#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ခြင်း။

Monday, August 17, 2020

 

တရားမအထွေထွေလျှောက်ထားမှု

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော

ဦးစိုးညွန့်နှင့် ဦးမြသိမ်း တို့ရှေ့တွင်

 

ဦးလှမြင့်ဖူး

နှင့်

ဌာနမှူး

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ ၂

(၂၀၁၅ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၈၂)

 

မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ခြင်း။

( ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်)

 

ဆုံးဖြတ်ချက်။                   မြေကွက်ခွဲစိတ်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်သည့် ဧရိယာအတိုင်း အတာနှင့် လျှောက်ထားလိုသူသည် မြေတိုင်းလျှောက်ထားစဉ်က တင်ပြခဲ့သော အထောက်အ ထားများအပြင် လိုအပ်သည့်စာရွက်စာတမ်းမူရင်းများတင်ပြရန် မြေစီမံခန့်ခွဲမှုနှင့်မြေတိုင်း တာခြင်းဆိုင်ရာလုပ်ထုံး လုပ်နည်းအပိုဒ် ၇ တွင် သတ်မှတ်ဖော်ပြထားသည်။

          ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန သည် လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂)တို့ နှစ်ဦးပူးတွဲအမည်ပေါက်လျက် ရှိသည့် အချင်းဖြစ်မြေကွက်ကြီးဧရိယာ ၀.၄၅၄ ဧကတွင် အမှတ် ၉ အဆောက်အဦတည်ရှိရာ မြေကွက်ဧရိယာ ၀.၃၂၃ ဧကကို လျှောက်ထားခံရသူအမှတ် ၂ က ၎င်းတစ်ဦးတည်းအမည်ပေါက် လျှောက်ထား

ရန်အတွက် မြေကွက်ခွဲ၊ မြေပုံကူးနှင့် မြေတိုင်းလျှောက်ထားခြင်းအပေါ် နှစ်ဦး ပူးတွဲအမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်မိတ္တူ၊ နှစ်ဦးအမည်ပေါက်လွှဲပြောင်းခြင်း မှတ်တမ်းမိတ္တူတို့ဖြင့်သာ လက်ခံဆောင်ရွက်ပေးခဲ့ခြင်းသည် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများ နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း မြင်သာသည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန သည် ဒေါ်မီမီမြင့်ဖူး လက်ရှိဖြစ်သည့်အပိုင်းကို ဦးလှမြင့်ဖူး၏ သဘောတူညီချက်မရရှိဘဲ နှစ်ဦး ပူးတွဲ အမည်ပေါက်မှ ဒေါ်မီမီမြင့်ဖူးတစ်ဦးတည်းအမည်ပေါက်အဖြစ် တစ်ဖက်သတ်မြေကွက် ခွဲဝေပေးခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်တွေ့ရှိရသည်။

လျှောက်ထားသူအတွက်

-

ဒေါ်လှလှလွင်

တရားလွှတ်တော်ရှေ့နေ

လျှောက်ထားခံရသူ (၁)အတွက်

-

ဒေါ်ယုယုခင်၊ ညွှန်ကြားရေးမှူး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

