#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မည်သည့်အခါတွင် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက မြေပုံ၊ မြေရာဇဝင်ထုတ်ပေးရန် ငြင်းဆိုခြင်းသည် ပြည်သူ့တာဝန်ဝတ္တရား ဆိုင်ရာ ပျက်ကွက်မှုဖြစ်၍ ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။

Monday, August 17, 2020

 

တရားမအထွေထွေလျှောက်ထားမှု

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ

ဖြစ်ကြသော

ဦးမြသိမ်းနှင့် ဦးမြင့်အောင်တို့ရှေ့တွင်

 

ဦးကျော်မင်းပါ ၂

နှင့်

ဌာနမှူး

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၂

(၂၀၁၂ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် - ၁၇၁)

မည်သည့်အခါတွင် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက မြေပုံ၊ မြေရာဇဝင်ထုတ်ပေးရန် ငြင်းဆိုခြင်းသည် ပြည်သူ့တာဝန်ဝတ္တရား ဆိုင်ရာ ပျက်ကွက်မှုဖြစ်၍ ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။ 


(၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်)

ဆုံးဖြတ်ချက်                 ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန မြေပုံကူး(အရောင်း) ထုတ်ပေးရန်လျှောက်ထားချက်အပေါ် ငြင်းပယ်ခဲ့ခြင်းသည် ဌာနကလိုက်နာရသည့်နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ် အခြေမခံဘဲ မွေးစားသူ မိခင်၏မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရကိတ္တိမမွေးစားခြင်းနှင့်စပ်လျဉ်း၍မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် အစ္စလာမ် တရားဥပဒေများအပေါ် ဆင်ခြင်သုံးသပ်၍ မှားယွင်းစွာ အဆုံးအဖြတ်ပြုထားကြောင်း မြင်သာသည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်း ဥပဒေများ အခန်း(၉) မှတ်တမ်းများ၊ ပုံစံများသတ်မှတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးခြင်း အခန်း ၄၃ ပါ ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိကြောင်းတွေ့ရသည်။

ထပ်မံဆုံးဖြတ်ချက်                   နမ္မတူအလုပ်သမားများသမဂ္ဂနှင့် မြန်မာ့စက်မှုလုပ်ငန်းဆိုင်ရာ အနုညာတခုံရုံးပါ - ၂ ဦးအမှု (၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး(တရားရုံးချုပ်) စာ -၁၇၆) တွင် “အာဏာပေးစာချွန်တော်အမိန့်သည့် အာဏာပိုင်အဖွဲ့အစည်းက ဥပဒေနှင့်အညီ ထမ်းဆောင်ရန် ပျက်ကွက်သည့် ၎င်း၏ ပြည်သူ့တာဝန်ဝတ္တရားဆိုင်ရာ ပျက်ကွက်မှုကို ဖြည့်ဆည်းဆောင်ရွက်စေရေး အတွက် တရားလွှတ်တော်ချုပ်က တိုက်ရိုက်ညွှန်ကြားနိုင်သည့် စာချွန်တော် အမိန့်တစ်ရပ်ဖြစ်ကြောင်း” လမ်းညွှန်ထုံးဖွဲ့ထားသည်။

          သို့ဖြစ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ဌာနမှူးက မြေပုံ၊ မြေရာဇဝင် (အရောင်း) ထုတ်ပေးရန် ငြင်းဆိုခဲ့ခြင်းသည် မှားယွင်းနေကြောင်း ပေါ်ပေါက်၍ အာဏာပေးစာချွန်တော်အမိန့်ဖြင့် တည့်မတ်ပေးရန် အထင်အရှားပေါ်ပေါက်သည်။

လျှောက်ထားသူများအတွက်                    -        ဦးတင်မောင်ဌေး

                                                                   တရားလွှတ်တော်ရှေ့နေ

အမှတ် (၁) လျှောက်ထားခံရသူအတွက်      -        ဦးအောင်သန်းမြင့်

                                                                   ညွှန်ကြားရေးမှူး

                                                                   ပြည်ထောင်စုရှေ့နေချုပ်ရုံး

အမှတ်(၂) လျှောက်ထားခံရသူအတွက်        -        ကိုယ်တိုင်(မလာ)

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်းနေ ဦးကျော်မင်း၊ ဦးကျော်ဝင်းတို့က ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် ဦးဘဆွေ (ခ) မိုဟာမက်ကာဆင်တို့အပေါ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (က) (၂) အရ အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်ပေးပါရန် လျှောက်ထားခြင်းဖြစ်သည်။

