဒိယဘုရင်ခံချုပ် လက်အောက်က အောက်မြန်မာပြည်ကို ဖွဲ့စည်းပါတယ်။ ၁၈၇၆ ခုနှစ်မှာ အောက်မြန်မာပြည်မှာ ရှိတဲ့ စိုက်ပျိုး လုပ်ကိုင်တဲ့ မြေတွေ၊ မြို့ရွာမြေတွေ၊ မြေလွတ်မြေရိုင်း တွေကို စနစ်တကျ ကြီးကြပ်အုပ်ချုပ် စီမံနိုင်ဖို့၊ မြေခွန်နဲ့ အခွန်အရပ်ရပ် ကောက်ခံ စည်းကြပ် နိုင်ဖို့အတွက် အောက်မြန်မာပြည် မြေနဲ့ အခွန်တော် ဥပဒေကို ပြဋ္ဌာန်းပါတယ်။ အင်္ဂလိပ်က သိမ်းယူ ရရှိတဲ့ အောက်မြန် မာပြည်က မြေတွေ အားလုံးကို ဗြိတိသျှ အစိုးရပိုင် (ဧကရီ ဘုရင်မကြီးပိုင်) ဖြစ်ကြောင်း ကြေညာ သတ်မှတ်ပါတယ်။ လယ်ယာမြေ အပါအဝင် မြေအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဟာ အစိုးရ ဆိုတဲ့သဘော သက်ဝင်စေပါတယ်။ မြေပိုင်ဆိုင်ခွင့်ကို အဓိက နှစ်မျိုးနှစ်စားသာ ခွဲလိုက် ပါတယ်။
(၁) အစိုးရမြေနဲ့
(၂) လက်ဝယ်ထားပိုင်ခွင့်ရှိမြေ (Land Holder's Right) တို့ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြန်မာမင်း အုပ်ချုပ်နေတဲ့ အထက်မြန်မာပြည်မှာတော့ ရှေ့မှာ တင်ပြခဲ့သလို မြေပိုင်ဆိုင်ခွင့် အမျိုးအစား များပြားစွာ တည်ရှိ နေတာမို့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ရဲ့ မြေပိုင်ဆိုင်ခွင့် စနစ်တွေ ကွဲပြားနေပါတယ်။ ၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အထက်မြန်မာနိုင်ငံကိုပါ သိမ်းယူ လိုက်တဲ့အခါမှာတော့ မြန်မာဘုရင်တွေ ကျင့်သုံးနေတဲ့ မြေပိုင်ဆိုင်ခွင့် မြေယာလုပ်ပိုင်ခွင့်ပြုတဲ့ စနစ်ကို ဗြိတိသျှတို့ သိမြင်လာရ ပါတယ်။ မြေယာ အုပ်ချုပ်ခြင်း အတွက် အောက်မြန်မာပြည် မြေနှင့် အခွန်ဥပဒေကို အထက်မြန်မာ
ပြည်အတွက် ဆက်သုံးဖို့ မပြဋ္ဌာန်း တော့ဘဲ မြန်မာဘုရင်တွေရဲ့ မြေယာအုပ်ချုပ်မှုကို မှီးပြီး Upper Burma Land and Revenue Regulation (အထက်မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်း)ကို ၁၈၈၉ မှာ ပြဌာန်းပါတယ်။ အဲဒီဥပဒေအရ အထက်မြန်မာပြည်ကိုလည်း မြေနှစ်မျိုးသာ ခွဲလိုက်ပါတယ်။
၁။ အရာတော်မြေ (state land)နဲ့
၂။ ဘိုးဘပိုင်မြေလို့ ခွဲခြားပါတယ်။ ဘုရင့်မြေ၊ မင်းပေးမြေ၊ အမှုထမ်းမြေ၊ ယွန်းပေါင်ပါမြေ စသဖြင့် သိမ်မွေ့ ရှုပ်ထွေးလှတဲ့ မြေပိုင်ဆိုင်ခွင့်တွေ ရှိနေတဲ့ အထက်မြန်မာပြည်အဖို့ အရာတော်မြေနဲ့ အရာတော် မဟုတ်တဲ့ မြေတွေကို မြေပိုင်ဆိုင်ခွင့် ခွဲတဲ့အခါ လွယ်ကူဖို့ အတွက် အထက် မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းဥပဒေ ပုဒ်မ ၂၃ မှာ အရာတော်မြေဆိုတာ ဘယ်မြေတွေ ပါတယ် ဆိုပြီး ပြဋ္ဌာန်း လိုက်ပါတယ်။ ပုဒ်မ ၂၃။ အရာတော်မြေ ဆိုသည်မှာ အစိုးရ မင်းတို့ ပိုင်သည့်မြေ သို့မဟုတ် စီမံချထားနိုင်သည့် မြေကို ဆိုလိုသည့် အပြင် ၎င်းတွင် အောက်ပါ မြေများ ပါဝင်သည်
(က) ဘုရင်ပိုင်မြေ (Royal Land) များ၊
(ခ) မင်းမှုထမ်းတို့အား ရာထူးအရ ဖြစ်စေ၊ လစာရိက္ခာအတွက် ဖြစ်စေ၊
သူကောင်းပြု ချီးမြှင့်ထားသည့် မြေများ၊
(ဂ) မြစ်၊ ချောင်းမြောင်းအတွင်းရှိ ကျွန်းများ၊ မြေနုကျွန်းများ၊ သောင်
မြေများ၊
(ဃ) မြေရိုင်းနှင့် ကြိုးဝိုင်းသစ်တော များ၊
(င) ခုတ်ထွင်စိုက်ပျိုးလုပ်ကိုင် လက်ရှိထားခဲ့သော်လည်း မြေကို စွန့်ခွာသွားသည့်အပြင် ယခု ဥပဒေပြဌာန်းပြီး နှစ်နှစ်အတွင်း ယင်းမြေ ပိုင်ဆိုင်ခွင့်အတွက် လျှောက်ထားခြင်း မပြုသည့် မြေများ။ အထက်ဖော်ပြပါ မြေအားလုံးဟာ အရာတော်မြေ (state land) လို့ ဖွင့်ဆိုတဲ့အတွက် ဘုရင် ပိုင်တဲ့ မြေတွေ၊ ဘုရင် ချပေးပိုင်ခွင့် ရှိတဲ့ မြေတွေ၊ ဘုရင်ပေးခဲ့တဲ့ မြေတွေ အားလုံး အရာတော်မြေထဲ ရောက်သွားပါတယ်။ အသည်တွေ၊ ဘုံမြေတွေလည်း အရာတော်မြေထဲ ရောက်သွားပါတယ်။ အထက် မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း ပုဒ်မ ၂၄ နဲ့ ၂၄ (က) အရမူလ မြေပိုင်ဆိုင်ခွင့် ရထားသူတွေဟာ အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း ဥပဒေ ပြဋ္ဌာန်းပြီး တစ်နှစ်အတွင်း မြန်မာဘုရင်တွေ လက်ထက်က ရရှိထားတဲ့ မြေပိုင်ဆိုင်ခွင့်အတိုင်း မိမိတို့ဆိုင်ရာ ဆိုင်ခွင့် ဆက်လက် ရရှိလိုကြောင်း၊ မြေခွန်လွတ် ဒါမှမဟုတ် လျှော့ပေါ့အခွန်နဲ့ လက်ရှိ ထားပိုင်ခွင့် ရလိုကြောင်း လုံလောက်တဲ့ အချက်အလက် အထောက်အထားတွေနဲ့ လျှောက်ထားစေပါတယ်။ လျှောက်ထားမှုကို အခွန်အရာရှိတွေက စိစစ်ပြီး လျှောက်ထားမြေကို ဘိုးဘပိုင်မြေအဖြစ် ဆက်လက် ပိုင်ဆိုင်ခွင့်ပေးခြင်း၊ အရာတော်မြေ အဖြစ်သတ်မှတ်ပြီး ဆက်လက် လုပ်ကိုင်နေထိုင်ခွင့် ပေးခြင်းတွေ ဆောင်ရွက်ပါတယ်။ အထက်မြန်မာ ပြည်မှာ မြေပိုင်ဆိုင်ခွင့် ခွဲခြား သတ်မှတ်ရာမှာ ဘုရင်လက်ထက်က သတ်မှတ်ပေးတဲ့ နည်းလမ်းတွေနဲ့ ရောယှက်ရှုပ်ထွေးနိုင်မှာ ဖြစ်လို့
အထက်မြန်မာပြည် မြေနှင့် အခွန်ဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေမှာ အောက်
မြန်မာပြည် မြေခွန်ဥပဒေလို လက်ရှိထားခြင်းတို့၊ လက်ရှိ ထားပိုင်ဆိုင်ခွင့် (Land Holder's Right)တို့ကို ရှင်းပြ မသတ်မှတ် တော့ဘဲ မြန်မာဘုရင် ခွဲခြားထား တာတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် အရာတော်မြေနဲ့ အရာတော် မဟုတ်တဲ့မြေ (ပုဂ္ဂလိကပိုင် + ဝတ္တကံမြေ) နှစ်မျိုးနှစ်စားကိုသာ အဓိက ခွဲခြား သတ်မှတ်လိုက်တာ တွေ့ရပါ
