#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ဂရန် အ‌ကြောင်း နဲ့ ပုံစံဖောင် တွေကအစ ပြည့်ပြည့် စုံစုံလေးတင်ပေးထားတယ်

Monday, December 7, 2020

 

ဂရန်

၁- ဂရန်လျှောက်ထားခြင်း

၂-မြေငှားဂရန် အသစ် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၃-မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၄-အခွန်လွတ် သာသနာ့မြေဂရန် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၅-ဗဒ္ဓသိမ်ဂရန် လျှောက်ထားမှုတွင် ပါဝင်ရမည့် အချက်အလက်များ

၆-ဂရံဆိုတာဘာလဲ

၇-ဂရန်လျှောက်ထားဖို့အတွက် ဘယ်ကိုတင်ရမလဲ

၈-ဂရန်လျှောက်ထားဖို့အတွက် ဘယ်လိုမြေဖြစ်ရမလဲ

၉-ဂရန်အမျိုးအစားများ

၁၀-ပါမစ်ကိုဂရန် လျှောက်ခြင်း

၁၁-မြေတိုင်းတာခြင်း

၁၂-မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း

၁၃-ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၁၄-မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ဂရန်အတွက် လိုအပ်မဲ့ လျှောက်လွှာဖောင်ကအစ

ဖတ်မှတ်လေ့လာထားသမျှ အတော်လေးပြည့်ပြည့်စုံစုံ ရေးပေးပါမယ်။

 



၁-ဂရန်လျှောက်ထားခြင်း

 

၁။  မြေငှါးဂရန်ထုတ်ပေးရာတွင် အမျိုးအစား(၂)မျိုးရှိပါသည်။

(က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနှင့်

(ခ)မူလဂရန်ရှိပြီးမြေကို အကြောင်းအရာ အမျိုးမျိုးဖြင့် ဂရန်ထပ်မံလျှောက်ထားခြင်းတို့ဖြစ်ပါသည်။

 

(က)    ဂရန်သစ်(အစိုးရမြေမှ ဂရန်သစ်လျှောက်ထားခြင်း)

မြို့ကွက်သစ်စတင်ဖော်ထုတ်ပေးရာတွင်လည်း (၂)မျိုးရှိပါသည်။

 

(၁)       မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့်မြေကွက် များအား ဂရန်ထုတ်ပေးခြင်း၊

(၂)        မူလမြို့ဟောင်းရှိ အနေကြာဂရန်လျှောက်ထားခြင်းမရှိသေးသည့် အစိုးရမြေများအား ဂရန်ထုတ်ပေးခြင်းတို့ဖြစ်ပါသည်။

(ကက)  မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက်များကို ဂရန်လျှောက်ထားရာတွင် မြေချထားမိန့်၊ မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းသည့် ငွေရပြေစာများ ပါရှိရပြီးသတင်းစာကြော်ငြာခြင်းမပြုစေဘဲအချိန်(၂)ပါတ် အတွင်း ဂရန်သစ်ထုတ်ပေးပါသည်။

(ခခ)     မူလမြို့ဟောင်းရှိ အစိုးရမြေများကိုခ လျှောက်ထားပါက ဦးစွာပထမမြေပုံရေးကူးခွင့်လျှောက်ထားရပါမည်။ မြေပုံ ရေး ကူးခွင့်ရရှိပြီးပါက တရားရုံးကျမ်းကျိန်ချက်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံ ချက်၊ အဆောက်အဦဓါတ်ပုံများဖြင့် အမှုတွဲတည်ဆောက် ပြီးသတင်းစာကြော်ငြာ၍ကန့်ကွက်မှုအရှုပ်အရှင်း မရှိပါက (၁)လအတွင်းဂရန်သစ်ထုတ်ပေးပါသည်။

(၃)       ဂရန်သစ်လျှောက်ထားမှုများကို အောက်ဖော်ပြပါအတိုင်း အမျိုး အစားများ ခွဲခြား၍ဆောင်ရွက်ပေးပါသည်-

(ကက)  ဂရန်သစ်၊

(ခခ)     ဂရန်သစ်/အမည်ပြောင်း(မြေကွက်ရရှိသူကိုင်တိုင်မဟုတ်ဘဲ ၄င်းထံမှတဆင့်လွှဲပြောင်းရရှိသူမှ အမည်ပြောင်းလျှောက် ထားခြင်း)

(ဂဂ)     ဂရန်သစ်/ဦးပိုင်ခွဲ/အမည်ပြောင်း(မြေကွက်ရရှိသူထံမှခွဲစိတ် ၍ လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း)

(ဃဃ)  အမည်ပေါက်လျှောက်ထားခြင်း(အချို့သောဌာနဆိုင်ရာအဖွဲ့ အစည်းများသည် ငွေသွင်းရန်အခက်အခဲရှိ၍ ဂရန်ထုတ်ယူ ခြင်းမပြုဘဲ မြေရာဇ၀င်တွင် အမည်ပေါက်ရန်အတွက်သာ လျှောက်ထားခြင်းဖြစ်ပါသည်။

 (ခ)    ဂရန်ဟောင်း

(မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍ လည်းကောင်း၊ လွှဲပြောင်း၍လည်းကောင်း၊ ဦးပိုင်ခွဲ၍လည်းကောင်း၊ ဂရန်ပျောက်မိတ္တူလျှောက်၍လည်းကောင်း၊ ဂရန်အမျိုးအစားပြောင်း၍ လည်းကောင်း လျှောက်ထားလာပါက အောက်ဖော်ပြပါအတိုင်း အမျိုး အစားခွဲခြားဆောင်ရွက်ပါသည်-

 

(၁)       ဂရန်အမည်ပြောင်း၊

(၂)        ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောင်ထားခြင်း)

(၃)       ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)

(၄)       သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်)