          ရန်ကုန်တိုင်းတရားရုံး၊ ၂၀၀၉ ခုနှစ်၊ တရားမကြီးမှုအမှတ် ၈၁၃ တွင် တရားလို ဦးကျော်မင်း၊ ဦးကျော်ဝင်းတို့က တရားပြိုင် မိုဟာမက်ကာဆင် (ခ) ဘဆွေအပေါ် “၁၅-၈-၂၀၀၈ ရက်စွဲပါ နှစ်ဦးသဘောတူ အရောင်းအဝယ်စရံပေးစာချုပ်ပါအတိုင်း ကျန်ငွေကျပ်သိန်း ၄၈၀ အား လက်ခံရယူပြီး မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးစေလိုမှု” စွဲဆိုရာစရိတ်နှင့်တကွ အနိုင်ဒီကရီရရှိခဲ့သည်။

          ယင်းအနိုင်ဒီကရီအား တရားနိုင်များဖြစ်သည့် ဦးကျော်မင်း၊ ဦးကျော်ဝင်းတို့က အတည်ပြုပေးပါရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ၂၀၁၁ ခုနှစ်၊ တရားမဇာရီမှုအမှတ် ၂၂၈ တွင် လျှောက်ထားချက်အရအနိုင်ဒီကရီတွင် ဖော်ပြပါရှိသော အချင်းဖြစ်မြေနှင့် အကျိုးခံစားခွင့်အရပ်ရပ်နှင့် စပ်လျဉ်း၍ အရောင်းအဝယ်စာချုပ်ကို တရားရှုံးကိုယ်စား ဒုတိယဦးစီးအရာရှိ ဒေါ်သူဇာလှိုင်ချိုမှ မှတ်ပုံတင်စာချုပ်ဖြင့် အပြီးအပိုင်လွှဲပြောင်းစာချုပ်ချုပ်ဆိုပေးရန် ရန်ကုန်တိုင်းတရားရုံး၊ တွဲဖက်တိုင်း တရားသူကြီး (၂) မှ ၂၈-၄-၂၀၁၀ နေ့တွင် အမိန့်ချမှတ်ခဲ့သည်။

          ယင်းအမိန့်အရ ဒုတိယဦးစီးအရာရှိ ဒေါ်သူဇာလှိုင်ချိုက အရောင်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် အတွက် အချင်းဖြစ်မြေနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၌ အရောင်းအဝယ်မြေပုံ မြေရာဇဝင်ကူးယူခွင့်ရရေးဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ၁၀-၅-၂၀၁၂ နေ့စွဲပါစာအမှတ် ရကစ/မြို့ပြမြေစီမံ-၂၀၁၂(၃၀၃၇) ဖြင့် ဒုတိယဦးစီးအရာရှိ ဒေါ်သူဇာလှိုင်ချို၏ မြေပုံကူး(အရောင်း) လျှောက်ထားခြင်းအား ခွင့်ပြုပေးနိုင်ခြင်းမရှိပါကြောင်း ပြန်ကြားခဲ့သည်။

          “မိုဟာမက်ကာဆင်(ခ) ဦးဘဆွေ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အိန္ဒိယလူမျိုးအစ္စလာမ် ဘာသာ ကိုးကွယ်သူဟုပါရှိပြီး တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာနမှလည်း ပြန်ကြားခဲ့သဖြင့်မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်အကျုံးဝင်သူမဟုတ်ကြောင်းတွေ့ရှိရသည့်ပြင် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာရ်ကျမ်းတွင်လည်းသားသမီးမွေးစားမှုကို လုံးဝအသိအမှတ်မပြု သောကြောင့် ကိတ္တိမမွေးစားခြင်းကို လက်ခံစဉ်းစား၍ ရနိုင်မည်မဟုတ်ကြောင်း” အကြောင်းပြ ပြန်ကြားလာခြင်းဖြစ်သည်။