တယ်။ သို့အတွက် မြန်မာပြည် တစ်ပြည်လုံး မြေအတန်းအစား နှစ်ရပ်တည်းသာ သတ်မှတ် ထားလိုက်တဲ့သဘော ဖြစ်သွားပါတယ်။
အထက်မြန်မာနိုင်ငံမှာ
(က) ဘိုးဘပိုင်မြေ
(ခ) အရာတော်မြေ
အောက်မြန်မာနိုင်ငံမှာ
(က) လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေ
(ခ) အစိုးရမြေ
အထက်မြန်မာပြည်က ဘိုးဘပိုင်မြေနဲ့ အောက်မြန်မာပြည်က လက်ဝယ် ထားရှိ ပိုင်ခွင့်ရှိသောမြေတို့ သဘောချင်း အတူတူ ဖြစ်ပါတယ်။ အပိုင်မြေ အမျိုးအစား ဖြစ်ပါတယ်။ အောက်ပါ အခွင့်အရေးတွေ တူညီစွာ ရရှိပါတယ်။
* မြေကို လက်ဝယ် လက်ရှိထား ပိုင်ဆိုင်ခွင့် ရှိခြင်း၊
* မြေပေါ် နေထိုင် အသုံးပြုခွင့်၊ စိုက်ပျိုးခွင့် ရှိခြင်း၊
* မြေကို ပေါင်နှံနိုင်ခြင်း၊
* မြေကို ရောင်းချနိုင်ခြင်း၊ လွှဲပြောင်း နိုင်ခြင်း၊
* မြေကို အမွေ ခွဲဝေပေးနိုင်ခြင်း၊
ကျန်တဲ့ အရာတော်မြေ၊ အစိုးရ မြေတွေကို လိုင်စင်၊ ဂရန်၊ ပတ္တာတွေနဲ့ မြေအသုံးပြုခွင့် လျှောက်ထားစေပြီး ချထားပေးပါတယ်။ အစိုးရမြေ အမျိုးအစား ဖြစ်ပါတယ်။
အစိုးရမြေနဲ့ အပိုင်မြေ ဘာကွာသလဲ ဆိုရင် အစိုးရမြေ အရာတော်မြေ လုပ်ကိုင်ခွင့် ရသူတွေဟာ လက်ဝယ် ထားခွင့်၊ စိုက်ပျိုး လုပ်ကိုင် အသုံးချခွင့်၊ အမွေဆက်ခံခွင့် ရှိပေမဲ့ စိုက်ပျိုး လုပ်ကိုင်မှု မလုပ်ကိုင်သူကို ဘယ်လို နည်းနဲ့မျှ လွှဲပြောင်းပေးပိုင်ခွင့် မရှိပါဘူး။ အဲဒီလို မြေပိုင်ဆိုင်ခွင့် ခွဲခြားသတ်မှတ် လိုက်တဲ့အခါ အထက်မြန်မာပြည်မှာ ပြဿနာ တော်တော်လေး ပေါ်ပေါက်ဟန် ရှိပါတယ်။ ပုဒ်မ ၂၃ ကနေ ပုဒ်မ ၂၈ အထိပါ အရာတော်မြေနဲ့ အရာတော် မဟုတ်တဲ့မြေ သတ်မှတ်ခြင်း နည်းလမ်း တွေနဲ့တင် မလုံလောက်တဲ့ အတွက် ၁၉၁၁ မှာ ထုတ်ပြန်တဲ့ အထက် မြန်မာပြည် မြေနှင့် အခွန်အမိန့် ဆင့်ဆိုချက်များမှာ အထက်မြန်မာပြည် မြေပိုင်ဆိုင်ခွင့် နည်းလမ်းများ (Upper Burma Land Tenures) ဆိုပြီး အခန်း (၁၃) အဖြစ် သီးခြားအခန်း ဖွင့်လှစ်ပြီး ဘိုးဘပိုင်မြေ၊ ဓားမဦးချမြေ၊ အမှုထမ်းမြေ၊ အရာတော်မြေမှာ သီးစား လုပ်ကိုင်သူ ပိုင်ဆိုင်ခွင့်၊ ချောင်းတိမ် ကျွန်းမြေမှာ လုပ်သူတွေ
ပိုင်ဆိုင်ခွင့်၊ ဝတ္တကံမြေ၊ ကျေးရွာပိုင်မြေ တွေရဲ့ ပိုင်ဆိုင်ခွင့် နည်းလမ်းတွေအတွက် ညွှန်ကြားချက် ပြဋ္ဌာန်းပါတယ်။ အရာတော်မြေထဲ ဘယ်အမျိုးအစားတွေ ထည့်ရန်၊ ဘယ်မြေတွေကို ဘိုးဘပိုင် အဖြစ် အခွင့်အရေး ရစေရန် ဆိုတာတွေ ပြဋ္ဌာန်းပြီး ရှင်းလင်း ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။
အောက်မြန်မာပြည်မှာ သတ်မှတ်တဲ့ မြေကို လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်
Land Holder's Right နဲ့ အထက် မြန်မာပြည်က ဘိုးဘပိုင် မြေတွေ အခွင့်အရေး အတူတူ ဆိုတာ ပြောခဲ့ပြီးပါပြီ။ အခု ဆက်လက်ပြီး ပိုင်ဆိုင်မှု အခွင့်ရ မြေတွေ၊ အပိုင် ဂရန်တွေ၊ ဘိုးဘပိုင်မြေတွေ ဘယ်လို ရခဲ့ကြသလဲ ဆွေးနွေးတင်ပြပါမယ်။
Free Hold Land အပိုင်မြေလို့ အလွယ်ခေါ်ကြပေမဲ့ အပိုင်မြေ သတ်မှတ်တဲ့ နည်းလမ်းတွေက မတူပါဘူး။ Free Hold Land တွေကို အောက်ပါနည်း လေးမျိုးနဲ့ ရရှိကြ ပါတယ်-
(က) မြေကို လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့် (Landholder's right) ဖြင့် မြေရှင်အခွင့်အရေးရမြေ၊
(ခ) ဘိုးဘပိုင်မြေ၊
(ဂ) အစိုးရမြေကို အပိုင်ဂရန် လျှောက်ထား၍ ပိုင်ဆိုင်သောမြေ၊
(ဃ) အစိုးရမှ ရောင်းချသောမြေကို ဝယ်ယူပိုင်ဆိုင်သောမြေ။
(က) မြေကို လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့် (landholder's right)
အောက်မြန်မာပြည် မြို့နှင့် ကျေးရွာများ အက်ဥပဒေ ပုဒ်မ ၄ (၁၀) မှာ "Landholder's right" means a permanent heritable and transferable right of use and occupancy in land in the landholder's possession, subject only -
(a) To the payment of all such revenue, taxes, cesses, rates
and other imposition as may from time to time be imposed
on such land under any law for the time being in forced
(b) To the reservation in favour of Government of all mines
and mineral products and of all buried treasure, with all
the powers conferred by Chapter VIA:
မြေကို လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့် (မြေရှင်ဆိုင်ရာဆိုင်ခွင့်) ဆိုတာ အမွေ
ဆက်ခံခွင့်၊ လွှဲပြောင်းပေးအပ် နိုင်ခွင့်တွေ အစဉ်ထာဝရ တည်ရှိပြီး မြေရှင်အဖြစ်လက်ဝယ် ပိုင်ဆိုင်ခွင့်၊ နေထိုင် သုံးစွဲခွင့်၊ လုပ်ကိုင်ခွင့် ရှိတဲ့ အခွင့်အရေးလို့ဆိုပါတယ်။ ဒါပေမဲ့ section 4 (10) (a) and 4 (10) (b) တွေအရသာ မြေရှင် အခွင့်
အရေး ပိုင်ဆိုင်ခွင့် ရစေမယ်လို့ ထိန်းချုပ်ထားပါတယ်။
၄ (၁၀) (က)။ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ယင်းမြေပေါ်တွင် အခါ အားလျော်စွာ စည်းကြပ်သည့် အခွန်အခ၊ ခွဲကြေး ခိုင်းကြေးများ၊ အခြား ကောက်ခံ စည်းကြပ်ငွေများ၊ နှုန်းထားများကို ထမ်းဆောင်ခြင်း။
၄ (၁၀) (ခ)။ မြေပေါ်မြေအောက် သတ္တု၊ တွင်းထွက်၊ ကျောက်မျက် ရတနာများကို အစိုးရဘဏ္ဍာအဖြစ် ခြွင်းချန် အပ်နှံရမည် ဖြစ်ခြင်း။