(၅)       ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)

(၆)       ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း)

(၇)       ဂရန်မိတ္တူလျှောက်ထားခြင်း(ဂရန်မူရင်းပျောက်ဆုံးသွား၍အမည် ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူလျှောက်ထားခြင်း)

(၈)       တောမှမြို့ပြောင်းလျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထားသည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)

(၉)       တောမှမြို့ပြောင်း၊ အမည်ပြောင်း(တောဂရန်မှမြို့ဂရန်အပြင် အမည်ပါပြောင်းပေးရန် လျှောက်ထားခြင်းဖြစ်ပါသည်။)

 ၂။    အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည်-

 

 (၁)       ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊

(၂)        ဂရန်စာချုပ်မိတ္တူမှန်၊

(၃)       အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊

(၄)       အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊

(၅)       တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆)

(၆)       မြေခွန်ပြေစာမိတ္တူမှန်၊

(၇)       အိမ်ထောင်စုဇယားမိတ္တူမှန်၊

(၈)       အဆောက်အဦဓါတ်ပုံ၊

(၉)       ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊

(၁၀)     အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။

၃။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အပြီးဆောင်ရွက် ပေးနိုင်ပါသည်။

ဂရံအမည်ပြောင်း လျှောက်လွှာဖောင် နမူနာပုံစံ ကို အောက်ကလင့်မှာ Download ရယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

၂-မြေငှားဂရန် အသစ် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

(၁)       လျှောက်လွှာနှင့် လျှောက်ထားသူ၏ ထွက်ဆိုချက်။

(၂)        ခရိုင်/ မြို့နယ်ထွေ/အုပ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ လက်မှတ်၊ အမည်၊ ကိုယ်ပိုင်အမှတ်၊ ရုံးတံဆိပ်ဝိုင်းများနှင့် ရက်စွဲပါဝင်သော မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) (၂)စုံ (မြေပုံတစ်ပုံ၌ အခွန်တံဆိပ်ခေါင်း ကပ်ရမည်။ )

(၃)       မြေပိုင်ဆိုင်မှု အထောက်အထား တင်ပြရန်။

(၄)       စည်းကြပ်မည့် မြေခွန်အပေါ် သဘောတူကြောင်း လျှောက်ထားသူ၏ ဝန်ခံကတိပြုချက်။

(၅)       ပတ်ဝန်းကျင် ထွက်ဆိုချက်များ တင်ပြရန် ။

(၆)       လမ်းနယ်နိမိတ် ကပ်ပါက စည်ပင်သာယာရေးအဖွဲ့ (သို့မဟုတ်)  ဦးစီးအရာရှိ (မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၏ ထောက်ခံချက် ။

(၇)       အဆောက်အဦ မှတ်တမ်းဓာတ်ပုံများ။

(၈)       ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက် (သို့မဟုတ်) ထောက်ခံချက် ။

(၉)       သက်ဆိုင်ရာ မြေတိုင်းစာရေး၏ထွက်ဆိုချက် ။

 

မှတ်ချက်။

လက်မှတ်ရေးထိုးသူများသည် ဌာန၊ အဖွဲ့အစည်းဖြစ်ပါက ရုံးတံဆိပ်များ ပြည့်စုံစွာ ပါရှိရန် ။

(၅)ဧက အထက်ဖြစ်ပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏သဘောထား ရယူ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရန်။

မြေငှားဂရန် အသစ် လျှောက်ထားရာတွင် လိုအပ်သော လျှောက်လွှာ နမူနာပုံစံကို ဒေါင်းလုပ်ရယူရန် အောက်ပါလင့်တွင်နှိပ်ယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

 

၃-မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

(၁)       လျှောက်လွှာနှင့် လျှောက်ထားသူ၏ ထွက်ဆိုချက်။

(၂)        ခရိုင်/ မြို့နယ်ထွေ/ အုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့၏ လက်မှတ်၊ အမည်၊ ကိုယ်ပိုင်အမှတ်၊ ရုံးတံဆိပ်ဝိုင်းများနှင့် ရက်စွဲပါဝင်သော မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) (၂)စုံ (မြေပုံတစ်ပုံ၌ အခွန်တံဆိပ်ခေါင်း ကပ်ရမည်။ )

(၃)       မြေပိုင်ဆိုင်မှု အထောက်အထား တင်ပြရန်။

(၄)       မြေငှားစာချုပ် မူရင်း (သို့မဟုတ်) မိတ္တူ ။

(၅)       အရောင်းအဝယ်စာချုပ် (မှတ်ပုံတင်ပြီးသော)။

(၆)       ယခင်မြေပိုင်ဆိုင်သူအမည်ဖြင့် စည်းကြပ်သည့် မြေခွန်ပြေစာ။

(၇)       စည်းကြပ်မည့် မြေခွန်အပေါ် သဘောတူကြောင်း လျှောက်ထားသူ၏ ဝန်ခံကတိပြုချက်။

(၈)       ပတ်ဝန်းကျင် ထွက်ဆိုချက်များ တင်ပြရန် ။

(၉)       လမ်းနယ်နိမိတ်ကပ်ပါက စည်ပင်သာယာရေးအဖွဲ့ (သို့မဟုတ်)  ဦးစီးအရာရှိ(မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၏ ထောက်ခံချက် ။

(၁၀)     အဆောက်အဦ မှတ်တမ်းဓာတ်ပုံများ။

(၁၁)     မူလမြေပိုင်ရှင်၏ ထွက်ဆိုချက်။

(၁၂)      မြေအရောင်းအဝယ် စာချုပ်စာတမ်းပါ သက်သေများ၏ထွက်ဆိုချက်၊(အထွေထွေကိုယ်စားလှယ် လွှဲခြင်းခံရသူ/ အထူးကိုယ်စားလှယ်လွှဲခြင်းခံရသူ၏ ထွက်ဆိုချက် )။