          လျှောက်ထားသူများက မြေရှင်ဒေါ်ဝင်းမှီ မြန်မာဗုဒ္ဓဘာသာဝင်က အမှတ် (၂) လျှောက်ထားခံရ သူကို ကိတ္တိမမွေးစား မှတ်ပုံတင်စာချုပ် ၃၄၈/ ၉၅ (၃၀-၁-၉၅) အရ မွေးစားခဲ့ခြင်းမှန်ကန်ပါကြောင်း၊ အမှတ် (၂) လျှောက်ထားခံရသူမှ မွေးစားချိန်က အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကျမ်းကျိန်ချက်ဖြင့် ကူးပြောင်းထားချိန်ဖြစ်ပါကြောင်း၊ မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မြန်မာဗုဒ္ဓဘာသာဝင်အမွေရှင်သည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ကို မွေးစားခွင့်မရှိဟု တားမြစ်ထားခြင်းမရှိပါကြောင်း၊ ထို့အတူ ကုရ်အာရ်ကျမ်းတွင်လည်း အမွေပေးသူ မိဘအဖြစ် “မွေးစားခြင်း” ကို ခွင့်မပြုသော်လည်း အမွေခံသား တစ်ဦးအဖြစ် မွေးစားခြင်းကိုတားမြစ်ထားခြင်းမရှိပါကြောင်း၊ အမှတ် (၂) လျှောက်ထားခံရသူသည် အချင်းဖြစ်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြွက်ဟဒီကရီကိုရရှိပြီးဖြစ်ပါကြောင်း၊ ဂရန်မြေ ရာဇဝင်တို့တွင်လည်း ၁၇ နှစ်ခန့် ကြာမြင့်စွာကပင် အမည်ပေါက်ပြီးဖြစ်ပါကြောင်း၊ အမှတ် (၁) လျှောက်ထားခံရသူဌာနမှူးက ပြည်သူ့ဝန်ထမ်းအနေဖြင့် တာဝန်အရထုတ်ပေးရမည်ကိုငြင်းဆန်ခဲ့ ခြင်းဖြစ်ကြောင်း၊ တရားရုံးအဆင့်ဆင့်၏အာဏာကိုကျော်လွန်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လျှောက်ထားသူများသည် တရားမကြီးမှုတွင် အနိုင်ရရှိထားပါလျက် မှတ်ပုံတင်စာချုပ် ချုပ်ဆိုမရသဖြင့် ပုဂ္ဂလိကအခွင့်အရေးနစ်နာပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြေတိုင်း ရပ်ကွက်အမှတ် ၁၂/ကေ မြေကွက် အမှတ် ပဉ္စမတန်းစား ၁၂၅ ဧရိယာ ၅၀' × ၉၀' နှစ် ၉၀ ဂရန်မြေအမည်ပေါက် မိုဟာမက်ကာဆင် (ခ) ဦးဘဆွေ ဟူသော မြေကွက်အားအရောင်းအဝယ် မြေပုံ/ မြေရာဇဝင် ကူးယူခွင့်ပြုစေဟူသော အာဏာပေး စာချွန်တော်အမိန့်အား ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ထုတ်ဆင့်ပေးပါရန်တင်ပြခြင်း ဖြစ်သည်။

          ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ၁၀-၅-၂၀၁၂ ရက်စွဲပါစာဖြင့် တွဲဖက်တိုင်းတရားသူကြီး (၂) ရန်ကုန်တိုင်းတရားရုံးသို့ လိပ်မူ၍ အမှတ် (၂) လျှောက်ထားခံရသူသည် ကိတ္တိမမွေးစားခြင်းကို လက်ခံစဉ်းစား၍ ရနိုင်မည်မဟုတ်သဖြင့် ဒုတိယဦးစီးအရာရှိ ဒေါ်သူဇာလှိုင်ချို၏ မြေပုံကူး(အရောင်း) လျှောက်ထားခြင်းကိုခွင့်ပြုနိုင်ခြင်းမရှိကြောင်း ပြန်ကြားချက်မှာ ဥပဒေနှင့် ဆီလျော်ညီညွတ်မှုမရှိဟု သုံးသပ်ရရှိကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲ ရေးဆိုင်ရာ နည်းဥပဒေများ အခန်း (၉) မှတ်တမ်းများ၊ ပုံစံများသတ်မှတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးခြင်းအခန်းပါ အပိုဒ် ၄၃ ၌ “ကော်မတီသည် မြေစာရင်းမှတ်တမ်းများကိုသတ်မှတ်ချက်များ နှင့်အညီ အများပြည်သူအား ကြည့်ရှုခွင့်ပေးခြင်း၊ မိတ္တူကူးယူခွင့်ပြုခြင်း၊ မိတ္တူကူးယူခသတ်မှတ်ခြင်း တို့ကို ဆောင်ရွက်နိုင်ကြောင်း” ထုတ်ပြန်ထားသဖြင့် အမှတ် (၁) လျှောက်ထားခံရသူအနေဖြင့် မိတ္တူကူးအရောင်းလျှောက်ထားခြင်းအပေါ် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီသတ်မှတ်ထားသည့် စာတမ်း အမှတ်အသားများ ပြည့်စုံမှန်ကန်ခြင်း ရှိ မရှိ စိစစ်ကာ ခွင့်ပြုနိုင်ခြင်း ရှိ မရှိ ပြန်ကြားရန်သာ ဖြစ်သောကြောင့်ဤကဲ့သို့ ကိတ္တိမမွေးစားစာချုပ်မှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ညီ မညီ လက်ခံစဉ်းစားဆုံးဖြတ်ပြီး မြေပုံဆွဲပေးနိုင်ခြင်းမရှိကြောင်းပြန်ကြားခြင်းသည် မိမိ၏ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ဆုံးဖြတ်ရာရောက်သကဲ့သို့ တရားရုံး၏စီရင်ချက်အမိန့်အရ ဆောင်ရွက်ခြင်း အပေါ်တွင်လည်း ဘောင်ကျော်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း လျှောက်ထားသူ၏စာချွန်တော်လျှောက်ထား ခြင်းအား စဉ်းစားသင့်ပါကြောင်း စသည်ဖြင့် လျှောက်ထားသည်။