(မှတ်ချက်- အဲဒီအချက်တွေကို သတိပြုမှတ်သားထားပါ။ နောက်လာမယ့် အပိုဒ်တွေ ရှင်းပြတဲ့အခါ သဘောပေါက် လာပါလိမ့်မယ်။) မြေရှင်ဆိုင်ရာ ဆိုင်ခွင့်အတွက် ပိုင်ဆိုင်ခွင့် ရလိုသူက ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ ၁၂ အရ လျှောက်ထားရမှာ ဖြစ်ပြီး အောက်ဖော်ပြပါ ပြဋ္ဌာန်းထားချက်တွေနဲ့ ညီညွတ်ရင် မြေပိုင် အခွင့်အရေးတွေ ရရှိမှာ ဖြစ်ပါတယ်။ မြေရှင်အခွင့်အရေး အတွက် ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ၁၈၇၆ ခုနှစ် အောက်မြန်မာပြည် မြေနှင့် အခွန်ဥပဒေ ပုဒ်မ ၇ ဖော်ပြချက်က အောက်ပါအတိုင်းဖြစ်ပါတယ်။ LBLR Section 7. Except as provided in section 22, any having been in possession of any culturable land for twelve years continuously, and having during
that period regularly paid the revenue due thereon, or held the same under an express
exemption from revenue, shall be deemed to have, upon the expriation of that period, acquired the status of a landholder in respect of such land: ပုဒ်မ ၂၂ တွင် ပြဋ္ဌာန်းထားသည့် အတိုင်းမှတစ်ပါး မည်သူမဆို စိုက်ပျိုးလုပ် ကိုင်သည့် မြေတစ်စုံ တစ်ရာကို ၁၂ နှစ်တိုင်တိုင် အဆက်မပြတ် လက်ရှိပိုင်ဆိုင်၍
၎င်းကာလအတွင်းလည်း ယင်းမြေကွက် အတွက် ထမ်းဆောင်သင့် အခွန်များ
မှန်ကန်စွာ ထမ်းဆောင်သူ သို့မဟုတ် အတိအလင်း ဖော်ပြထားသော မြေခွန်
တော် လွတ်ငြိမ်းချမ်းသာခွင့် ရသူသည် ၁၂ နှစ် ကုန်ဆုံးသောအခါ ယင်းမြေနှင့်
စပ်လျဉ်း၍ မြေရှင်အခြေအနေ ရရှိကြောင်း မှတ်ယူရမည်။
မြေရှင်ဆိုင်ရာ ပိုင်ခွင့်အတွက် Lower Burma Town and Village Lands
Act (အောက်မြန်မာပြည် မြို့နှင့် ကျေးရွာ မြေများ ဥပဒေ) ပါ ပြဋ္ဌာန်း ချက်တွေကို ဆက်လက်တင်ပြပါမယ်။ မြေပိုင်ဆိုင်ခွင့် (Right of land)
ပုဒ်မ ၇။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့် အရေးများမှအပ အခြား
မည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ၊
(က) အစိုးရမှ ချထားသည့် အပိုင် ဂရန်အရ ရရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ် ဥပဒေ (Limitation Act) အရ ပိုင်ဆိုင်သော အခွင့်အရေး၊
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁ဝ တို့တွင် သတ်မှတ် ဖော်ပြထားသော ပိုင်ဆိုင်ခွင့်
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) တို့ပါ အခွင့် အရေးကို မူလ ပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူ ခံစားခွင့်။
ပုဒ်မ ၈။ စာရင်းဝင် မြို့များ (Scheduled Town) နှင့် အစိုးရမှ အမိန့် ထုတ်ပြန် ကင်းလွတ်ခွင့်ပေး ထားသော မြေများမှအပ အောက်ပါ
အချက်များနှင့် ညီညွတ်သူ မည်သူမဆို Landholder's right (မြေရှင်ဆိုင်ရာ အခွင့်အရေး)ကို ရရှိစေရမည်။
(၁) မြို့နှင့် ကျေးရွာမြေများ ပြဋ္ဌာန်း အတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့အထိ မြေကို တစ်ဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(၂) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နာက်ပိုင်း လက်ရှိ ဖြစ်နေသော ကာလ နှစ်ရပ်ပေါင်း ၁၂ နှစ်ကာလ ပြည့်အောင် မြေကို လက်ရှိထား ပိုင်ဆိုင်လာသောသူ၊
(၃) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ် ကာလတိုင် တစ်ဆက်တည်း မြေကိုပိုင်ဆိုင် လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့် သက်ဆိုင်သည့် အရပ်ရပ် မြေခွန်တော်များ၊ အစိုးရသို့
ပေးသွင်းရမည့် အခွန်အခများ (public demands) ကိုထမ်းဆောင်လာသူ။
ပုဒ်မ ၉။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်
(၁) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခု အက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိဖြစ်နေပါက၊
(၂) ပုသိမ်မြို့တွင် ၁၈၇၆ ဇန်နဝါရီလ ၁ ရက်မှစ၍ ယခု အက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(၃) ပြည်မြို့တွင် ၁၈၇၀ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခု အက်ဥပဒေ အတည် ဖြစ်သည့် ၁၈၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေ
ရမည်။
အထက်ပါ ပြဌာန်းချက်တွေအရ သတ်မှတ်အရည်အချင်း ကိုက်ညီသူတွေ အတွက် Landholder's Right ကို အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ ဥပဒေ ပုဒ်မ ၁၃ အရ မြေရှင်ဆိုင်ရာဆိုင်ခွင့် ရရှိသူ ဖြစ်ကြောင်း ပြဌာန်း ကြေညာ (Register) လုပ်ပေးပြီး မြေရှင် ဆိုင်ရာ အခွင့်အရေးရသူ ဖြစ်ကြောင်း
သက်သေခံလက်မှတ် ထုတ်ပေးခဲ့ ပါတယ်။ Land Holder's Right ထုတ်ပေးမှုကို စစ်မဖြစ်မီ ကာလ ၁၉၃၅ ခုနှစ်ခန့်အထိ အောက်မြန်မာ နိုင်ငံမှာ ထုတ်ပေးခဲ့ကြောင်း သိရပါတယ်။
(ခ) ဘိုးဘပိုင်မြေ
အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ ထုတ်ပြန်တဲ့အခါ ပုဒ်မ ၂၃ အရ အရာတော်မြေနဲ့ အရာတော် မဟုတ်တဲ့ မြေတွေ ခွဲခြား သတ်မှတ် ပါတယ်။ မြေပိုင်ဆိုင်ခွင့် ရလိုသူတွေ၊ ဘုရင်ခေတ်က ပိုင်ဆိုင်မှုအတိုင်း သတ်မှတ် ပေးစေလိုသူတွေ ကိုလည်း UBLR ဥပဒေ ထုတ်ပြန်ပြီး ၁၂ လအတွင်း မိမိတို့ပိုင်ဆိုင်ခွင့် အခွင့်အရေးတွေကို ပုဒ်မ ၂၄ အရ လျှောက်ထားစေ ပါတယ်။ နှစ်နှစ်အထိ မလျှောက် ထားတဲ့ မြေကို အရာတော်အဖြစ် သတ်မှတ်ပါတယ်။ မိမိမြေကို အရာတော်မြေအဖြစ် သတ်မှတ်ခံရတာ မကျေနပ်ရင် အယူခံတင်ခွင့် ပေးခဲ့ပါတယ်။ အခွန်အရာရှိ တွေက Direction အခန်း (၁၃) ပါ ပြဌာန်း ချက်တွေကို မီငြမ်းပြုပြီး မြေပိုင်ဆိုင် ခွင့်တွေ သတ်မှတ်ပေးတဲ့အခါ ဘယ်သူမျှ အတည်တကျ လုပ်ကိုင်သေးခြင်း မရှိတဲ့မြေကို ကိုယ်တိုင် ခုတ်ထွင် လုပ်ကိုင်လာတဲ့ ၁၀ နှစ်တိုင် အဆက်မပြတ် လက်ရှိ ထားလာတဲ့ ဓားမဦးချ လုပ်ကိုင် သူတွေ၊ ဘိုးစဉ်ဘောင်ဆက် ကတည်းက လက်ရှိ လုပ်လာတဲ့အပြင် သားမြေးတွေက လက်ရှိ ဆက်လက် လုပ်ကိုင်နေတဲ့ မြေတွေကို မြေပိုင်ဆိုင်ခွင့် ပေးပါတယ်။ ဘိုးဘပိုင်မြေ အဖြစ် အသိအမှတ်ပြု ပါတယ်။ (Dir 286)
(ဂ) အပိုင်ဂရန်မြေ
မြေလွတ်မြေရိုင်းကနေ ဖြစ်စေ၊ အစိုးရက စီမံခန့်ခွဲခွင့် ရှိတဲ့မြေ (အရာတော်မြေ) အတွင်းကနေ ဖြစ်စေ အများပြည်သူ အကျိုးဖြစ်စေမည့် လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ သာသနာမြေအတွက် အပိုင်ဂရန်တွေ (Instrument of Grant for Religious / Public Purposes) ချထားပေး ပါတယ်။ သာသနာရေးနဲ့ တိုင်းကျိုး ပြည်ကျိုးအတွက် ချပေးတဲ့ မြေအပိုင် ပတ္တာစာချုပ်လို့ ခေါ်ပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော် နည်းဥပဒေ အခန်း (၆)၊ နည်းဥပဒေ ၃၂ ကနေ ၃၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အခန်း (၇) ပါ ပြဌာန်းချက်တွေအရ အပိုင်ဂရန်တွေကို ချထားပေး
ပါတယ်။ နည်းဥပဒေတွေမှာ အပိုင်ဂရန် လျှောက်ထားမှုနဲ့ လျှောက်ထားနိုင်မယ့် နည်းလမ်းတွေ ဖော်ပြထားပါတယ်။ အပိုင်ဂရန်တွေကို Land Revenue / L.B Grant l ပုံစံနဲ့ ပေးလေ့ရှိပါတယ်။ အများပြည်သူ အကျိုး ဆိုတဲ့ အဓိပ္ပာယ်မှာ အတည်ပြုချက် လိုအပ်ကြောင်း တွေ့ရပါတယ်။ အများအားဖြင့် အောက်မြန်မာပြည် မြေနှင့်အခွန်ဥပဒေ နည်းဥပဒေ ၃၅ အရ သာသနာရေးနဲ့ တိုင်းကျိုးပြည်ကျိုး ကိစ္စတွေအတွက် အခွန် မစည်းကြပ်တဲ့ အစိုးရ မြေရိုင်းတွေကိုသာ အပိုင်ဂရန် ချထားပေးလေ့ ရှိပါတယ်။ အထက်
မြန်မာပြည် မြေနှင့် အခွန်ဥပဒေ နည်းဥပဒေ ၅၂ နှင့် ၅၄ (က) အရ ကောလိပ်တော် အရာရှိက မြေတန်ဖိုး ၁၀၀ အထိကို ဖြစ်စေ၊ ၁၀၀ ထက် ပိုပြီး ၂၀၀ အထိကို တိုင်းမင်းကြီး၊ ၂၀၀ အထက် ၅ဝဝိ အထိကို ဘဏ္ဍာတော် မင်းကြီး တို့က မြေခွန်လွတ် အပိုင်ဂရန် ချထားပေး နိုင်ကြောင်း ပြဌာန်းထား ပါတယ်။ အောက်မြန်မာပြည် မြေနှင့်အခွန် နည်းဥပဒေ (၉) မှာ
'Land granted or leased shall be subjected to the payment of all
such revenues, taxes and rates as may from time to time be im
pose under any law or Rules for the time being in force!
လို့ ဖော်ပြထားချက်အရ အပိုင်ဂရန် အဖြစ် ဖြစ်စေ၊ အငှားဂရန်အဖြစ် ဖြစ်စေချထားတဲ့ ဂရန်တွေဟာ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အခါအားလျော်စွာ စည်းကြပ်ကောက် ခံတဲ့ အခွန်အခတွေကို ထမ်းဆောင်ဖို့ ထိုက်သင့်စေရမှာ ဖြစ်ပါတယ်။
(ဃ) အစိုးရမှ ရောင်းချသောမြေကို ဝယ်ယူပိုင်ဆိုင်လာသောမြေများ
ဒီမြေအမျိုးအစားအတွက် အနည်းငယ် ဇာတ်ခင်းပြီး ပြောမှသာ သဘော ပေါက်မှာမို့ ရာဇဝင်ကိုပါ တူးဆွ ဖော်ပြရမှာ ဖြစ်ပါတယ်။
၁၈၅၂ ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး အောက်မြန်မာပြည်ကို သိမ်းပိုက်ခံရတာမှာ ရန်ကုန်မြို့လည်း ပါဝင်သွားပါတယ်။ ၁၈၅၃ မှာ ရန်ကုန်မြို့တွင်းရှိ မြေအားလုံးနဲ့ ဆင်ခြေဖုံးဒေသရှိ မြေတွေကို အစိုးရပိုင်မြေ (ဧကရီ ဘုရင်မကြီး
ပိုင်မြေ) အဖြစ် ကြေညာခဲ့ပါတယ်။ ဒေါက်တာ ဝီလျံ မောင်ဂိုမာရီရဲ့ အဆိုပြုချက်အပေါ် ကပ္ပတိန်ဂေါ်ဒွင်နဲ့ လက်ဖတင်နင် ဖရေဇာတို့က မြို့အကွက်ချပုံစံ ရေးဆွဲပြီး ရန်ကုန်မြို့ကို ပြန်လည်တည်ဆောက် ပါတယ်။ မြို့တည်ရာမှာ ကုန်ကျ
မယ့် စရိတ်စကအတွက် မြေကွက်တွေ အကွက်ရိုက် ရောင်းပါတယ်။ ၁၈၇၂
မှာ ရန်ကုန်မြို့မြေကွက်တွေ ရောင်းချခြင်း ပြီးဆုံးခဲ့ပါတယ်။
မြေဝယ်သူတွေကို မြေပိုင်အခွင့်အရေး ပေးပါတယ်။ မြေမဝယ်နိုင်သူများ
အတွက် အခနဲ့ ငှားရမ်းတဲ့ မြေငှား စာချုပ်တွေ ထုတ်ပေးပါတယ်။ မြေငှားစာချုပ်နဲ့ မနေနိုင်သူတွေ အတွက် စနစ်တကျကျူး squatter အဖြစ် သတ်မှတ်ပြီး မြေငှားခ စည်းကြပ်ခဲ့ ပါတယ်။ ရန်ကုန်မြို့မှာ မြေရောင်းပြီး မြေပိုင်အခွင့်အရေး ပေးခဲ့ရတဲ့ မြေကွက်ရော နောက်ပိုင်း အစိုးရမြေကို အပိုင်ဂရန် ပေးခဲ့တဲ့ မြေကွက်ပါ ၂၃၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီလို ရန်ကုန်မြို့မြေကို အကွက်ရိုက် ရောင်းချတယ် ဆိုတဲ့အတွက် ရောင်းပိုင်ခွင့် ရှိ မရှိ သိလိုသူတွေကို ထပ်ရှင်းပြချင် ပါတယ်။ အစိုးရမြေတွေကို ဘယ်လို ညွှန်ကြားချက်တွေနဲ့ ဘယ်လို စီမံ အုပ်ချုပ်တယ် ဆိုတာ သိစေချင်တဲ့ အတွက် ဖြစ်ပါတယ်။ Lower Burma Town and Village Lands Manual မှာ နောက်ဆက်တွဲ (၁) Appendix I အဖြစ် ပူးတွဲထားတဲ့ အခွန်တော်၊ စိုက်ပျိုးရေးနှင့် ဘဏ္ဍာရေးဌာနရဲ့ ၁၈၇၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့စွဲပါ စီရင် ဆုံးဖြတ်ချက် အမှတ် No.1-141-51 နဲ့ ၁၉၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့စွဲပါ စီရင်ဆုံးဖြတ်ချက် No. 1-127-51 တွေအရ ထုတ်ပြန် ခဲ့တဲ့ Powers of Government to sell or grant Government Land otherwise than under the Rules မှာ အောက်ပါအတိုင်း ဖော်ပြထား ပါတယ်။
Appendix I.