(၁၃)     GP / SP  လွှဲအပ်ထားပါက ကိုယ်စားလှယ်လွှဲစာ တင်ပြရန် ။

(၁၄)     ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထွက်ဆိုချက် (သို့မဟုတ်) ထောက်ခံချက်။

(၁၅)     သက်ဆိုင်ရာမြေတိုင်းစာရေး၏ထွက်ဆိုချက် ။

မှတ်ချက်။    လက်မှတ်ရေးထိုးသူများသည် ဌာန၊ အဖွဲ့အစည်းဖြစ်ပါက ရုံးတံဆိပ်များ ပြည့်စုံစွာ ပါရှိရန်

မြေငှားဂရန် အမည်ပြောင်း လျှောက်ထားခြင်းတွင် လိုအပ်သော ဖောင် နမူနာပုံစံကို ဒေါင်းလုပ်ရယူရန် အောက်ပါလင့်တွင်နှိပ်ယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

၄-အခွန်လွတ် သာသနာ့မြေဂရန် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

(၁)       လျှောက်လွှာ(ကျောင်းထိုင်ဆရာတော်၊ ဂေါပကအဖွဲ့၊ ကျောင်းဒါယကာ၊ သာသနာရေးမှ လျှောက်ထားရန်နှင့် ရုံးအခွန်တော် တံဆိပ်ခေါင်းကပ်ရန်)။

(၂)        မြေစာရင်းပုံစံ(၁၀၅) (၁၀၆) နှစ်စုံစီ ။

(၃)       မြေပိုင်ဆိုင်မှု အထောက်အထား

 

- လယ်ယာမြေဖြစ်ပါက လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်။

- ဘိုးဘပိုင်မြေ သို့မဟုတ် လက်ဝယ်ထားရှိပိုင်ခွင့်မြေဖြစ်ပါက မြေပိုင်ဆိုင်သူက အစိုးရသို့ ပြန်လည်အပ်နှံကြောင်း တရားဝင်စာချုပ်စာတမ်းဖြင့်   မှတ်ပုံတင်ထားသည့် စာချုပ်/ ကြေငြာချက် ။

(၄)       မှတ်တမ်းဓါတ်ပုံများ (ဆောက်လုပ်ပြီး သို့မဟုတ် ဆောက်လုပ်မည့် ကျောင်၊ ဇရပ်များ၏ ရှေ့မြင်၊ ဘေးမြင်)။

(၅)       ရပ်ကွက်/မြို့နယ်/တိုင်းဒေသကြီးသံဃနာယကကအဖွဲ့၏ ထောက်ခံချက်။

(၆)       မြို့နယ်သာသနာရေး/ခရိုင်သာသနာရေး၏ ထောက်ခံချက်။

(၇)       တည်နေရာပြမြေပုံနှင့် ပတ်၀န်းကျင်ပြမြေပုုံ(၃)ပုံစီ။

(၈)       မြေခွန်တော် အဆ (၂၀)ပေးသွင်းပြီး ငွေသွင်းချလံ။

(၉)       လျှောက်ထားသူ ဆရာတော်၏ထွက်ဆိုချက်။

(၁၀)     ပတ်ဝန်းကျင်ထွက်ဆိုချက်များ။

(၁၁)     ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် (သို့မဟုတ်) ထွက်ဆိုချက်။

အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပါရှိပါက တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနသို့ သဘောထားတောင်းခံခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထား တောင်းခံခြင်းတို့ ဆောင်ရွက်၍  သဘောထားများရရှိပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြရပါသည်။

အခွန်လွတ် သာသနာဂရန် လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာ နမူနာပုံစံကို ဒေါင်းလုပ်ရယူရန် အောက်ပါလင့်တွင်နှိပ်ယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

၅-ဗဒ္ဓသိမ်ဂရန် လျှောက်ထားမှုတွင် ပါဝင်ရမည့် အချက်အလက်များ

 

(၁)       လျှောက်လွှာ (သိမ်ဒါယကာမှ လျှောက်ထားရန် )။

(၂)        မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) နှစ်စုံစီ ။

(၃)       အခွန်လွတ် သာသနာ့ မြေဂရန်စာချုပ်။

 

(၄)       မူလသာသနာမြေ ဖြစ်ကြောင်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ထောက်ခံချက် ။

 

(၅)       ပတ်ဝန်းကျင် ထွက်ဆိုချက်များ ။

(၆)       လျှောက်ထားသူ၏ထွက်ဆိုချက် ။

(၇)       သိမ်ဆောက်လုပ်မည့် အဆောက်အအုံပုံ၊ အကွက်ချပုံစံ၊ သိမ်ပန္နက်မြေပုံများ ။

(၈)       ကျောင်းထိုင်ဆရာတော်မှ သိမ်မြေနေရာအား နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံကြောင်း တရားဝင် စာချုပ်စာတမ်းဖြင့်  မှတ်ပုံတင်ထားသည့် စွန့်လွှတ်စာချုပ် ။

(၉)       ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထောက်ခံချက် (သို့မဟုတ်) ထွက်ဆိုချက်။

(၁၀)     ရပ်ကွက် / မြို့နယ် / တိုင်းဒေသကြီး သံဃနာယက ထောက်ခံချက်။

(၁၁)     မြို့နယ်သာသနာရေး / ခရိုင်သာသနာရေး၏ ထောက်ခံချက်။

အထက်ပါအချက်အလက်များ ပြည့်စုံစွာ ပါရှိပါက တိုင်းဒေသကြီးသာသနာရေး ဦးစီးဌာနသို့ သဘောထားတောင်းခံခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားတောင်းခံခြင်းတို့ ဆောင်ရွက်၍ သဘောထားများရရှိပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) သို့ တင်ပြရပါသည်။