လျှောက်ထားခံရသူ (၂)အတွက်

-

ဦးခင့်အောင်

တရားလွှတ်တော်ရှေ့နေ

          ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၅ ဒီ၊ မြေကွက်အမှတ် ၄၇ဒီ/ ၁ အေ၊ ဧရိယာ ၀.၄၅၄ ဧကရှိ မြေသည် ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အမွေ ဆက်ခံပိုင်ဆိုင် ကြောင်းကြေညာစာချုပ်အမှတ် ၂၉၄၃/၂၀၁၄ အရ လျှောက်ထားသူ ဦးလှမြင့်ဖူး နှင့် လျှောက်ထားခံရသူ အမှတ် (၂) ဒေါ်မီမီမြင့်ဖူးတို့မှ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေဆက်ခံပိုင်ဆိုင်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာန၏ ၁၈-၉-၂၀၁၄ ရက်စွဲဖြင့် ဦးလှမြင့်ဖူးနှင့် ဒေါ်မီမီမြင့်ဖူးတို့ နှစ်ဦးပူးတွဲ အမည်ပေါက်ပြောင်းလဲပိုင်ဆိုင်ခွင့်ရရှိခဲ့ကြကြောင်း၊ အဆိုပါ ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်းများ ကို ရန်ကုန်မြို့၊ ဝါးတန်းလမ်းရှိ မြဝတီဘဏ်၏ လော်ကာအမှတ်- D,342 တွင် လျှောက်ထားသူ နှင့် ဒေါ်မီမီမြင့်ဖူးတို့နှစ်ဦးကအပ်နှံခဲ့ပြီး သော့တစ်ချောင်းစီကိုင်ဆောင်ကာ နှစ်ဦးသဘောတူညီ ချက် ဖြင့်နှစ်ဦးအတူတကွထုတ်ယူမှသာ ဘဏ်မှထုတ်ယူခွင့်ပြုရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ အချင်းဖြစ်မြေကွက်ပေါ်တွင် အမှတ် ၉ နှင့် ၉/က ဟူ၍ အဆောက်အဦ ၂ လုံးရှိရာ အမှတ်-၉ မြေနှင့်အဆောက်အဦကို ဒေါ်မီမီမြင့်ဖူးနှင့် မိသားစုက ငှားရမ်းထားခဲ့ပြီး အမှတ် ၉/က တွင် လျှောက်ထားသူ ဦးလှမြင့်ဖူးမိသားစုနေထိုင်လျက်ရှိကြောင်း၊ အမှတ်-၉ မြေကွက်တွင် ဦးလှမြင့်ဖူး ရပိုင်ခွင့်ရှိသည့် ၃၇၀၉ စတုရန်းပေမြေပိုပါဝင်နေကြောင်း၊ အဆိုပါနှစ်ဦးပူးတွဲ အမည်ပေါက်မြေကွက် ကြီးတွင် အမှတ်-၉ တည်ရှိရာအပိုင်းကို ဒေါ်မီမီမြင့်ဖူးက လျှောက်ထား သူအား အသိပေးအကြောင်းကြားခြင်းမရှိဘဲ အမည်ပေါက်လျှောက်ထားရန်အတွက် မြေကွက်ခွဲ မြေပုံကူးနှင့် မြေတိုင်းလျှောက်ထားခဲ့ကြောင်းကို သတင်းစာကြော်ငြာပါမှ သိရှိရသဖြင့် လျှောက်ထားသူက အထောက်အထား စာရွက်စာတမ်းများဖြင့် တင်ပြကန့်ကွက်ခဲ့ကြောင်း၊ လျှောက်ထားသူမှလည်း မြေကွက်ခွဲစိတ် မြေပုံကူးယူခွင့်ပြုရန်နှင့် မြေတိုင်းခွင့်ပြုရန် လျှောက်ထားခဲ့ရာ အဆိုပါမြေကွက်အမှတ် ၄၇-ဒီ/ ၁ အေ သည်မြေစာရင်းတွင် ခွဲစိတ်ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှု ဌာနက ၂၉-၄-၂၀၁၅ ရက်စွဲဖြင့်အကြောင်းကြားစာပေးပို့ခဲ့ကြောင်း၊ နှစ်ဦးပူးတွဲ အညီအမျှ ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသည်ကို ဆန့်ကျင်သွေဖီလျက် လျှောက်ထားသူ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ မြေကွက်များခွဲစိတ်ပြီးကြောင်း အကြောင်းကြားစာပေးပို့လာခြင်းသည် ဌာန၏ လုပ်ထုံးလုပ်နည်းမူဘောင်ကို ကျော်လွန်၍ တစ်ဖက်သတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သောကြောင့် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်ပေးသင့်ကြောင်းဖြင့် ဦးလှမြင့်ဖူးက လျှောက်ထားလာ ခြင်းဖြစ်သည်။