Para 3. Land to be disposed of will necessarily divided themselves public purpose;
(1) Those which are the property of the State;
(2) Those which, under competent authority, have been constituted the property of a municipality or other local body.
Para 4. Lands of the first class may be disposed of in various ways;
(i) By sale at full market value;
(ii) By sale on favourable terms to a public body or associtation or to an individual for a public purpose; vices to be performed;
(a) public body or association or to an individual, for a
Appendix I.
(b) Private individuals in remuneration for public ser
vices to be performed;
(c) Private individuals for their private benefit with out reference to future services.
နောက်ဆက်တွဲ- ၁
အပိုဒ်(၃)။ မြေများကို စီမံချထားရန် အတွက် နှစ်မျိုးနှစ်စား ခွဲခြား ထားရှိ စေရမည်။
(၁) အစိုးရမြေများ၊
(၂) အခွင့် အာဏာပိုင် အရာရှိ အမိန့်အရ မြူနီစီပယ်ပိုင် သို့မဟုတ် ဒေသန္တရပိုင်အဖြစ် တည်ထောင် ပြုလုပ်ထားသည့် မြေများ။
အပိုဒ်(၄)။ ပထမ အမျိုးအစား အစိုးရမြေများကို အောက်ပါ နည်းလမ်းများဖြင့် ချထားနိုင်သည်။
(၁) ပေါက်ဈေးနှုန်းပြည့်ဖြင့် ရောင်းချခြင်း၊
(၂) အများပြည်သူအကျိုးအတွက် အများပြည်သူတို့ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့ တစ်စုံတစ်ရာသို့ဖြစ်စေ၊ ပုဂ္ဂလိက တစ်ဦးချင်းသို့ ဖြစ်စေ သင့်လျော်ရာ အဖိုးနှင့် ရောင်းချခြင်း။
(၃) အောက်ပါသူတို့ကို ပေးကမ်းခြင်း သို့မဟုတ် အပိုင်ပတ္တာ ပေးအပ် ချထားခြင်း၊
(ကက) တိုင်းကျိုးပြည်ကျိုးအလို့ငှာ အများပြည်သူတို့ ဖွဲ့စည်းသည့် အသင်း တစ်စုံတစ်ရာ သို့မဟုတ် ပုဂ္ဂလိက တစ်ဦးတယောက်၊
(ခခ) အစိုးရ အမှုထမ်း မဟုတ်သူ များအား အစိုးရတာဝန် ထမ်းပေးရန် အတွက် ဆုအဖြစ် ချီးမြှင့် ပေးကမ်းခြင်း၊
(ဂဂ) အစိုးရအမှုထမ်း မဟုတ်သူ များအား ရှေ့အဖို့တွင် အစိုးရအမှု ထမ်းပေးရန် မရည်ရွယ်ဘဲ ၎င်းတို့
အကျိုးစီးပွားအလို့ငှာ ပေးကမ်း ချထားခြင်း။ ဒါကြောင့်မို့ ရန်ကုန်မြို့က မြေတွေကို အစိုးရပိုင်မြေ ဖြစ်ကြောင်း ၁၈၅၂ မှာ ကြေညာပြီးနောက်ပိုင်း ၁၈၅၃ ကနေ ၁၈၇၂ အထိ မြေတွေ အကွက်ရိုက် ရောင်းခြင်း၊ အငှားချ ထားခြင်းတွေ ဆောင်ရွက်နိုင်ခဲ့တာဟာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ လက်စွဲဥပဒေ နောက်ဆက်တွဲ (၁) အရ ဆိုရင် ဥပဒေအရ ဆောင်ရွက် နိုင်တဲ့လုပ်ငန်း ဖြစ်ပါတယ်။
အပိုင်မြေ များတွင် မြေခွန် စည်းကြပ်ခြင်း
အပိုင်အခွင့်အရေး ရတယ် ဆိုတဲ့ မြေတွေကို မြေခွန် စည်းကြပ်မှု အတွက် စိစစ်တွေ့ရှိချက်ကို ဆက်လက် တင်ပြပါမယ်။ မြေခွန်ဆိုတဲ့ စကားရပ်မှာ
Land Revenue, Land Tax, Town Land Rent တို့အပါအဝင် ဖြစ်ပါတယ်။ Landholder's right ရတဲ့မြေတွေက အောက်မြန်မာပြည်မှာ ဖြစ်ပါတယ်။ LHR ပေးတဲ့ သက်သေခံ လက်မှတ်မှာ မြေခွန်ကင်းလွတ်ခွင့် ပေးတယ်လို့ တိတိလင်းလင်း ဖော်ပြထားတာ မတွေ့ရပါဘူး။ L.H.R အတွက် အဓိပ္ပာယ် ဖွင့်ဆိုရှင်းလင်းတဲ့
Lower Burma Town and Village Lands Act ရဲ့ ပုဒ်မ ၄ (၁၀) (က) ထဲမှာ
'Landholder's right' means a permanent heritable and transferable right of use and occupancy in land in the landholder's possession,
subject only
(a) To the payment of all such revenue, taxes, cesses, rates
and other imposition as may from time be imposed on such
land under any law for the time being in forced;
“မြေရှင်ဆိုင်ရာ အခွင့်အရေး ရရှိစေရန် အောက်ပါတို့အရသာ အထောက်
အထားပြုရမည်
(က) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ယင်းမြေပေါ်တွင် အခါအား လျော်စွာ စည်းကြပ်သည့် အခွန်အခ၊ ခွဲကြေး၊ ခိုင်ကြေးများ၊ အခြားကောက်ခံသည့် ကြေးငွေအရပ်ရပ်ကို ထမ်းဆောင်ရန်”
လို့ ဖော်ပြထားချက်အရ လည်းကောင်း၊
Lower Burma Land and Revenue Act ပုဒ်မ ၇ မှာ ဖော်ပြ ပြဋ္ဌာန်းချက်မှ "ပုဒ်မ ၂၂ တွင် ပြဌာန်း ထားသည်မှ တစ်ပါး မည်သူမဆို စိုက်ပျိုးလုပ်ကိုင် နိုင်သည့် မြေတစ်စုံ တစ်ရာကို ၁၂ နှစ်တိုင်တိုင် အဆက်မပြတ် လက်ရှိဖြစ်၍ ၎င်းကာလအတွင်း ယင်းမြေအတွက် ထမ်းဆောင်ရမည့် အခွန်တော်ကို မှန်ကန်စွာ ပေးဆောင်သူ သို့မဟုတ် အတိအလင်း အခွန်တော် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် မြေကို လက်ရှိပိုင်ဆိုင် သူတို့မှာ ၎င်း ၁၂ နှစ် စေ့ကုန်သည့်အခါ ယင်းမြေနှင့် စပ်လျဉ်းသော မြေရှင် အခြေအနေကို ရရှိကြောင်းမှတ်ယူ ရမည်” ဆိုတဲ့ ပြဋ္ဌာန်းချက်အရ လည်းကောင်း၊ အောက်မြန်မာပြည် မြေနှင့် အခွန်တော် ဥပဒေ ပုဒ်မ ၈ တွင် ပြဋ္ဌာန်း ထားသော ပုဒ်မ ၈။ မြေရှင်သည် အောက်ပါအချက်များ ကိုသာ အမှီသဟဲပြု၍ မိမိပိုင်ဆိုင်ခွင့် ရရှိထားမြေကို အမြဲ နေထိုင်သုံးစွဲခြင်း၊ သူတစ်ပါးသို့ အမွေအဖြစ် ပေးကမ်း နိုင်ခြင်း၊ လွှဲပြောင်းခြင်း အခွင့်များ ရရှိစေရမည်
(က) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ၎င်းမြေကို အကြောင်းပြု၍