ဗဒ္ဓသိမ်ဂရန် လျှောက်ထားမှုတွင် လိုအပ်သော  ဖောင်များအတွက် နမူနာပုံစံကို ဒေါင်းလုပ်ရယူရန် အောက်ပါလင့်တွင်နှိပ်ယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

ဆက်လက်ပြီး ဂရန်ဆိုတာဘာလဲ ဂရန်လျှောက်ထားဖို့အတွက် ဘယ်ကိုတင်ရမလဲဂရန်လျှောက်ထားဖို့အတွက် ဘယ်လိုမြေဖြစ်ရမလဲ ဆိုတာကို ကျွန်တော်တို့မြေယာလောကရဲ့ ဆရာတစ်ပါး ဖြစ်တဲ့ ဆရာဦးဇော်မင်း(နတ်မောက်)ရဲ့ ရေးသား ချက်တွေကိုယူပြီး အများပြည်သူအလွယ်တကူလေ့လာနိုင်စေရန် ဆက်လက်ပြီး ပူးတွဲကောက်နှုပ်တင်ပြပါမယ်။

 

၆-ဂရန်ဆိုတာ ဘာလဲ

မြို့မြေများမှာ လူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။ အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန် လို့ဘဲ ခေါ်ကြပါတယ်။

၇-ဂရန်လျှောက်ထားဖို့အတွက် ဘယ်ကိုတင်ရမလဲ

အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။ ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇဝင် (မြေစာရင်း-၁၀၆) နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။

၈-ဂရန်လျှောက်ထားဖို့အတွက် ဘယ်လိုမြေဖြစ်ရမလဲ

မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။

အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land at the disposal of Government)

ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ဖေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄) တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုး ရေးအတွက်လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှ အသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်မြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါ ဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါ ဘူး။ ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။ သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။

မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ရပါတယ်။”

၉-ဂရန်အမျိုးအစားတွေ

(က) အပိုင်ဂရန် (Revenue free Grant)

ခေါင်းစည်းကိုက Instrument of Grant for Religious / Public Purposes ဆိုတော့ သာသနာရေးကိစ္စ တွေ၊ အများပြည်သူအကျိုးငှါ ဆောင်ရွက်မဲ့ကိစ္စတွေအတွက် ချထားပေးရမဲ့ ဂရန်အမျိုးအစား ဆိုတာ ရှင်းပြဘို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန် ဖြစ်ပါတယ်။ သက်တန်း မရှိပါဘူး။ ဒါပေမဲ့ ချထားခဲ့တဲ့ မြေတကွက်လုံးဖြစ်စေ၊ မြေ ကွက်ရဲ့ တစိတ်တပိုင်း ဖြစ်စေ၊ ချပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင် တော့ တကွက်လုံးကို မြေခွန် ထိုက်သင့်စေရမှာ ဖြစ်တယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုလျှင်ဖြစ်ဖြစ်၊ အသုံးပြုခွင့် ပေးထားတဲ့ မြေပေါ်က အဆောက်အဦး ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့ လောက်အောင်ကို ပျက်စီး ယိုယွင်းနေပြီး ပြင်ဆင်မှု မရှိ၊ လူသူ ကင်းမဲ့ ထိန်းသိမ်း စောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦ တွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။ ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။

( ခ ) နှစ်ရှည်အငှားဂရန် ( Long Term Lease)

လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခန့်တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦးများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တန်းကုန်ရင် အသစ်လဲ လှယ် ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြား ပေးရပါတယ်။ ဂရန်သက်တန်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃ဝ) အထိ ဖြစ်ပါတယ်။ ရန်ကုန်မှာကျတော့ နှစ် (၆၀) ခွင့်ပြုပါတယ်။

နှစ်(၃ဝ) ဂရန်ကို အနှစ် (၃ဝ) သက်တမ်း ကုန်ဆုံးတိုင်း အသစ် လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety years) ဂရန်နဲ့ အနှစ်(၃ဝ) ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တန်းကုန်ဆုံးသော (Without the power of Renewal) အသစ်လဲလှယ်ပိုင်ခွင့် မရှိသောဂရန် ဆိုပြီး (၂) မျိုး ခွဲခြားပါတယ်။

အနှစ် (၃ဝ) သက်တမ်းကုန်ဆုံးတိုင်း (With the Power of Renewal up to Ninety Years) အသစ် လဲလှယ်ပိုင်ခွင့်ရှိသော ဂရန်ဖြစ်ရင်တော့ အနှစ်(၉ဝ)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ် ပိုင်ခွင့်ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉ဝ)ထိ ပေးတယ်လို့ ဆိုပေမဲ့လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃ဝ)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ် (၃ဝ) သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃ဝ) စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါမယ်။ သက်တန်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။

အနှစ် (၃ဝ) သက်တမ်းကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံလဲခွင့် မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal) အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန်ဖြစ်ရင်တော့ သက်တန်းကုန်ဆုံးတဲ့ နှစ်(၃ဝ)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန် သက်တန်းအသစ် လျှောက်ထားမှုကို မြေအငှါးချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန်ဖြစ်ပါတယ်။ (အောက်မြန်မာ ပြည်မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ - ၇ အရ )

(ဂ) နှစ်တိုအငှားဂရန် (Lease of Short Term)

မြေပေါ်မှာ အတော်အသင့် တောင့်တင်းခိုင်မာမှုရှိပြီး သင့်လျှော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြု နိုင်မဲ့ အဆောက်အဦး ဆောက်လုပ်ထားခြင်း (သို့) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့) ကျူးကျော်အဆင့် သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါ တယ်။ ခွင့်ပြုကာလ (၁ဝ) နှစ်မှ (၁၅) နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန် သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal ) ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တန်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမမခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ LandRevenue II / L.B Lease I & I (a) ; Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။

(အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ - ၈ နှင့် ၂၉ အရ)

အထက်ပါစာပိုဒ်များမှာ ဆရာဦးဇော်မင်း(နတ်မောက်)ရဲ့ ရေးသားချက်ကို ကူးယူ ၍ ထုတ်နှုပ်တင်ပြခြင်းသာဖြစ်ပါသည်” မူရင်းနှင့် အဓိပ္ပါယ်ကွဲလွဲလျှင် ယခုစာရေးသူ၏ချို့ယွင်းချက်သာဖြစ်ပါမည်။

 

၁၀-ပါမစ်ကိုဂရန် လျှောက်ခြင်း

ပါမစ်ကိုဂရန် လျှောက်ရာမှာ ပါမစ်လည်း မှန်တယ် ၊ အရောင်းအဝယ် ဆက်စပ်စာချုပ်တွေက လည်း မှန်ကြပေမဲ့ အရောင်းအဝယ် ဆက်စပ် စာချုပ်တွေမှာက ဝယ်သူ နှစ် ဦး ဖြစ်နေပြီး ဂရန် လျှောက် ထားရင် သို့မဟုတ် ဆက်စပ် စာချုပ်မှာက ရောင်းသူ ဝယ်သူ တစ်ဦးတည်း ရှိပြီး ဂရန်လျှောက်တော့မှ နှစ်ဦး နာမည်နဲ့ လျှောက်ထားလာမယ် ဆိုရင် ကြန့်ကြာပါမယ်။

ပေ ၂၀ X ၆၀ ကို နှစ်ဦးစပ် ဝယ်ပြီး တစ်ဦးဦး က ပေ ၁၀ X ၆၀ စီ ဂရန်လျှောက်ကြတာမျိုးတွေမှာလည်း စတုရန်းပေ ၁၂၀၀ မပြည့်လို့ ဂရန်ချထားမပေး ပါဘူး။ အခု မန္တလေးမြို့တော်မှာတော့ အစီအစဉ်တစ်ရပ် သီးခြားချမှတ်ပြီးပေးနေတာတော့ ရှိတယ်လို့ သိရပါတယ်။

ပါမစ်မှာက ပေ (၄၀ X ၆၀)  ဖြစ်နေပြီး မူလပိုင်ရှင်က ပေ (၁၀ X ၆၀) ပေါ်မှာ အိမ်ဆောက်နေတယ် ကျန်ပေ (၃၀ X ၆၀) ကို သပ်သပ်ရပ်ရပ် ခြံခတ် ရောင်းလို့ ဝယ်ခဲ့ပြီး ဂရန်လျှောက်တော့မှ ပိုင်ရှင်က သူ့ပေ (၁၀ X ၆၀) ကို ထည့်မ‌လျှောက်ချင်ဘူး လုပ်ရင်လည်း ကိုယ် ဝယ်တဲ့ ပေ (၃၀ X ၆၀) ကိုပဲ ဂရန်လျှောက်လို့ မရပါပြန်ပါဘူး သတိထားစရာပါ။

အချို့မြေတွေမှာ အမွေဆက်ခံလွှာ ၊ကျမ်းကျိန်လွှာတို့နဲ့လည်း ဂရန်ကို ဆက်စပ် ၍ လျှောက်ထားနိုင်ပါတယ်။ သို့သော်လည်း အဲဒီ အမွေဆက်ခံလွှာနဲ့ ကျမ်း ကျိန်လွှာတို့က ခိုင်လုံခြင်း ရှိဖို့တော့ လိုပါတယ်။

ဂရန် လျှောက်ထားတဲ့ “ပါမစ်မြေ” နဲ့ ပတ်သက်ပြီး အမှုအခင်း တစ်စုံတစ်ရာ ရှိနေတာမျိုးနဲ့ အကြောင်းကြောင်းကြောင့် ကန့်ကွက်စာ တင်သွင်းထားခြင်းတို့ ရှိနေပြီဆိုရင် အဲဒီ “ပါမစ်” က ဂရန် ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး။

 

လိုင်စင်မြေ နဲ့ ပါမစ် မြေများအကြောင်းကို သီးခြားစီ လေ့လာထားသမျှ ဆက်တင်ပေးပါအုံးမယ်...

 

၁၁-မြေတိုင်းတာခြင်း

 

 ၁။ မြေတိုင်းတာခြင်းအမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

(၁)       လုပ်သားပြည်သူများမှ မိမိတို့ ပိုင်ဆိုင်သည့်မြေ၏နယ်နိမိတ်ကို သိလို၍ တိုင်းတာပေးခြင်း၊

(၂)        နယ်နိမိတ်အငြင်းပွာခြင်းဖြစ်၍ တိုင်းတာပေးခြင်း၊

(၃)       မြေအပ်ဝရမ်းအတွက် တိုင်းတာပေးခြင်း၊

(၄)       ဂရန်/ဘိုးဘပိုင်မြေတို့အား ဦးပိုင်ခွဲလို၍ တိုင်းတာပေးခြင်း၊

(၅)       လမ်းအူကြောင်းများ တိုင်းတာပေးခြင်း၊

(၆)       နိုင်ငံတော်ပိုင်မြေများအပေါ် ကျူးကျော်မှုများကို ဖယ်ရှားရန်အတွက် တိုင်းတာပေးခြင်း၊

(၇)       မြေကြီး၊မြေပုံကိုက်ညီမှုမရှိ၍အကွက်ကြီးများအလိုက်တိုင်းတာ ပေးခြင်း၊

(၈)       မီးလောင်မြေကို တိုင်းတာပေးခြင်း၊

(၉)       မှုခင်းများအတွက် တိုင်းတာပေးခြင်း၊

 ၂။ အထက်ဖော်ပြပါမြေတိုင်းတာမှုအမျိုးမျိုးအနက် ပုဂ္ဂလိကများမှ မြေတိုင်းတာ လို၍ လျှောက်ထားလာပါက အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲ တင်ပြရပါသည်-

 

(၁)       မြေအမည်ပေါက်သူ (သို့မဟုတ်)မြေအမည်ပေါက်သူထံမှ မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာရသူ၏ မှတ်ပုံတင်မိတ္တူ၊

(၂)        ဂရန်မြေဖြစ်ပါက ဂရန်စာချုပ်မိတ္တူ၊

(၃)       ဘိုးဘပိုင်မြေဖြစ်ပါက မှတ်ပုံတင်မိတ္တူ၊

(၄)       မြို့ကွက်သစ်မြေဖြစ်ပါက မြေချထားမိန့်၊ ငွေသွင်းပြေစာမိတ္တူ၊

(၅)       မီးလောင်မြေဖြစ်ပါက မီးလောင်မြေနေရာချထားမိန့်မိတ္တူ၊

မြေတိုင်းတာရာတွင် မြေကြီးမြေပုံမှန်ကန်ပြီး အရှုပ်အရှင်းမရှိလျှင် မြေပုံကို အခြေပြု၍ ပေးကြိုးဖြင့် တိုင်းတာပေးပါသည်။ မြေကြီးမြေပုံ မကိုက်ညီသည့် အကွက်များကို Total Station မှန်ပြောင်းဖြင့်တိုင်းတာ ပေးပါသည်။

မြေ၏ နယ်နိမိတ် အနား(၄) ရပ် တိုင်းတာပေးပါရန် လျှောက်ထားခြင်းအတွက်

လျှောက်လွှာဖောင် နမူနာပုံစံကို အောက်ကလင့်မှာ Download ရယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

၁၂-မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း

မြေစာရင်းပုံစံ(၁၀၅)နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာအချက်များနှင့် လျှောက်ထားရာတွင်လိုက်နာ ဆောင်ရွက်ရမည့်အချက်များ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် ထိန်းသိမ်းထားရှိသည့် မှတ်ပုံစာရင်း နှင့် မြေပုံများမှ မိတ္တူ သို့မဟုတ် ကောက်နုတ်ချက်များရေးကူးပေးခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူ အကျိုးငှာ ဆောင်ရွက်ပေးရသည့် လုပ်ငန်းဖြစ်သည့် မြေစာရင်းပုံစံ(၁၀၅)(၁၀၆)ရေးကူးပေးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံ မြေစာရင်းလက်စွဲဥပဒေ အခန်း(၉)တွင် ပြဌာန်းချက်များနှင့် လုပ်ထုံး လုပ်နည်း၊ အမြဲအမိန့်ညွှန်ကြားချက်များအရ ရေးကူးဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ရေးကူးပေးရန်လျှောက်ထာသည့် ကာယကံရှင်များအား ၎င်းတို့ဆောင်ရွက်လိုသည့် ကိစ္စအကြောင်းအရာအမျိုးမျိုးအတွက် သက်ဆိုင်ရာ အခွင့်ရအာဏာပိုင် ထံ တင်ပြရန်အတွက်လည်းကောင်း၊ ဦးပိုင်အမည်ပေါက်သူများ/ ပိုင်ရှင်များ/ အခွန်စည်းကြပ်ခံရသူ အမည်များသိရှိရန်အတွက်လည်းကောင်း၊ ဦးပိုင်ရာဇဝင်ကိုသိရှိရန်အတွက်လည်းကောင်း၊မြေစာရင်း လက်စွဲဥပဒေ၊ လုပ်ထုံလုပ်နည်း၊ အမြဲအမိန့်၊ ညွှန်ကြားချက်များနှင့်အညီစိစစ်၍ တည်ဆဲနှစ်အတွက် အသုံးပြုသောစာရင်းနှင့် မြေပုံများမှ ကောက်နုတ်ချက်ရေးဆွဲပေးခြင်းသာဖြစ်ပြီး ပိုင်ဆိုင်မှုတစ်စုံ တစ်ရာအတွက် ပိုင်ဆိုင်ခွင့်လက်မှတ်အဖြစ် ရေးဆွဲထုတ်ပေးခြင်မဟုတ်ပါ။

ဌာနမှ ထိန်းသိမ်းထားရှိသည့် မှတ်ပုံစာရင်းနှင့် မြေပုံများမှ မိတ္တူ သို့မဟုတ် ကောက်နုတ် ချက်များ ရေးကူးခွင့်လျှောက်ထားလိုပါက အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-

 

(က) စာရင်းမြေပုံရေးကူးပေးရန် လျှောက်ထားခြင်းအတွက် လျှောက်ထားသည့်မြေနေရာ သည် မိမိဌာနမှ ရေးကူးပေးနိုင်သည့် ဧရိယာအတွင်းရှိကြောင်း အတည်ပြုနိုင်ပါက လျှောက်ထားလိုသူသည် မြေစာရင်းပုံစံ(၁၀၃)ဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးထံ လျှောက်ထားရပါမည်။

(ခ) လျှောက်ထားရာတွင် မြေစာရင်းပုံစံ(၁၀၃)၏ အပိုင်း(၁) မြေစာရင်း၊ မြေပုံနှင့် မှတ်တမ်း များ မိတ္တူရေးကူးခွင့်လျှောက်ထားခြင်းကို လျှောက်ထားသူကိုယ်တိုင် ရေးသွင်းဖော်ပြ ၍ လက်မှတ်ရေးထိုးလျှောက်ထားရပါမည်။