          လျှောက်ထားခံရသူအမှတ် (၁) အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူး က နှစ်ဦးပူးတွဲအမည်ပေါက်မြေကွက်ကို လျှောက်ထားခံရသူအမှတ် (၂) တစ်ဦးတည်းက အမှတ် (၉) တည်ရှိရာ မြေအားအမည်ပေါက်လျှောက်ထားရန်အတွက် မြေကွက်ခွဲ၊ မြေပုံကူးနှင့် မြေတိုင်းတာရန် လျှောက်ထားခဲ့ရာတွင် လျှောက်ထားခံရသူအမှတ် (၁) ဌာနက သတင်းစာတွင် ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခဲ့ပြီးလျှောက်ထားသူက ဌာနမှူးထံလိပ်မူ၍ ကန့်ကွက်စာ တင်ပြခဲ့ကြောင်း၊ ဌာနမှူးရုံးခန်း၌ပြုလုပ်သော အစည်းအဝေး၌လည်း လျှောက်ထားသူက တင်ပြကန့်ကွက်ခဲ့ကြောင်း တွေ့ရှိရသော်လည်း ဒေါ်မီမီမြင့်ဖူးသည် မြေကွက်တစ်ခုလုံး၏ ပူးတွဲ အမည်ပေါက်တစ်ဦးဖြစ်ခြင်း၊ တရားရုံးစီရင်ချက် အထောက်အထားများအရ ၎င်းလက်ရှိ ဖြစ်ကြောင်းပေါ်ပေါက်ခြင်း၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်မိတ္တူကိုတင်ပြခြင်း ဖြစ်သော်လည်း ယင်းစာချုပ်မူရင်းကို လျှောက်ထားခံရသူ အမှတ်(၁)၏ ဌာနကလျှောက်ထား သူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့ နှစ်ဦးပူးတွဲအမည်ပေါက်ပြောင်းရန် လျှောက်ထားစဉ် က တိုက်ဆိုင်စစ်ဆေးထားပြီးဖြစ်ခြင်း၊ ၂၉-၁၀-၂၀၁၄ ရက်စွဲပါ လျှောက်ထားသူနှင့် လျှောက် ထားခံရသူ အမှတ်(၂)တို့၏ သဘောတူစာချုပ်အပိုဒ် ၄ တွင် လက်ရှိနေထိုင်လျက်ရှိသော မြေကွက်နှင့် မြေကွက်ပေါ်ရှိ အဆောက်အဦများတွင် လက်ရှိအနေအထားအတိုင်း သီးခြားစီ လွတ်လပ်စွာနေထိုင်ခွင့်ရှိကြောင်း ဖော်ပြထားခြင်း၊ စာချုပ်အပိုဒ် ၇ တွင် မြေ၏ အကျယ်အဝန်း ခြားနားချက်ကို အမှတ် ၉ ခြံရောင်းသည့် အခါကာလပေါက်ဈေးဖြင့်တန်ဖိုးသင့်၍ ဒေါ်မီမီမြင့်ဖူး က ဦးလှမြင့်ဖူးသို့ ပေးချေရန် သဘောတူကြောင်းဖော်ပြထားခြင်း၊ စာချုပ်အပိုဒ် ၁၀ တွင် အကယ်၍ မိမိတို့လက်ရှိ နေထိုင်သောနေရာကို မိမိအမည်ပေါက်ရန် သီးခြားစီဆောင်ရွက်လို ပါက ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားခြင်း၊ ဒေါ်မီမီမြင့်ဖူးနှင့် ဦးလှမြင့်ဖူးတို့၏ မြေကွက် များသည် ကြားတွင် မူလကပင်အုတ်ခြံစည်းရိုးကာရံ ပိုင်းခြားထားပြီး သီးခြားစီဖြစ်ကြောင်း မှတ်တမ်းဓါတ်ပုံများအရ တွေ့ရှိရခြင်းတို့ကြောင့် လျှောက်ထားချက်အပေါ် လက်ခံစဉ်းစားရန် မသင့်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန အလိုက် နည်းဥပဒေများ ပြဋ္ဌာန်းခဲ့သော်လည်း မြေတိုင်းတာခြင်း၊ မြေကွက်ခွဲစိတ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို နည်းဥပဒေတွင် ဖော်ပြထားခြင်း မရှိသဖြင့် ဌာန၏လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ခဲ့ရာတွင် ဥပဒေနှင့်အညီ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာရန်ပျက်ကွက်ခဲ့သည်ဟု ပေါ်ပေါက်မှုမရှိကြောင်း၊ လျှောက်ထားခံ ရသူ အမှတ်(၁)ဌာန၏ ဆောင်ရွက်ချက်သည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိဟု မဆိုနိုင် သည့်အပြင် လျှောက်ထားခံရသူအမှတ် (၂) သည် ၎င်းလက်ရှိပိုင်ဆိုင်သောမြေကွက်ကိုသာ ၎င်း အမည်ပေါက် မြေကွက်ခွဲမြေပုံကူးနှင့် မြေတိုင်းတာလျှောက်ထားခြင်းအပေါ် ခွင့်ပြုခဲ့ခြင်းသာ ဖြစ်သောကြောင့် အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့်အာဏာပေး စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထား ချက်အား ပယ်သင့်ကြောင်း လျှောက်လဲတင်ပြသည်။

          လျှောက်ထားခံရသူအမှတ် (၂) ၏ တရားလွှတ်တော်ရှေ့နေက လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့သည်အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပြီးနောက် တွင် လျှောက်ထားသူသည် အကြောင်းအမျိုးမျိုးပြ၍ ၂၉-၁၀-၂၀၁၄ ရက်စွဲပါ နှစ်ဖက်သဘော တူစာချုပ်ကို ဆန့်ကျင်လျက် မြေကွက်ခွဲစိတ်ရန် ငြင်းဆန်နေပြီး မူရင်းများကို ဘဏ်လော်ကာ တွင် ထားပြီးမှ ဆက်ဆွေးနွေးမည်ဟု အကြပ်ကိုင်နေ၍ လျှောက်ထားခံရသူအမှတ် (၂) က တစ်ဖက်သတ် မြေကွက်ခွဲမြေပုံနှင့် မြေတိုင်းလျှောက်ထားခဲ့ရကြောင်း၊ ထိုသို့လျှောက်ထားရာ တွင် လျှောက်ထားခံရသူအမှတ် (၂) က အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ် ၂၉၄၃/၂၀၁၄ မိတ္တူနှင့်အတူ တရားရုံးစီရင်ချက် အထောက်အထားများ၊ လျှောက်ထားခံရသူ အမှတ်(၂)မှ ဆရာစံရပ်ကွက်အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင်ပြုလုပ်ခဲ့သည့် ၁-၁-၂၀၁၅ ရက်စွဲပါ ဝန်ခံချက်၊ လျှောက်ထားသူထံအကြောင်းကြား စာတို့ကိုပူးတွဲတင်ပြခဲ့ကြောင်း ၂၉-၁၀-၂၀၁၄ ရက်စွဲပါ နှစ်ဖက်သဘောတူစာချုပ်တွင် မိမိတို့လက်ရှိထားနေထိုင်လျှက်ရှိသော မြေကွက်နှင့် အဆောက်အဦတွင် သီးခြားစီလွတ်လပ်စွာနေထိုင်ခွင့် စီမံပိုင်ခွင့်ရှိကြောင်း၊ အမှတ် ၉/ က မြေကွက် အကျယ်အဝန်းထက် အမှတ် ၉ မြေကွက်ကထက်ဝက်စီ အကျယ်အဝန်းထက် ၃၇၀၉ စတုရန်းပေ ပိုမိုနေခြင်းကို အမှတ် ၉ ခြံရောင်းသည့်အခါ တန်ဖိုးသင့်၍ ဒုတိယတစ်ဖက်က ပထမတဖက်သို့ပေးချေရန်၊ မိမိတို့လက်ရှိ နေထိုင်နေသောနေရာကို မိမိအမည်ပေါက်ရန် သီးခြားဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ခွင့်ရှိကြောင်းတို့ကိုဖော်ပြ သဘောတူထားခဲ့ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် ယခင် ကွင်းဆင်းတိုင်းတာခဲ့သော မြေအတိုင်းအတာများကို ထပ်မံကွင်းဆင်းအတည်ပြုပြီး တည်ဆဲ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ၀.၄၅၄ ဧက မြေကွက်ကြီးမှ လျှောက်ထားခံရသူ အမှတ် (၂) ဒေါ်မီမီမြင့်ဖူး တစ်ဦးတည်းအမည်ဖြင့် ၀.၃၂၃ ဧက မြေကွက်ကိုခွဲစိတ် ပေးခြင်း ဖြစ်ကြောင်း၊ ဥပဒေဘောင်ကျော်လွန်၍ ဆောင်ရွက်ပေးခဲ့ကြောင်း မပေါ်ပေါက်၍ လျှောက်ထားလွှာကို ပယ်သင့်ကြောင်း လျှောက်လဲတင်ပြသည်။

          လျှောက်ထားသူ၏ တရားလွှတ်တော်ရှေ့နေက လျှောက်ထားခံရသူအမှတ်(၂)၏ တစ်ဖက်သတ်ဆောင်ရွက်မှုကို သိလျှင်သိချင်း လျှောက်ထားသူက ၂၁-၁၁-၂၀၁၄ နေ့စွဲပါစာ အမှတ် ၂၀၆၈၈/၂၀၁၄ ဖြင့် လျှောက်ထားခံရသူအမှတ် (၁) ဌာန၏ ဌာနမှူးထံလိပ်မူ၍ အထောက်အထားစာရွက်စာတမ်းပြည့်စုံစွာဖြင့် တင်ပြကန့်ကွက်ခဲ့ကြောင်း၊ အချင်းဖြစ် မြေကွက်ကြီးအား ထက်ဝက်စီညီတူညီမျှ ခွဲစိတ်နိုင်ရေးအတွက်လျှောက်ထားသူက ၂၂-၄-၂၀၁၅ နေ့တွင် မြေကွက်ခွဲစိတ်မြေပုံကူးခွင့်ပြုရန်နှင့် ၂၇-၄-၂၀၁၅ နေ့တွင် မြေတိုင်းခွင့်ပြုရန် လျှောက်ထားခဲ့ရာ လျှောက်ထားခံရသူအမှတ် (၁) ဌာနက မြေကွက်အမှတ် ၄၇-ဒီ/၁ အေ သည် မြေစာရင်းတွင်မြေကွက် ခွဲစိတ်ပြီးဖြစ်ကြောင်း၊ ၂၉-၄-၂၀၁၅ ရက်စွဲပါ အကြောင်းကြားစာကို ပေးပို့ခဲ့ကြောင်း၊ လျှောက်ထားသူ၏သဘောတူညီချက်မပါဘဲ ထိုကဲ့သို့တစ်ဖက်သတ် မြေခွဲစိတ် ပေးခဲ့ခြင်းသည် တရားမျှတမှုနှင့်ကင်းဝေးလျက်ရှိကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသည် လျှောက်ထားသူ၏ကန့်ကွက် နေမှုကို လျစ်လျူရှုကာ ဌာန၏လုပ်ထုံးလုပ်နည်းမူဘောင်ကို ကျော်လွန်၍ တစ်ဖက်သတ် ဆောင်ရွက် ဆုံးဖြတ်ခဲ့ခြင်းသည် လျှောက်ထားသူ၏ ပုဂ္ဂလိကအခွင့်အရေးနစ်နာဆုံးရှုံးရပါကြောင်း၊ လျှောက်ထားခံရသူအမှတ် (၁) ဌာနတွင် မည်သည့်ကိစ္စရပ်မဆို အမှုတွဲဖွင့်လှစ် ဆောင်ရွက်မည် ဆိုပါက ပိုင်ဆိုင်မှုအထောက်အထား မူရင်းများ ပြသတိုက်ဆိုင် စစ်ဆေးပြီးမှသာ အမှုတွဲဖွင့်လှစ် ဆောင်ရွက်ခွင့်ရှိသည်ဆိုခြင်းမှာ အများပြည်သူသိရှိနားလည်ထားသည့် လုပ်ထုံးလုပ်နည်း တစ်ရပ်ဖြစ်ကြောင်း၊ လျှောက်ထားခံရသူအမှတ် (၂) မှ ပိုင်ဆိုင်မှုအထောက်အထား မူရင်းများ မပါဘဲ မိတ္တူဖြင့်သာ တစ်ဖက်သတ်တင်ပြလျှောက်ထားချက်အပေါ် ဆောင်ရွက်ပေးခဲ့ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့်ဆန့်ကျင်နေကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တရားဝင် Website တွင် အများပြည်သူသိရှိလိုက်နာရန် ထုတ်ပြန်ထားသည့် မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၆၊ ၇ ပါ မြေတိုင်းတာခြင်း၊ မြေကွက် ခွဲစိတ်ခြင်းတို့အတွက် ဌာနမှ သတ်မှတ်ထားသည့် အချက်များနှင့် ပြည့်စုံမှန်ကန်မှသာလျှင် တရားဝင်မြေတိုင်းတာခြင်းနှင့် မြေကွက်ခွဲစိတ်ခြင်းများကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ လျှောက်ထားခံရသူအမှတ် (၁) သည် မိမိထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း အပိုဒ် ၆ (ခ) (ဂ) (ဃ) တို့ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ခဲ့ကြောင်း၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၇ တွင် တစ်ဖက်သတ်မြေကွက် ခွဲစိတ်နိုင်ကြောင်း ထုတ်ပြန်သတ်မှတ်ထားမှု မရှိကြောင်း၊ လျှောက်ထားခံရသူအမှတ် (၂) ၏ တစ်ဖက်သတ် လျှောက်ထားမှုအပေါ် လျှောက်ထားသူက ကန့်ကွက်ခဲ့ပြီးနောက် လျှောက်ထားခံရသူအမှတ်(၁)က မည်သည့်အကြောင်းကြားစာကိုမျှ ကန့်ကွက်သူအားအသိပေးအကြောင်းကြားမှုမရှိခြင်းသည် လုပ်ထုံးလုပ်နည်း လွဲမှားနေကြောင်း၊ ၂၉-၁၀-၂၀၁၄ နေ့စွဲပါစာချုပ်ကို ၉-၆-၂၀၁၄ နေ့စွဲပါ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင် ကြေညာ စာချုပ် အမှတ်-၂၉၄၃/ ၂၀၁၄ ဖြင့် အစားထိုးအတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ လျှောက်ထားခံရသူအမှတ် (၁) ဌာနသည် ဥပဒေနှင့်အညီ တရားဝင်ချုပ်ဆိုထားသည့် ၉-၆-၂၀၁၄ နေ့စွဲပါ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ် ၂၉၄၃/ ၂၀၁၄ ကို မျက်ကွယ်ပြု၍ တရားရုံး၏လုပ်ပိုင်ခွင့်အာဏာကို ကျော်လွန်ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ အာဏာပေးစာချွန်တော်အမိန့်ထုတ်ဆင့် ပေးသင့်ကြောင်း လျှောက်လဲတင်ပြသည်။

          ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြုစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန သည် လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့ နှစ်ဦးပူးတွဲ အမည်ပေါက်လျက်ရှိ သော မြေကွက်ကြီးမှ လျှောက်ထားခံရသူအမှတ် (၂) လက်ရှိဖြစ်သည့် အမှတ် ၉ တည်ရှိရာ အပိုင်းကို တစ်ဖက်သတ်မြေ တိုင်းတာခြင်းနှင့် မြေကွက်ခွဲစိတ်ခြင်းတို့ပြုလုပ်ခဲ့ခြင်းသည် ယင်း ဌာနကထုတ်ပြန်ထားသည့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာနည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ မရှိ စိစစ်ရန်ဖြစ်သည်။

          လျှောက်ထားလွှာ၊ ကျမ်းကျိန်လွှာများနှင့် ပူးတွဲတင်ပြသည့် အထောက်အထား စာရွက်စာတမ်းများအရ အချင်းဖြစ်မြေကွက်အမှတ် ၄၇/ ဒီ/ ၁ -အေ ဧရိယာ ၀.၄၅၄ ဧက မြေပိုင်မြေသည် မူလပိုင်ရှင် Mr J W Darwood ထံမှ လျှောက်ထားသူ၏ မိဘများဖြစ်ကြသော ဦးဖူး၊ ဒေါ်ခင်မြင့်မြင့်တို့က ၁၉-၁-၁၉၅၁ နေ့တွင် ဝယ်ယူ ပိုင်ဆိုင်ခဲ့ကြောင်း၊ လျှောက်ထားခံရ သူအမှတ် (၂) ဒေါ်မီမီမြင့်ဖူးသည် လျှောက်ထားသူ၏ အကိုဖြစ်သူ ဦးမြင့်ဖူး၏ သမီးဖြစ်ပြီး ၎င်းအားဖခင်ဦးဖူးက ရန်ကုန်မြို့စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ကိတ္တိမမွေးစားခြင်းမှတ်ပုံတင် စာချုပ် အမှတ် ၁၈/၁၉၇၁ ဖြင့် တရားဝင်မွေးစားခဲ့ကြောင်း၊ မိဘများနှင့် အစ်ကိုဖြစ်သူ ဦးမြင့်ဖူး ကွယ်လွန်ပြီးနောက် လျှောက်ထားသူနှင့် လျှောက်ထားခံရသူ (၂) တို့သည် အဆိုပါမြေနှင့် မြေပေါ်ရှိအကျိုးခံစားခွင့် အရပ်ရပ်တို့ကို ရန်ကုန်မြို့စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ အမွေ ဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ် ၂၉၄၃/၂၀၁၄ အရ နှစ်ဦးအမွေဆက်ခံပိုင်ဆိုင် ခဲ့ကြပြီး လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့၏ အမည်ပေါက်မြေရာဇဝင် မှတ်တမ်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှု ဌာန ၏ ၁၇-၉-၂၀၁၄ ရက်စွဲဖြင့် မြေအမည်ပေါက်လွှဲပြောင်းခြင်း မှတ်တမ်းတို့အရ အချင်းဖြစ် မြေတွင်နှစ်ဦးပူး တွဲ အမည်ပေါက်လျက်ရှိကြောင်းတွေ့ရှိရသည်။

          အဆိုပါအမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်အမှတ် ၂၉၄၃/၂၀၁၄ မူရင်းနှင့် အမည် ပေါက်လွှဲပြောင်းခြင်းမှတ်တမ်းမူရင်းတို့ကို လျှောက်ထားသူနှင့် လျှောက်ထားခံရသူ အမှတ် (၂) တို့က ၅-၁၁-၂၀၁၄ နေ့တွင် မြဝတီဘဏ်၌ လော်ကာအမှတ် D, 342 ဖြင့် အပ်နှံထားပြီး နှစ်ဦးသဘောတူမှသာ ထုတ်ယူနိုင်ရန်စီစဉ်ထားကြောင်းတွေ့ရသည်။ ထိုကဲ့သို့ စာချုပ်စာတမ်းမူရင်းတို့ကို ဘဏ်တွင်အပ်နှံထားသဖြင့် လျှောက်ထားခံရသူအမှတ် (၂) က စာချုပ်စာတမ်း မိတ္တူများကိုတင်ပြ၍ အမှတ် ၉ ဆရာစံလမ်းဟု ခွဲစိတ်ထားပြီးသော မြေကွက် အား မိမိတစ်ဦးတည်းအမည်ပေါက်ပြုလုပ်ပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမိန့်ကြော်ငြာစာအမှတ် ၃/ ၂၀၀၁ ဖြင့် ထုတ်ပြန်ထားသော မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာနည်းဥပဒေများ ၄၄ နှင့် ၅၄ အရ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသည် ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက်အရ မြေတိုင်းတာပြီး အတည်ပြု မြေတိုင်းမြေပုံထုတ်ပေးနိုင်ကြောင်း၊ ထိုသို့ လျှောက်ထားရာတွင် မြေအမည်ပေါက်ကိုယ်တိုင်ဖြစ်စေ၊ အမည်ပေါက်ထံမှ မှတ်ပုံတင်စာချုပ်စာတမ်း အဆက်အစပ် ဖြင့်ဆက်ခံသူကဖြစ်စေ လျှောက်ထားနိုင်ပြီး ပိုင်ဆိုင်မှုအထောက်အထားအဖြစ် ဂရန်မြေဖြစ်ပါ က ဂရန်မူရင်း၊ မြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ် အဆက်အစပ်မူရင်းများ တင်ပြရန်လိုအပ် ပြီး မှတ်ပုံတင်စာချုပ်အဆက်အစပ်များ တင်ပြနိုင်ခြင်းမရှိပါက ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် တရားရုံးစီရင်ချက်တာဝန်ခံမိတ္တူမှန်များ တင်ပြနိုင်ကြောင်း၊ ပူးတွဲအမည် ပေါက်မြေကွက်များ အား မြေကွက်ခွဲစိတ်ခြင်းနှင့်စပ်လျဉ်း၍ အကြောင်းအမျိုးမျိုးကြောင့် ပူးတွဲလျှောက်ထားနိုင်ခြင်း မရှိပါက မြေကွက်ခွဲစိတ်လိုသူသည် အမည်ပေါက်ကိုယ်တိုင်ဖြစ်ပြီး ၎င်းကခွဲစိတ်လိုသည့် အစိတ်အပိုင်းသည် မျက်နှာစာဖက်၌ အနည်းဆုံး ပေ ၂၀ ရှိရမည်ဖြစ်ပြီး မြေတစ်ကွက်လုံး၏ စုစုပေါင်းဧရိယာသည် အနည်းဆုံး ၁၂၀၀ စတုရန်းပေရှိရမည့်အပြင် တစ်ဖက်သတ်ခွဲစိတ်၍ ကျန်ရှိမည့် အစိတ်အပိုင်းသည်လည်း ထိုသို့အနည်းဆုံးသတ်မှတ်ထားသည့် ဧရိယာအတိုင်း အတာရှိပြီး မြေပြင်တွင်လည်းမြေကွက်များ သီးခြားစီဖြစ်ပါက ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် မှတ်ပုံတင်စာချုပ်မူရင်း တင်ပြနိုင်ခြင်းမရှိသည့်တိုင် တရားရုံးစီရင်ချက်အထောက်အထားများ တင်ပြနိုင်ပါက တစ်ဖက်သတ်မြေကွက် ခွဲစိတ်ခွင့်ပြုသည့်နည်းလမ်းကို ကျင့်သုံးဆောင်ရွက် လျက်ရှိကြောင်း၊ ဒေါ်မီမီမြင့်ဖူး၏ မြေကွက်အတိုင်းအတာသည် သတ်မှတ်ချက်ပြည့်မီခြင်း၊ မြေပြင်သို့ထပ်မံကွင်းဆင်းရာအမှတ် ၉ နှင့် ၉/က သည် မြေပြင်တွင် သီးခြားစီဖြစ်ကြောင်း တွေ့ရှိရခြင်းတို့ကြောင့် ဌာန၏ ၂၂-၄-၂၀၁၅ ရက်စွဲပါစာဖြင့် မြေကွက်ခွဲစိတ်ခွင့်ပြုခဲ့ပြီး လျှောက်ထားသူဦးလှမြင့်ဖူးထံ ၂၉-၄-၂၀၁၅ ရက်စွဲပါစာဖြင့် အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်ကြောင်းလျှောက်ထားခံရသူအမှတ် (၁) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှူးက ပြန်ကြားအစီရင်ခံစာ၊ ပြန်လှန်ကျမ်းကျိန်လွှာတို့ကို ပူးတွဲစာရွက် စာတမ်းအထောက်အထားများ ဖြင့်တင်ပြသည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၄၄ တွင် ကော်မတီသည် အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ၊ မြေတိုင်းတာပြီး မြေတိုင်းမြေပုံကို ထုတ်ပေးနိုင်သည်ဟု ဖော်ပြထားပြီး ကော်မတီ၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း တာဝန်များကို ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အားဖြစ်စေ၊ လက်အောက်ဌာနအဖွဲ့အစည်းအား ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်ဟု နည်းဥပဒေ ၅၄ တွင် ဖော်ပြထားသည်။

          ယင်းကော်မတီ၏မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် မြေအမည်ပေါက်ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ အပိုဒ် ၄ (ခ) တွင် လျှောက်ထားလိုသူသည် ဌာနမှသတ်မှတ်သောပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်က အမည်ပေါက် စာချုပ်၊ ဂရန်မြေဖြစ်က မြေငှားဂရန်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ၊ စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါကမှတ်ပုံတင်စာချုပ်စာတမ်း၊ တရားရုံးအမိန့်ရရှိထား သူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးကချမှတ်ထားသည့် စီရင်ချက်နှင့်ဒီကရီ မူရင်းများ တင်ပြလျှောက်ထားရပါသည်ဟု လည်းကောင်း၊ အပိုဒ် ၄ (ဂ) တွင် ဌာနမှ ဂရန်အသစ် လျှောက်ထားခဲ့စဉ်ကကဲ့သို့ပင် စိစစ်၍ ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်း စေပြီး မြေအမည်ပေါက်ပြောင်းလဲ မှတ်သားပေးနိုင်ရန် လျှောက်ထားသူမှ မှတ်ပုံတင်စာချုပ် မူရင်း သို့မဟုတ် မြေငှားဂရန်မူရင်း တင်ပြရမည်ဖြစ်ပြီး ဌာနမှအမည်ပြောင်းလဲ ခြင်းမှတ်တမ်း တွင် ရေးဖြည့်ပြီးပြန်လည်ထုတ်ပေးပါသည်ဟုလည်းကောင်း ဖော်ပြထားသည်။ မြေတိုင်းတာ ခြင်းနှင့် စပ်လျဉ်း၍ အဆိုပါလုပ်ထုံးလုပ်နည်းအပိုဒ် ၆ (ခ) နှင့် (ဂ) တွင် စာချုပ်စာတမ်းမူရင်း များတင်ပြလျှောက်ထားရန် သတ်မှတ်ထားပြီး ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေးပါသည်ဟုလည်းကောင်း၊ အပိုဒ် ၆ (ဃ) တွင် လျှောက်ထားသူ တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထားကိုက်ညီမှန်ကန်မှုရှိပါက လျှောက်ထားသည့် မြေကွက်နှင့် ထိစပ်နေသည့် ပတ်ဝန်းကျင်မြေကွက်များမှ မြေတိုင်းတာမည် ဖြစ်ကြောင်း ကြော်ငြာစာတွင် သိရှိကြောင်း လက်မှတ်ရေးထိုးပေးရပြီး ကန့်ကွက်မှုမရှိပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ မြေတိုင်းတာပေးပြီး မြေတိုင်းမြေပုံထုတ်ပေးပါသည်ဟု လည်းကောင်းဖော်ပြပါရှိသည်။ မြေကွက်ခွဲစိတ်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်သည့်ဧရိယာ အတိုင်းအတာနှင့် လျှောက်ထားလိုသူသည် မြေတိုင်းလျှောက်ထားစဉ်က တင်ပြခဲ့သော အထောက်အထားများအပြင် လိုအပ်သည့်စာရွက်စာတမ်းမူရင်းများတင်ပြရန် လုပ်ထုံးလုပ်နည်း အပိုဒ် ၇ တွင် သတ်မှတ်ဖော်ပြထားသည်။

          မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များအရ မြေကွက် အမည်ပြောင်းလဲရန်အတွက် မြေကွက်ခွဲစိတ်မြေပုံကူးနှင့် မြေတိုင်းလျှောက်ထားရာ တွင် ပိုင်ဆိုင်မှုစာချုပ်စာတမ်းမူရင်းများကို မလွဲမသွေတင်ပြရန် လိုအပ်မည်ဖြစ်သည်။ လျှောက်ထားခံရသူအမှတ် (၁) ၏ ပြန်လှန်ကျမ်းကျိန်လွှာတွင် လျှောက်ထားခံရသူအမှတ် (၂) က အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ကို မိတ္တူသာတင်ပြထားသော်လည်း နှစ်ဦး ပူးတွဲ မြေအမည်ပြောင်း လျှောက်ထားစဉ်က မူရင်းနှင့်တိုက်ဆိုင်စိစစ်ခဲ့ပြီးဖြစ်၍ မြေကွက်ခွဲစိတ် ခွင့်ပြုခဲ့သည်ဟု ဖော်ပြထား၍ မူရင်းတင်ပြခြင်းမပြုဘဲ မိတ္တူဖြင့်သာ ဆောင်ရွက်ပေးခဲ့ကြောင်း ပေါ်ပေါက်သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသည် လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့နှစ်ဦးပူးတွဲ အမည်ပေါက်လျက်ရှိသည့် အချင်းဖြစ်မြေကွက်ကြီး ဧရိယာ ၀.၄၅၄ ဧကတွင် အမှတ် ၉ အဆောက်အဦတည်ရှိရာမြေကွက် ဧရိယာ ၀.၃၂၃ ဧကကို လျှောက်ထားခံရသူအမှတ် (၂) က ၎င်းတစ်ဦးတည်းအမည်ပေါက် လျှောက်ထားရန်အတွက် မြေကွက်ခွဲ၊ မြေပုံကူးနှင့်မြေတိုင်း လျှောက်ထားခြင်းအပေါ် နှစ်ဦးပူးတွဲအမွေ ဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်မိတ္တူ၊ နှစ်ဦးအမည်ပေါက်လွှဲပြောင်းခြင်း မှတ်တမ်းမိတ္တူတို့ဖြင့်သာ လက်ခံဆောင်ရွက်ခဲ့ခြင်းသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း မြင်သာ သည်။

          ဦးလှမြင့်ဖူးနှင့် ဒေါ်မီမီမြင့်ဖူးတို့၏ ၂၉-၁၀-၂၀၁၄ ရက်စွဲပါ နှစ်ဦးသဘောတူကတိ စာချုပ်အပိုဒ် ၁၀ ပါ မိမိတို့လက်ရှိနေထိုင်သောနေရာကို မိမိအမည်ပေါက်ရန်သီးခြားစီ ဆောင်ရွက်လိုပါက ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်းသဘောတူညီချက်အရ ဒေါ်မီမီမြင့်ဖူး၏ တစ်ဦး တည်းအမည်ပေါက်လျှောက်ထားခြင်းအား ဆောင်ရွက်ပေးခဲ့ကြောင်း လျှောက်ထားခံရသူ အမှတ် (၁) မှ တင်ပြထားသည်။ ဤသို့ သဘောတူညီချက်ရှိသည့်တိုင်အောင် မြေကွက်ခွဲစိတ် ခွင့်လျှောက်ထားခြင်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီသာဆောင်ရွက်ရမည်ဖြစ်သည်။ မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် တစ်ဖက်သတ်မြေကွက် ခွဲစိတ်ခွင့်ပြုခြင်းအတွက် သီးခြားသတ်မှတ်ချက် ဖော်ပြထားခြင်း မတွေ့ရှိရပေ။ မြေကွက်ခွဲစိတ် ပေးရန်လျှောက်ထားသည့် အမှတ် ၉ မြေကွက်နှင့်ထိစပ်နေသည့် ပတ်ဝန်းကျင်မြေကွက် ဖြစ်သောလျှောက်ထားသူလက်ရှိဖြစ်သည့်အမှတ် ၉/ က မြေကွက်တွင်နေသူ လျှောက်ထားသူ က မြေတိုင်းတာမည်ဖြစ်ကြောင်းကြော်ငြာစာတွင် လုပ်ထုံးလုပ်နည်းအပိုဒ် ၆(ဃ) အရသိရှိ ကြောင်း လက်မှတ်ရေးထိုးပေးခဲ့ရခြင်းမရှိကြောင်း လည်းပေါ်ပေါက်သည်။ဤသို့သော အခြေ အနေတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန သည် ဒေါ်မီမီမြင့်ဖူး လက်ရှိဖြစ်သည့်အပိုင်းကို ဦးလှမြင့်ဖူး၏ သဘောတူညီချက်မရရှိဘဲနှစ်ဦး ပူးတွဲအမည်ပေါက်မှ ဒေါ်မီမီမြင့်ဖူးတစ်ဦးတည်းအမည်ပေါက်အဖြစ် တစ်ဖက်သတ်မြေကွက် ခွဲဝေပေးခဲ့ခြင်းသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်တွေ့ရှိရသည်။

          အာဏာပိုင်မေးစာချွန်တော်အမိန့်ဆိုသည်မှာ အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့် အာဏာအပ်နှင်းထားသည့်အဖွဲ့အစည်းတစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများ အပေါ်တွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ စိစစ် ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုလိုသည်။

          ထို့ကြောင့် ဤတရားမအထွေထွေလျှောက်ထားမှုကို စရိတ်နှင့်တကွခွင့်ပြုသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ၁၀-၄-၂၀၁၅ ရက်စွဲပါ ရုံးတွင်း အမိန့်အမှတ် ၁၄၈၁/၂၀၁၅ ဖြင့် မြို့မြေစာရင်းတွင် ပြင်ဆင်မှတ်သားရန် ညွှန်ကြားခြင်း အမိန့်စာကို အာဏာပိုင်မေးစာချွန်တော်အမိန့်ထုတ်ဆင့် ပယ်ဖျက်လိုက်သည်။

ရှေ့နေစရိတ် ကျပ် ၁၅၀၀၀/- သတ်မှတ်သည်။

 














0 comments:

Post a Comment