အခါအားလျော်စွာ စည်းကြပ် ကောက်ခံသည့် အခွန်အခါများ၊ ခွဲခန့်ကြေးများ ထမ်းဆောင်ရခြင်း ဆိုတဲ့ ပြဋ္ဌာန်းချက်အရ လည်းကောင်း landlholder's right အခွင့်ရသူတွေ ဟာ မြေကို ၁၂ နှစ်တိုင် တစ်ဆက်တည်း လက်ရှိထား ပိုင်ဆိုင်လုပ်ကိုင်လာရုံမက
အခါအားလျော်စွာ သတ်မှတ်တဲ့ မြေခွန်တော်ကိုလည်း မှန်ကန် ပြေကျေစွာ ပေးဆောင်နေမှ L.H.R အခွင့်အရေး ရတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။
ဘိုးဘပိုင်မြေ
ဘိုးဘပိုင်မြေတွေကို အထက်မြန်မာ ပြည်မှာ တွေ့ရပါတယ်။ မြန်မာ ဘုရင်ခေတ်က မြေပိုင်ဆိုင်ခွင့် တွေမှာ ဘုရင်နှင့် မိဖုရားပိုင်မြေ (အရာတော်မြေ) နဲ့ ကျန်မြေတွေကို အရာတော် မဟုတ်တဲ့ မြေလို့ ခွဲခြားကြည့်တဲ့အခါ ဘိုးဘပိုင်မြေဟာ အရာတော် မဟုတ်တဲ့မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေတွေ အခွန်လွတ်သလား ဆိုရင် “ဘိုးဘပိုင်မြေမျိုးကို လုပ်ကိုင်သော သူတို့သည် မိမိ စိုက်ပျိုး လုပ်ကိုင်၍ ရရှိသော သီးနှံများမှ ဝေပုံကျ သီးနှံများကို အခွန်တော် အဖြစ် ဘုရင်အားဆက်သရသည်" ("မြန်မာ့လယ်ယာပြသမိုင်း၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဌာနချုပ်) ၊
လို့ ဖော်ပြထားတာ တွေ့ရသလို
အရာတော်မြေ မဟုတ်သည့် လက်ရှိထား လုပ်ကိုင်စားသောက် နေကြသော မြေမှ စားခွန် အမြတ် အတွက် ငွေတွင် ၁၀ ဖို့ ၁ ဖို့ ကောက်ခံ ရသည် (မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း ဦးမောင်မောင်တင်) လို့ ဆိုတဲ့အတွက် ဘိုးဘပိုင်မြေတွေကို မြန်မာဘုရင် လက်ထက် ကတည်းကပဲ မြေခွန် ကောက်ခံတယ်လို့ မှတ်ယူနိုင်ပါတယ်။ ဘိုးဘပိုင်မြေနဲ့ ဆက်နွယ်တဲ့ နေမြေ၊ စားမြေ၊ သူရဲသူမိုးမြေ၊ အသည်မြေ လေးမျိုးကို ကြည့်တဲ့အခါမှာလည်း မြေခွန် လွတ်တာ မတွေ့ရပါဘူး။ နိုင်ငံခြားသား သုံ့ပန်းတွေ၊ နိုင်ငံသား တိုင်းရင်းသားတွေကို ချထားပေးတဲ့ နေမြေ စားမြေ နှစ်မျိုးအတွက် မြေခွန်ကို မိမိတို့ အကြီးအကဲ ကနေတစ်ဆင့် ပေးဆောင်ရကြောင်း၊ သူရဲသူမိုးမြေ လုပ်ကိုင်စားသောက်ခွင့် ရသူတွေကလည်း သီးနှံအထွက်ရဲ့ ၁၀ ဖို့ တစ်ဖို့ကို မြေခွန်တော် အဖြစ် ဘုရင့်ကျီတော်ကို ပေးသွင်းရကြောင်း၊ အသည်မြေ မှာလည်း သီးနှံအတွက် ဒါမှမဟုတ် မြေခွန်တော် တိုင်ကြေးကို ဆိုင်ရာ မြို့သူကြီး၊ ရွာသူကြီး၊ မြေတိုင်ကြီး တို့ကနေတစ်ဆင့် ပေးဆောင်ရကြောင်း တွေ့ပါတယ်။ မြန်မာဘုရင်ခေတ်က ဘိုးဘပိုင်မြေမှာ အခွန်ပေးဆောင် ရတယ်လို့ ဆိုနိုင်ပါတယ်။ ဗြိတိသျှ အုပ်စိုးတဲ့ ကာလမှာလည်း ဘိုးဘပိုင်မြေတွေ အခွန်လွတ်ဟန် မရှိပါဘူး။ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်း ပုဒ်မ ၂၇ မှာ ဒီလို
ဖော်ပြထားပါတယ်။
27.(1) All lands, to whatever purpose they may be applied and wherever they may be situate, shall, subject to the other provisions of this section, be liable to the payment of land
revenue to the Government.
ပုဒ်မ ၂၇ (၁) အထက်မြန်မာနိုင်ငံရှိ မြေအရပ်ရပ်အား မည်သည့်နည်း
အသုံးချသည် ဖြစ်စေ၊ မည်သည့် အရပ်ဒေသတွင် တည်ရှိသည် ဖြစ်စေ ယခု ပုဒ်မပါ အခြား ပြဋ္ဌာန်းချက် များကို အထောက်အထားပြု၍ အစိုးရသို့ မြေခွန် ထမ်းဆောင်စေရမည်။ Upper Burma Land and Revenue Regulation Dir 15 အမိန့်ဆင့်ဆိုချက် (၁၅) မှာ ဖော်ပြ ထားတာကတော့ “မြေလွတ်မြေရိုင်း များကို ဝင်ရောက် တီထွင်စိုက်ပျိုး သူသည် ၎င်းမြေယာကို တစ်ဆယ့် နှစ်နှစ်တိုင်တိုင် လက်ရှိ လုပ်ကိုင်၍ အခွန်ကို ထမ်းဆောင်လျှင်
၎င်းလုပ်ကိုင်သူမှ အမြဲ ဆက်ခံ လွှဲပြောင်းနိုင်သည့် မြေရှင်ဆိုင်ရာ ဆိုင်ခွင့်ကို ရပိုင်ခွင့် ရှိသည်လို့ ဆိုထားတာ တွေ့ရတဲ့အတွက် အောက်မြန်မာပြည်က LHR သဘောမျိုး ဖြစ်ပါတယ်။ ဒီတော့ အစိုးရက မြေချထားစဉ်ကတည်းက မြေခွန် ကင်းလွတ်ခွင့် ပြုတယ်လို့ တရားဝင် ကြေညာထားမှု မရှိရင် အခွန် ဆောင်ရပါမယ်။
အပိုင်ဂရန်မြေများနှင့် မြေခွန်
အပိုင်ပတ္တာအဖြစ် ချပေးတဲ့ ဂရန်တွေမှာ revenue free grant ရှိသလို သတ်မှတ် ကာလတစ်ခုအထိ ကင်းလွတ်ခွင့် ပေးပြီး ယင်းကာလ ပြည့်မီရင် အခွန်ဆောင်ရတဲ့ အပိုင်ပတ္တာ တွေလည်း ရှိပါတယ်။ အများပြည်သူအကျိုးငှာ ချထားပေးတဲ့ ဂရန်တွေကတော့ အများအားဖြင့် အခွန်လွတ် ဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းအတွက် ချပေးတဲ့ အပိုင် ဂရန်တွေကတော့ အခွန်ဆောင် ရလေ့ ရှိပါတယ်။ တိုင်းကျိုးပြည်ကျိုး အလို့ငှာ ဆိုပြီး သတ်မှတ်ချပေးတဲ့ အပိုင်ဂရန်တွေမှာ မြေခွန်ကင်းလွတ်ခွင့် ပြုကြောင်း ဂရန်ချစဉ်ကပဲ ဂရန် စာချုပ်မှာ အတိအလင်း ဖော်ပြ ထားပါတယ်။ အတိအလင်း ဖော်ပြ ထားလျှင်ဆိုတာ တရားဝင် ကြေညာ ဖော်ပြချက်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ Instrumerit of Grant for Religious / Public Purposes သာသနာရေး/တိုင်းကျိုးပြည်ကျိုး အတွက် မြေအပိုင် ပတ္တာစာချုပ်နဲ့ မြေပိုင်ဂရန် ပေးတဲ့အခါ မြေခွန်နဲ့ ပတ်သက်ပြီး အောက်ပါ စာပိုဒ် တစ်ပိုဒ်ကို အတိအလင်း ထည့်ပေး ထားပါတယ်။ "ဆိုခဲ့သည့်မြေယာကို ခွင့်ပြုပေးထားသည့် ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး အစိုးရ၏ မြေခွန်တော်နှင့် အခွန် အရပ်ရပ်မှ လွတ်ငြိမ်းခွင့် ရစေရမည်။”
... That the said premise shall be free of all Government land revenue taxes assessment and dues whatever so long as they are used for the purpose of ....