(ဂ) လျှောက်ထားသူမှ ရေးကူးလိုသည့်အကြောင်းအရာ(ဥပမာ- စာချုပ်စာတမ်းမှတ်ပုံတင် ရန်၊ တရားရုံးသက်သေခံတင်ပြရန်၊ အနားလေးရပ်မြေတိုင်းတာရန်၊ လက်ဝယ်ကိုင် ဆောင်ရန်၊ လယ်ယာမြေအခြားနည်းအသုံးပြုခွင့်လျှောက်ထားရန် စသည်ဖြင့်)ကို တိတိကျကျဖော်ပြရပါမည်။

(ဃ) လျှောက်လွှာနှင့်အတူ လျှောက်ထားသူကိုယ်တိုင် ပိုင်ဆိုင်ကြောင်း သို့မဟုတ် တစ်နည်း နည်းဖြင့် သက်ဆိုင်ကြောင်း အထောက်အထား၊ စာရွက်စာတမ်းမိတ္တူများကို ပူးတွဲ တင်ပြရမည်ဖြစ်ပြီး ကိုယ်စားလှယ်လွှဲအပ်၍ လျှောက်ထားခြင်းဖြစ်ပါက တရားဝင် ကိုယ်စားလှယ်လွှဲစာကို ပူးတွဲတင်ပြရပါမည်။

(င) လျှောက်ထားသည့်မြေသည် သာသနာမြေများဖြစ်ပါက သက်ဆိုင်ရာ ကျောင်းထိုင် ဆရာတော် သို့မဟုတ် ဂေါပကအဖွဲ့မှ လျှောက်ထားရပါမည်။

(စ) အငြင်းပွားမှုဖြစ်နေသော မြေများအပေါ် လျှောက်ထားမှုများအတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးမှသာ ရေးကူးခွင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သဖြင့် ဖြေရှင်းပြီးစီးကြောင်း အမိန့်ဒီဂရီ မိတ္တူ များ ပူးတွဲတင်ပြရပါမည်။

(ဆ) လျှောက်ထားသည့်မြေနှင့်ပတ်သက်၍ ဌာနမှ ကွင်းဆင်းစိစစ်ပြီးပါက လျှောက်ထား သူမှ မြေပုံမိတ္တူနှင့် မှတ်ပုံစာရင်းကောက်နုတ်ချက် မိတ္တူရေးကူးခနှင့် မြေတိုင်းတာခ နှုန်းထားများ ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၂၀၁/ ၂၀၁၉ အရ ကျသင့်သည့် မိတ္တူရေးကူးခများကို ပေးဆောင်ရပါမည်။

(ဇ) မြေပုံမိတ္တူနှင့် မှတ်ပုံစာရင်းကောက်နုတ်ချက် မိတ္တူရေးကူးခများ၏ ၁/၃ ပုံကို နိုင်ငံတော်သို့ ပေးသွင်းပြီးပါက လျှောက်ထားသူကာယကံရှင်များအား မြေစာရင်းပုံစံ (၁၀၅)(၁၀၆)များကို လုပ်ထုံလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

၁။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့မြေများ ကိုပိုင်ဆိုင်ခွင့်ရှိသူများမှ အောက်ဖော်ပြပါအတိုင်း အကြောင်းအရာ အမျိုးမျိုးဖြင့် မြေပုံ၊ မြေရာဇ၀င်ရေးကူးခွင့် လျှောက်ထားလာပါက ပိုင်ဆိုင်မှု အထောက်အထား ပြည့်စုံခိုင်လုံလျှင် မြေပုံကို မြေယာပုံစံ (၁၀၅)ဖြင့်လည်းကောင်း၊ မြေရာဇ၀င်ကို မြေယာပုံစံ (၁၀၆)ဖြင့်လည်းကောင်း ရေးကူး ထုတ်ပေးပါသည်−

(က)      ဘိုးဘပိုင်မြေ၊ ဂရန်မြေအမည်ပြောင်းရန်၊

(ခ)       အရောင်းအဝယ်စာချုပ်၊ အပေးစာချုပ်၊ စွန့်လွှတ်စာချုပ်၊လှူဒါန်း စာချုပ်၊  အမွေဆက်ခံစာချုပ်၊ ပိုင်/ညာစာချုပ် ချုပ်ဆိုရန်၊

(ဂ)       တရားရုံးတင်ပြရန်၊

(ဃ)      ဘဏ်တွင် အာမခံအဖြစ်ထားရှိရန်(အာမခံထားရှိမည့်ဘဏ်အမည်အား တိကျစွာ ဖော်ပြပါမည်။)

(င)       အိမ်ဆောက်မိန့်တင်ရန်နှင့် ရေမီတာလျှောက်ရန်။

 

 ၂။ အပိုဒ်(၁)ပါ အကြောင်းအရာများဖြင့် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာပါက အောက်ဖော်ပြပါ မြေပိုင်ဆိုင်ကြောင်းနှင့် အခြားအထောက် အထားများပါရှိရပါမည်။

(က)      လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊

(ခ)       ဂရန်မြေဖြစ်ပါက ဂရန်စာချုပ်မိတ္တူမှန်၊

(ဂ)       ဘိုးဘပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်မိတ္တူမှန်၊

(ဃ)      ကာယကံရှင်ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်ပါက ကာယကံရှင် မှ လွှဲအပ်သည့် မှတ်ပုံတင် ကိုယ်စားလှယ် လွှဲစာ။

၃။ မြေပုံ၊ မြေရာဇဝင်လျှောက်ထားမှုများကို ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိ၊ အထောက်အထား ပြည့်စုံခိုင်လုံပါက အချိန်(၄)ရက်(သို့မဟုတ်) (၅)ရက်အတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အမွေဆက်ခံ ပိုင်/ညာစာချုပ်ရန် အတွက်ဖြစ်ပါက သတင်းစာကြော်ငြာပြီး ကန့်ကွက်မှုမရှိမှဆောင်ရွက်ပေးပါသည်။