          လျှောက်ထားသူများအတွက် တရားလွှတ်တော်ရှေ့နေမှ ဦးဘဆွေ (ခ) မိုဟာမက်ကာဆင်သည် အချင်းဖြစ်မြေကို တစ်ဦးတည်းပိုင်ဆိုင်ကြောင်း၊ ရန်ကုန်တိုင်းတရားရုံး၏ မြွက်ဟဒီကရီကိုရရှိထားသူ ဖြစ်ကြောင်း၊ ဂရန်မူရင်းခွဲနှင့် ၁၉၉၅ ခုနှစ်၊ အမည်ပြောင်းအမှုတွဲ ရှာဖွေမတွေ့ရှိခြင်း၊ ၁၉၄၁ ခုနှစ်၊ ဒေါ်ဝင်းမှီ၏ မြေဝယ်စာချုပ် ဦးဘဆွေထံတွင် လက်ဝယ်မရှိခြင်း၊ ဂရန်စာချုပ်ဟောင်းနွမ်းနေခြင်းတို့သည့် ဂရန်အမည်ပေါက် ဦးဘဆွေအမည်ဖြင့် မြေပုံမြေရာဇဝင်ထုတ်ပေးရန် ငြင်းဆိုလောက်သည့် အကြောင်း ပြချက်မဟုတ်ပါကြောင်း၊ အမှတ် (၁) လျှောက်ထားခံရသူမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အချင်းဖြစ်မြေပုံ မြေရာဇဝင်(အရောင်း) ထုတ်ပေးရန် ငြင်းဆိုခြင်းသည် မှားယွင်းပါကြောင်း၊ အာဏာပေးစာချွန်တော်ထုတ်ပေးပါရန် စသည်ဖြင့် လျှောက်ထား သည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ရန်ကုန်တိုင်း တရားရုံးသို့ ပြန်ကြားစာတွင် အောက်ပါအကြောင်းပြချက်ဖြင့် ပြန်လာသည်-

          “မိုဟာမက်ကာဆင် (ခ) ဦးဘဆွေ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အိန္ဒိယလူမျိုး အစ္စလာမ်ဘာသာကိုးကွယ်သူဟု ပါရှိပြီးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာန မှလည်း ပြန်ကြားခဲ့သဖြင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်အကျုံးဝင်သူမဟုတ်ကြောင်း တွေ့ရှိရသည့်ပြင် အစ္စလာမ်ဘာသာဝင်များ၏ ကုရ်အာရ်ကျမ်းတွင်လည်း သားသမီးမွေးစားမှုကို လုံးဝအသိအမှတ်မပြုသောကြောင့် ကိတ္တိမမွေးစားခြင်းကို လက်ခံစဉ်းစား၍ရနိုင်မည်မဟုတ်သဖြင့် ဒုတိယဦးစီးအရာရှိ ဒေါ်သူဇာလှိုင်ချို၏ မြေပုံကူး (အရောင်း) လျှောက်ထားခြင်းအား ခွင့်ပြုပေးနိုင်ခြင်း မရှိပါကြောင်း ပြန်ကြားအပ်ပါသည်။”

          ယင်းပြန်ကြားစာပါ အကြောင်းပြချက်ဖြင့် အမှတ် (၁) လျှောက်ထားသူက မြေပုံကူး (အရောင်း) လျှောက်ထားခြင်းအပေါ် ငြင်းဆိုခြင်းသည်မှန်ကန်မှု ရှိ မရှိ အဓိကစိစစ်ရန်ဖြစ်သည်။

          မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၂-ကေ)၊ မြေကွက်အမှတ် ၁၂၅၊ ပဉ္စမတန်းစား၊ အလျား ၅၀'× အနံ ၉၉' ကျယ်ဝန်းပြီး နှစ် (၉၀) ဂရန်မြေကွက်နှင့် ယင်းမြေကွက်ရှိ တစ်ထပ်အဆောက်အဦအပါအဝင် အကျိုးခံစားပိုင်ခွင့်သက်သက်ကို မှတ်ပုံတင်(အရောင်း) စာချုပ် ချုပ် ဆိုပေးရန်နှင့် စတိလက်ရောက်ပေးအပ်စေရန်အတွက် လျှောက်ထားသူများက အမှတ်(၂) လျှောက်ထားခံရသူအပေါ် ရန်ကုန်တိုင်းတရားရုံး၊ ၂၀၀၉ ခုနှစ်၊ တရားမကြီးမှုအမှတ် ၈၁၃ စွဲဆိုရာ တိုင်းတရားရုံးက အနိုင်ဒီကရီ ချမှတ်ပေးခဲ့သည်။

          လျှောက်ထားသူများက ယင်းအနိုင်ဒီကရီအား အတည်ပြုနိုင်ရန် ရန်ကုန်တိုင်းတရားရုံး ၂၀၁၀ ခုနှစ်၊ တရားမဇာရီမှုအမှတ် ၄၄ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယင်းဇာရီမှု၌ ဒုတိယဦးစီးအရာရှိ ဒေါ်သူဇာလှိုင်ချိုအား အချင်းဖြစ်မြေနှင့် အဆောက်အဦအား အရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင်ရန် ခန့်အပ်ခဲ့၍ ဒေါ်သူဇာလှိုင်ချိုက မြေပုံကူး (အရောင်း) ရရှိရေးအတွက် အမှတ် (၁) လျှောက်ထားခံရသူ ဌာနတွင် လျှောက်ထားဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

          မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် သားသမီးမွေးစားခြင်းနှင့်စပ်လျဉ်း၍ မောင်မြဒင် နှင့် မောင်ရဲကြီး အမှု ( ၄ ဘီအယ်ဂျေ ၁၃၆) တွင် အောက်ပါအတိုင်း ထုံးပြုထားသည်-

          “သားသမီးမွေးစားခြင်းမှာ ပဋိညာဉ်ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပဋိညာဉ်မပြုလုပ်နိုင်သူ တစ်နည်းအားဖြင့် အသက် ၁၈ နှစ် မပြည့်သေးသူများနှင့် ရူးသွပ်သူများ သားသမီးမမွေးစားနိုင်ပေ”။

          မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ ကိတ္တိမသားသမီးမွေးစားခြင်း မှတ်ပုံတင်အက်ဥပဒေတို့တွင် မြန်မာဗုဒ္ဓဘာသာမိဘသည် အခြားလူမျိုးဘာသာမတူသူကို မွေးစားခွင့်မရှိဟု ပိတ်ပင်တားမြစ်ထား ခြင်းမရှိပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့(ဌာနချုပ်) ရန်ကုန်မြို့၏ ၁၄-၁-၂၀၁၀ နေ့စွဲဖြင့် အစ္စလာမ်တရားဥပဒေ၊ ဓမ္မသတ်ပြန်ကြားစာတွင် အစ္စလာမ်ဘာသာဝင်များအနေဖြင့် မွေးစားခံခြင်းနှင့် စပ်လျဉ်း၍ တားမြစ်မှုမရှိကြောင်းဖော်ပြထားသည်။

          သို့ဖြစ်၍ မွေးစားမိခင်ဖြစ်သည့် ဒေါ်ဝင်းမှီသည် မိုဟာမက်ကာဆင် (ခ) ဦးဘဆွေအား ၂၀-၁-၁၉၉၅ နေ့တွင် ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၊ မှတ်ပုံတင်စာချုပ်အမှတ် ၃၄၈/ ၉၅ ဖြင့် အမွေစားအမွေခံကိတ္တိမသားသမီးမွေးစားခြင်းစာချုပ် ချုပ်ဆိုခဲ့ရာ ယင်းမွေးစားခြင်းမှတ်ပုံတင်စာချုပ် သည် ဥပဒေနှင့်အညီဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မြေပုံကူး (အရောင်း) ထုတ်ပေးရန် လျှောက်ထားချက်အပေါ် ငြင်းပယ်ခဲ့ခြင်းသည် ဌာနကလိုက်နာရသည့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ် အခြေမခံဘဲ မွေးစားသူမိခင်၏ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ကိတ္တိမမွေးစားခြင်းနှင့်စပ်လျဉ်း၍ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် အစ္စလာမ်တရားဥပဒေ များအပေါ် ဆင်ခြင်သုံးသပ်၍ မှားယွင်းစွာအဆုံးအဖြတ်ပြုထားကြောင်း မြင်သာသည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ အခန်း (၉) မှတ်တမ်းများ၊ ပုံစံများသတ်မှတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးခြင်းအခန်း ၄၃ ပါ ထုတ်ပြန်ချက်များနှင့်အညီဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိကြောင်း တွေ့ရသည်။

          အာဏာပေးစာချွန်တော်အမိန့်သည် ပြည်သူ့တာဝန်ဝတ္တရားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မည်သည့်လူပုဂ္ဂိုလ် (သို့မဟုတ်) ဌာနအဖွဲ့အစည်း (သို့မဟုတ်) လက်အောက်ခံတရားရုံးတို့ကိုမဆို ယင်းတို့၏ဆောင်ရွက်ရန်လိုအပ်သော ဌာနဆိုင်ရာ သီးခြားကိစ္စရပ်တချို့အား လုပ်ဆောင်စေရေး အတွက် တိုက်ရိုက်အာဏာပေးညွှန်ကြားသည့် ပုံသဏ္ဍာန်တစ်ရပ်ဖြစ်ကြောင်း ဥပဒေပညာရှင် Prem ၏ “ Law of Habeas Corpus, Certiorari, Mandamus and Emergency Legislation,” ဥပဒေကျမ်း စာမျက်နှာ ၃၅၄ တွင်ဖွင့်ဆိုထားသည်။

          ထို့ပြင် နမ္မတူအလုပ်သမားများသမဂ္ဂနှင့် မြန်မာ့စက်မှုလုပ်ငန်းဆိုင်ရာ အနုညာတခုံရုံး ပါ ၂ ဦး အမှု(၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး(တရားရုံးချုပ်) စာ-၁၇၆) တွင် “အာဏာပေး စာချွန်တော်အမိန့်သည် အာဏာပိုင်အဖွဲ့အစည်းက ဥပဒေနှင့်အညီထမ်းဆောင်ရန်ပျက်ကွက်သည့် ၎င်း၏ ပြည်သူ့တာဝန်ဝတ္တရားဆိုင်ရာပျက်ကွက်မှုကို ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် တရားလွှတ်တော်ချုပ်က တိုက်ရိုက်ညွှန်ကြားနိုင်သည့် စာချွန်တော်အမိန့်တစ်ရပ်ဖြစ်ကြောင်း” လမ်းညွှန်ထုံးဖွဲ့ထားသည်။

          သို့ဖြစ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် စီမံခန့်ခွဲမှုဌာန၊ ဌာနမှူးက မြေပုံ၊ မြေရာဇဝင် (အရောင်း) ထုတ်ပေးရန် ငြင်းဆိုခဲ့ခြင်းသည် မှားယွင်းနေကြောင်း ပေါ်ပေါက်၍ အာဏာပေး စာချွန်တော်အမိန့်ဖြင့် တည့်မတ်ပေးရန် အထင်အရှားပေါ်ပေါက်သည်။

          ထို့ကြောင့် ဤတရားမအထွေထွေလျှောက်ထားမှုအားစရိတ်နှင့် တကွခွင့်ပြုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ၁၀-၅-၂၀၁၂ နေ့စွဲပါ စာအမှတ် ရကခ/ မြို့ပြ မြေစီမံ-၂၀၁၂(၃၀၃၇) ဖြင့် ပြန်ကြားစာအား ပယ်ဖျက်၍ ယင်းပြန်ကြားစာ၏ ရည်ညွှန်းချက်ပါစာများအရ မြေပုံ၊ မြေရာဇဝင် (အရောင်း) လျှောက်ထားခြင်းအား ခွင့်ပြုထုတ်ပေးရန် ဤအာဏာပေးစာချွန်တော်အမိန့်အား ထုတ်ဆင့်လိုက်သည်။

          ရှေ့နေစရိတ်ငွေကျပ် ၁၀၀၀၀/- သတ်မှတ်သည်။








0 comments:

Post a Comment