ယခင်က ရော်ဘာ စိုက်ပျိုးဖို့၊ ဝါး စိုက်ပျိုးဖို့ စသဖြင့် အပိုင်ပတ္တာ ချပေးတဲ့ ဂရန်တွေ ရှိပါသေးတယ်။ အဲဒီအပိုင်ဂရန်ကျတော့ မြေခွန် လွတ်ငြိမ်းခွင့် မရပါဘူး။ သတ်မှတ် ကာလတစ်ခုအထိ ကင်းလွတ်ခွင့် ပေးထားပေမဲ့ သတ်မှတ်ကာလ
လွန်တာနဲ့ မြေခွန် စည်းကြပ်ပါတယ်။ ရော်ဘာအတွက် အပိုင်ဂရန်ဆို ဂရန်
ထုတ်ပေးတဲ့ အချိန်ကစပြီး ရှစ်နှစ်အထိ မြေခွန် ကင်းလွတ်ခွင့် ပြုပါတယ်။ အခွန်လွတ် အပိုင်ဂရန် ပေးတဲ့အခါ မှာလည်း ကြိုတင် ခွင့်ပြုချက် ရယူပြီးမှ ဆောင်ရွက်ဖို့ သတ်မှတ်ချက် ရှိပါသေးတယ်။ Upper Burma Land and Revenue Regulation, Direction အမိန့်ဆင့်ဆိုချက် ၁၁၅ (က) နဲ့ Lower Burma Town and VillageLands Manual, Direction 50 (1) ဖော်ပြ ချက်တွေအရ "ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ရန် အသင်းအဖွဲ့၊ လမ်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ သိမ်၊ သာသနာမြေ အသုံးပြုမြေယာအတွက် (က) လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် နှစ်စဉ် မြေခွန်ငွေပေါင်းမှာ ၁ဝ ကျပ်ထက် မပိုလျှင် အရေးပိုင် အခွင့် အမိန့်ကို ကြိုတင်ခံယူ၍လည်းကောင်း၊
(ခ) လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် နှစ်စဉ် မြေခွန်ငွေပေါင်းမှာ ၁၀ ကျပ်ထက် ပို၍ ၂၅ ကျပ်ထက် မပိုလျှင် တိုင်းမင်းကြီး၏ ကြိုတင် ခွင့်ပြုမိန့် ခံယူ၍ လည်းကောင်း၊
(ဂ) လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် နှစ်စဉ် မြေခွန်ငွေပေါင်းမှာ ၂၅ ကျပ်ထက် ပို၍ ကျပ် ၁ဝဝ ထက် မပိုလျှင် ဘဏ္ဍာတော်မင်းကြီး၏ ကြိုတင်ခွင့်ပြုမိန့် ခံယူ၍ လည်းကောင်း၊ လျှောက်ထားခွင့်ပြုပါ ကိစ္စရပ်များ အသုံးချထားသမျှ ကာလပတ်လုံး မြေခွန် စည်းကြပ် ခြင်းမှ လွတ်ကင်းချမ်းသာခွင့် ရစေရမည်။” ဆိုပြီး ပြဋ္ဌာန်းချက် တွေ့ရပါတယ်။
အစိုးရမှ ရောင်းချသောမြေကို ဝယ်ယူပိုင်ဆိုင်လာသောမြေများနှင့် မြေခွန်
အခု မြေအမျိုးအစားအတွက် မြေခွန် ထမ်းဆောင်ထိုက်သလား မေးရင် အရင်တုန်းက မြေခွန် ဆောင်ဖူးသလား ဆိုတာ ပြန်ကြည့်ရမှာ ဖြစ်ပါတယ်
ရန်ကုန်မြို့ မြေတွေကို state land အဖြစ် ကြေညာပြီး အကွက်ရိုက် ရောင်းခဲ့ပါတယ်။ ဝယ်သူတွေကို မြေပိုင်အခွင့်အရေး ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြေခွန်လွတ် အပိုင်ပေးတဲ့ သဘော မတွေ့ရပါဘူး။ မြေငှားခ ပေးဆောင်ရန်အလို့ငှာ သဘောမျိုး မြေခွန်တော် ထမ်းဆောင်စေခဲ့ပါတယ်။ အင်္ဂလိပ်ခေတ်မှာ ရန်ကုန်မြို့က အပိုင်မြေတွေကို တစ်နှစ်မှာ တစ်ဧက ခုနှစ်ကျပ်နှုန်းနဲ့ မြေခွန် ပေးဆောင်
စေခဲ့တာ တွေ့ရပါတယ်။ အပိုင်မြေမှအပ ကျန်အိမ်ရာမြေတွေ ကိုတော့ schedule town ဖြစ်တာနဲ့အညီ တစ်စတုရန်းပေကို one and half pie ကောက်ခံခဲ့
ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြေငှားခွန်နှုန်းတွေ တိုးတက်ပြောင်းလဲ ခဲ့ပေမဲ့ မြေပိုင်တွေအပေါ် ကောက်ခံတဲ့ တစ်ဧက ခုနစ်ကျပ်နှုန်းကိုတော့ ဆက်
မကောက်ဘဲ ဆိုင်းငံ့ ရပ်ဆိုင်း ထားတယ်လို့ ကြားဖူးပါတယ်။ ဒီဘက်ခေတ်မှာတော့ ရန်ကုန်က အပိုင်မြေတွေအပေါ် မြေခွန်ကောက် ခံခြင်း ဆိုင်းငံ့ထားရာကနေ ပြန်လည် ကောက်ခံတော့မယ်လို့ ကြားသိရ ပါတယ်။ Reaction တွေလည်း
ရှိနေပါတယ်။ အထက်ပါအတိုင်း အစိုးရမြေများကို ရောင်းချခြင်း၊ မြေဝယ်သူတွေကို အပိုင်ဂရန် ပေးခြင်းတွေမှာ မြေခွန် လွတ် မလွတ် ဆိုတာ ဆန်းစစ်ကြည့်နိုင်ပါတယ်။
အစိုးရ မြေတွေကို ရောင်းနိုင်တယ်လို့ ညွှန်ကြားခဲ့တဲ့ Lower Burma Town
and Village Lands Manual, Appendix I အောက်ခြေမှတ်စုတွေပါ လေ့လာပါမယ်။
Foot Note 1. Lands disposed of under this resolution remain li
able to the payment of land revenue, subject to the
provisions of section 22 of the Act, unless the land
has been exempted by competent authority under
the order in Direction 50.
“ယခု ဆုံးဖြတ်စီရင်ချက်အရ အစိုးရက စီရင်ချထားခဲ့သောမြေများ (မြေ
ရောင်းပြီး အပိုင်ပေးခဲ့သော မြေများ အပါ) သည် အောက်မြန်မာနိုင်ငံ
မြို့နှင့် ကျေးရွာမြေများ ဥပဒေ အမိန့်ဆင့်ဆိုချက် ၅ဝ နှင့် တည်ဆဲ အမိန့်များအရ အခွင့်အာဏာပိုင် အရာရှိက မြေခွန်ထမ်းဆောင်ခြင်းမှ လွတ်ငြိမ်းချမ်းသာခွင့် အတိအလင်း ခွင့်ပြုမထားလျှင် အက်ဥပဒေ ၂၂ အရ သတ်မှတ်သည့် မြေခွန်အား ဆက်လက် ထမ်းဆောင်ရန် ထိုက်သင့်သည်”
လို့ နောက်ဆက်တွဲ (၁) ပါ ယင်းညွှန်ကြား ချက်ရဲ့ အောက်ခြေ မှတ်စုမှာ မှတ်ချက် ပြုထားတာ တွေ့ရပါတယ်။ ဆိုလိုချင်တာကတော့ နောက်ဆက်တွဲ (၁) ပါ စီရင် ပြဋ္ဌာန်းတော်မူချက်အရ စီမံချထား သည့်မြေ (ရောင်းချ/အပိုင်ဂရန် ပေးမြေများ)မှာ တည်ဆဲ အမိန့်များအရ မြေခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် မရလျှင် မြေခွန်တော် ဆက်လက် ထမ်းဆောင်ရမည်လို့ အဓိပ္ပာယ်ရပါတယ်။ အရောင်းမြေ တွေနဲ့ ပတ်သက်လို့ ပိုရှင်းသွားအောင် ထပ်ပြီး တင်ပြချင် ပါတယ်။
Lower Burma Town and Village Lands Manual, Appendix I
နောက်ဆက်တွဲ (၁) Para 3 မှာ Land to be disposed of will necessary divide into two classes: ဆိုပြီး ခွဲခဲ့တဲ့ မြေ နှစ်မျိုးအနက် ပထမ အမျိုးအစား
အစိုးရမြေတွေကို Appendix. 1.
Para 4.