မြေပုံမြေရာဇဝင် လျှောက်လွှာဖောင် နမူနာပုံစံကို အောက်ကလင့်မှာ Download ရယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

၁၃-ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

 

 ၁။ ဘိုးဘပိုင်မြေများကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ဖော်ပြပါ အတိုင်း အမျိုးအစားများခွဲခြား၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်−

(၁)       အမည်ပြောင်း၊

(၂)        ဦးပိုင်ခွဲအမည်ပြောင်း(ဦးပိုင်တစ်ခုကို ခွဲစိတ်၍ အမည်ပြောင်းလျှောက် ထားခြင်း)

(၃)       အမည်ဖြည့်စွက်ခြင်း(မူလအမည်ပေါ်က်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံဖြည့်စွက်လျှောက်ထားခြင်း)

(၄)       အမည်ပယ်ဖျက်ခြင်း(မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအား ပယ်ဖျက်ပေးရန် လျှောင်ထားခြင်း)။

 

၂။ ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ် စာတမ်းများနှင့် အထောက်အထားများ လိုအပ်ပါသည်-

(၁)       လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊

(၂)        မြေပုံ၊ မြေရာဇဝင်မူရင်း၊

(၃)       အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်း မိတ္တူ၊

(၄)       အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင် စာချုပ်မိတ္တူမှန်၊

(၅)       အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း စွန့်လွှတ် စာချုပ်မိတ္တူမှန်၊

(၆)       တရားရုံးဒဂရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှအမည်ပြောင်း ပေးရန်အကြောင်းကြားစာ)

(၇)       အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊

(၈)       အိမ်ထောင်စုဇယား မိတ္တူမှန်၊

(၉)       အဆောက်အဦဓါတ်ပုံ၊

(၁၀)     ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်။

 

 ၃။    အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာ ကြော်ငြာ၍ ကန့်ကွက်မှုမရှိ၊ အရှုပ်အရှင်းမရှိပါက (၁)လအတွင်း အမည်ပေါက် ဆောင်ရွက် ပေးနိုင်ပါသည်။

ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်းလျှောက်လွှာဖောင် နမူနာပုံစံကို အောက်ကလင့်မှာ Download ရယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ

 

၁၄-မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ် ကို အောက်ကလင့်မှာ PDF လုပ်ပြီးတင်ပေးထားတယ် လိုချင်ရင်တော့ Download ရယူပါ။



လိုချင်ရင် ဒီမှာ နှိပ်ပါ

 

အတတ်နိုင်ဆုံး ပြည့်စုံအောင် စုစည်းတင်ပေးထားပါတယ်.. အဆင်ပြေကြပါစေ။

 

လှိုင်ဘွား (လယ်ယာမြေ)

Ph : 09250681491/ 09799726931

 

 ဒီ ပို့စ်ကို  Pdf  ဖိုင်နဲ့လိုချင်ရင် အောက်ကလင့်မှာ Download  ရယူပါ။

လိုချင်ရင် ဒီမှာ နှိပ်ပါ


အပေါ်မှာ ဖေါ်ပြခဲ့တဲ့  လျှောက်လွှာ နမူနာပုံစံ နဲ့ ဒေါင်းလုပ်လင့်တွေကို တစ်စုတစ်စည်းထဲ အောက်မှာ ပြချပေးထားပါတယ်... အဆင်ပြေကြမယ်လို့ထင်ပါတယ်... 


မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

https://drive.google.com/file/d/1hakEwMLq1Z5GszQ6YC8vZpF_HSmphX4j/view?usp=sharing

မြေငှားဂရန် အသစ် လျှောက်လွှာ နမူနာပုံစံ

https://drive.google.com/file/d/1kjgSZ4HuBiUTB0igkLc4NcYEBIPpy6zt/view?usp=sharing

မြေငှားဂရန် အမည်ပြောင်း လျှောက်လွှာ

https://drive.google.com/file/d/1kG5rgHLwJN_9kSzizvDy2T7O7pLXui6F/view?usp=sharing

အခွန်လွတ် သာသနာဂရန် လျှောက်လွှာ နမူနာပုံစံ 

https://drive.google.com/file/d/1BZM1HT1SIVVSdVQb-ZI_Ij8YgsA6MmX9/view?usp=sharing

ဗဒ္ဓသိမ်ဂရန် လျှောက်ရန်ဖောင်များအတွက် နမူနာပုံစံ 

https://drive.google.com/file/d/1oyCS1PTu-GKFlhXdmqkl1El8KAuLZZnN/view?usp=sharing

ဂရန်အမည်ပြောင်းလျှောက် နမူနာပုံစံ

https://drive.google.com/file/d/1XeIlZ-V9TBxyM6GlI4a26ZTgtcN7gp3E/view?usp=sharing

မြေ၏နယ်နိမိတ်တိုင်းရန်လျှောက်ထားခြင်း

https://drive.google.com/file/d/1N4JnxjOrXPG5Edv9bnl1u0xuoL331xCu/view?usp=sharing

မြေပုံမြေရာဇဝင် လျှောက်ရန်နမူနာပုံစံ

https://drive.google.com/file/d/1mlEOhaiIuV8qdExJsm0gZ0eph0CoRlPc/view?usp=sharing

ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလျှောက်လွှာပုံစံနမူနာ

https://drive.google.com/file/d/1zo1BhQxRMxc8PU4sO9wXYvilamtPqATg/view?usp=sharing

ဂရန် ပို့စ် တစ်ခုလုံးကိုဒေါင်းလုပ်ဆွဲချင်ရင်

https://drive.google.com/file/d/13sZxWnTZlU6ZWd67Kwdzif1UkJnXBpu2/view?usp=sharing

0 comments:

Post a Comment