Land of the first class may disposed of in various ways;
(ii) X X X X X
(iii) by a gift or grant to -
(a) X X X
(b) x X X
(c) Private individuals for their private benefit with out reference to future services. ဆိုပြီး အစိုးရ အမှုထမ်း မဟုတ်တဲ့ အရပ်သားတွေ အကျိုးစီးပွားအတွက် ပုဂ္ဂလိကတွေဆီ မြေရောင်းချခြင်း၊ အပိုင်ဂရန် ပေးခြင်းတွေ ဆောင်ရွက်မှု အတွက် အောက်ခြေမှတ်စုမှာ ဒီလို ဖော်ပြထားတာ တင်ပြချင်ပါတယ်။
Foot Note 2. Under this head are included sales of land on
favourable terms to individuals for their private benefit without reference to public services to be performed by them, e.g., sales of extra stripes of land in unauthorized occupation to occupiers of neighbouring freeholds in Rangoon (see government of India Resolution No. 653 (Land Revenue
and Settlements), dated the 31st August 1877). The sanction of the Government, unless specifically declared to be unnecessary in certain cases, must be obtained to all such alienations.
“ဤအချက်တွင် အစိုးရ အမှုတော်ကို ထမ်းရွက်စေရန် မရည်ရွယ်ဘဲ ကိုယ်
ကျိုးစီးပွားအလို့ငှာ လူတစ်ဦး တစ်ယောက်သို့ သင့်လျော်ရာ အဖိုးအခနှင့်မြေယာ ရောင်းချသည် များလည်း ပါဝင်သည်။ ဥပမာအားဖြင့် ရန်ကုန်မြို့ ဂရန်ပိုင်မြေ လက်ရှိ ဖြစ်သူတို့က ဆက်စပ်သည့် မြေစွန်း မြေစများကိုအခွင့်အမိန့် မရှိဘဲ လက်ရှိလုပ်ကိုင် နေထိုင်သည် ဖြစ်၍ ၎င်းမြေစွန်းမြေစများကို ၎င်းတို့သို့ ရောင်းချခြင်းများကဲ့သို့ ဖြစ်သည်။
ရန်ကုန်မြို့ အစိုးရ အရောင်းမြေ တွေဟာ ဝယ်သူကို အပိုင် ပေးခဲ့ပေမဲ့
မြေခွန် ကင်းလွတ်ခွင့်ကို တစ်ပါတည်း မပေးဘဲ သီးခြား စဉ်းစားတဲ့သဘော
တွေ့ရပါတယ်။ အပိုင်ဂရန်ပေးတဲ့အခါ မှာလည်း ဥပဒေအရကိုက သာသနာရေးနဲ့ တိုင်းကျိုးပြည်ကျိုး အများအကျိုးအတွက် ဆောင်ရွက်မယ့် အသင်းအဖွဲ့ ပုဂ္ဂိုလ်တွေအတွက်သာ အခွန်လွတ်ပေးလေ့ ရှိတဲ့အတွက် ရန်ကုန်မြို့မှာ မြေဝယ်ခဲ့တဲ့ ပုဂ္ဂလိကတွေကို မြေပိုင်ရှင် အခွင့်အရေးသာ ပေးခဲ့ပြီး အခွန်လွတ် အပိုင်ဂရန် မပေးခဲ့လို့သာ တစ်နှစ်မှာ တစ်ဧကကို ခုနစ်ကျပ်နှုန်း ကောက်ခံခြင်း ဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။ ကော်လိပ်တော်ဟာ မြေတန်ဖိုးအပေါ် မူတည်ပြီးမြေခွန် လွတ်ငြိမ်းအမိန့် ထုတ်ပေးနိုင်ပေမဲ့ အထက်အရာရှိတွေရဲ့ သဘောတူညီ ချက်ကို တင်ပြရယူပြီး မှသာ ကင်းလွတ်ခွင့်ပြုနိုင်ပါတယ်။ ဒါကြောင့် မြေပိုင်ရှင်ဖြစ်ကြောင်း သက်သေခံ လက်မှတ် ရရုံနဲ့မပြီးဘဲ အခွန်လွတ် ရရှိအောင် လျှောက်ထား ခွင့်ပြုမှသာ အပိုင်မြေတွေ မြေခွန် လွတ်ငြိမ်းခွင့် ရပါမယ်။
အပိုင်မြေဟုတ်မဟုတ် ဘယ်လိုသိနိုင်လဲ
မြေစာရင်းဌာနရဲ့ မြို့ကွက်မြေပုံတွေကို ကြည့်ရင် မြေကွက်တွေရဲ့ အနား ပတ်လည်ကို ဆေးခြယ်ထားပါတယ်။ အနီရောင်အနားသတ်တွေဟာ အစိုးရ ဆိုတဲ့သဘောကို ပြပါတယ်။ အငှါးဂရန်တွေကို အနီရောင် ဆေးနဲ့ ပြထားပါတယ်။ ဘိုးဘပိုင်မြေတွေ၊ LHR တွေ၊ အပိုင်ဂရန်မြေကွက်တွေကို အပြာရောင် မျဉ်းနဲ့ မြေကွက် နယ်နိမိတ် တလျောက် နယ်သတ်ဆေးခြယ် ထားပါတယ်။
နောက်ထပ် ဘယ်မှာ ကြည့်နိုင်သလဲဆိုရင် 1.A Register လို့ခေါ်တဲ့ ဦးပိုင်မှတ်ပုံ စာရင်း ၁-က မှာ ကြည့်နိုင်ပါတယ်။ ၁-က ရဲ့ Tenure ပိုင်ဆိုင်မှုဆိုတဲ့ စာတိုင် အောက်မှာ ဒီလို ပိုင်ဆိုင်မှု အမျိုးအစား ခွဲထားတာကို ကြည့်ရပါတယ်။
B = ဘိုးဘပိုင်မြေ၊
C = မြေရှင်ဆိုင်ရာအခွင့်အရေး Land Holder's Right လက်မှတ်ရမြေ၊
G = အပိုင်ဂရန်၊
L = အငှါးဂရန်၊
H = လိုင်စင်မြေ၊
A = အခွင့်အမိန့် တရားဝင်မရှိဘဲ အသုံးပြုမြေ၊ အချို့ဒေသတွေ မှာတော့ ဘိုးဘပိုင်ကို O မြေ လို့လည်း ခေါ်ကြ ပါတယ်။ မိမိမြေဟာ ဘိုးဘပိုင်မြေ သို့မဟုတ် မြေပိုင်မြေ ဟုတ် မဟုတ် သိချင်ရင် မြေစာရင်းမှာ ပုံစံ ၁၀၅ မြေပုံ နဲ့ ပုံစံ ၁၀၆ မြေရာဇ၀င် မိတ္တူ ကူးယူ တောင်းခံ ကြည့်ရင် သိနိုင်ပါတယ်။
ထို့ကြောင့် မြေပိုင်မြေ ရထားတယ် ဆိုတိုင်း မြေခွန် ကင်းလွတ်ခွင့် မရနိုင်ပါဘူးလို့ ပြောရပါမယ်။ နိုင်ငံတော်နဲ့ အခွန်အာဏာပိုင် အရာရှိက အခု ချပေးတဲ့ မြေအမျိုးအစားကို မြေခွန် ကင်းလွတ်ခွင့် ပြုတယ်လို့ အတိ အလင်း တရားဝင် ကြေညာသတ်မှတ် ထားချက်တွေ၊ အမိန့်တွေ မရှိခဲ့ရင် ယင်းမြေအတွက် ထိုက်သင့်မြေခွန် ထမ်းဆောင်ဖို့ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။ တိုင်းကျိုးပြည်ကျိုး နဲ့ သာသနာအတွက် ချပေးတဲ့ အပိုင် ဂရန်တွေမှာ ဖော်ပြထားသလို ယခုကိစ္စရပ် အသုံးပြု နေသမျှ မြေခွန် လွတ်ငြိမ်းခွင့် ပြုသည်ဟု တရားဝင် ဖော်ပြသတ်မှတ်ပေးမှ မြေခွန် လွတ်ငြိမ်းခွင့် ရရှိနိုင်ပါတယ်။ မိမိတို့ကို
ချပေးတဲ့ ပိုင်ဆိုင်ခွင့်ရမြေမှာ အဲဒီလို သတ်မှတ်ပေးချက် မရှိရင်တော့ အစိုးရ သတ်မှတ်တဲ့ မြေခွန်ကို ထမ်းဆောင်ရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်...။
ဆရာဦးဇော်မင်း (နတ်မောက်) ၏ ဆောင်းပါးမှ ထုတ်နှုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။
(ဆရာမျိုးမင်းထွန်း ပို့စ်မှ တဆင့် ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment