#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေအမည်ပေါက်ပြောင်းလဲခြင်း၊မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန် (နောက်ဆုံးထမ်းဆောင် ထားသည့် မြေခွန်ပြေစာပူးတွဲလျက်) စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင် စာချုပ်စာတမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါကပိုင်ဆိုင်မှု နှင့်ပတ်သက်၍ တရားရုံးက ချမှတ်ထားသည့် စီရင်ချက်နှင့် ဒီကရီမူရင်းများတင်ပြလျှောက်ထား ရမည်

Monday, August 17, 2020

တရားမအထွေထွေ လျှောက်ထားမှု

ပြည်ထောင်စုတရားသူကြီးချုပ်၊ ဦးထွန်းထွန်းဦး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

တရားသူကြီးများဖြစ်ကြသော

ဦးသာဌေး နှင့် ဦးမြဟန် တို့ရှေ့တွင်

ဒေါ်တင်တင်ဝင်း (ခ) ဒေါ်တင်တင်အေး ပါ-၂

ဦးစိန်သင်း

နှင့်

ဌာနမှူး

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ - ၃

 (၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် - ၂၀၃)

ဌာနမှူး

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ - ၃

(၂၀၁၇ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် - ၁၁၈)

မြေအမည်ပေါက်ပြောင်းလဲခြင်း၊ တရားရုံးအမိန့် ရရှိထားသူ ဟုတ် မဟုတ်

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၂ ရက်)

ဆုံးဖြတ်ချက်။                  ။                   မြေအမည်ပေါက်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄ (ခ) တွင် မြေအမည်ပေါက်ပြောင်းလဲရန် လျှောက်ထားသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ နိုင်ငံသားစိစစ်ရေးကဒ် ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန် (နောက်ဆုံးထမ်းဆောင် ထားသည့် မြေခွန်ပြေစာပူးတွဲလျက်) စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင် စာချုပ်စာတမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါကပိုင်ဆိုင်မှု နှင့်ပတ်သက်၍ တရားရုံးက ချမှတ်ထားသည့် စီရင်ချက်နှင့် ဒီကရီမူရင်းများတင်ပြလျှောက်ထား ရမည်ဟု ထုတ်ပြန်ထားသည်။

          မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနအနေဖြင့် မြေအမည်ပြောင်းဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များတွင် ပါရှိသည့်အချက်များဖြစ်သော မြေအမည်ပေါက်နှင့် မြေငှားစာချုပ်ရသူထံမှ မှတ်ပုံတင်စာချုပ် စာတမ်းအဆက်အစပ်ဖြင့် ရရှိသူမဟုတ်သည့်အပြင် တရားရုံး၏ အမိန့်ရရှိထားခြင်းမရှိသော လျှောက်ထား ခံရသူအမှတ် ၂၊ ၃ တို့အား မူလအမည်ပေါက် ဦးလူဖေဝင်း အမည်မှ ၎င်းတို့အမည်သို့ ပြောင်းလဲပေးခဲ့ခြင်း သည် မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄ (ခ) ပါလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သည်ဟု ဆိုနိုင် မည်မဟုတ်ပေ။

လျှောက်ထားသူများအတွက်                              -(ဒေါ်ရီရီမေ၊ တရားလွှတ်တော်ရှေ့နေ)/(ဒေါ်ကေ                                                                            သီဦး၊ တရားလွှတ်တော်ရှေ့နေ)

လျှောက်ထားခံရသူအမှတ် (၁) အတွက်                -(ဒေါ်ယုယုခင်၊ ညွှန်ကြားရေးမှူး၊

                                                                         ပြည်ထောင်စုရှေ့နေချုပ်ရုံး)/

                                                                         (ဒေါ်ယုယုခင်၊ ညွှန်ကြားရေးမှူး၊

                                                                         ပြည်ထောင်စုရှေ့နေချုပ်ရုံး)

လျှောက်ထားခံရသူအမှတ် (၂၊ ၃) တို့အတွက်          -(ဦးမျိုးသန့်၊ တရားလွှတ်တော်ရှေ့နေ)/

                                                                        (ဦးမျိုးသန့်၊ တရားလွှတ်တော်ရှေ့နေ)                                                                                         (ဒေါ်ရီရီမေ၊ တရားလွှတ်တော်ရှေ့နေ)/

                                                                         (ဒေါ်ကေသီဦး၊ တရားလွှတ်တော်ရှေ့နေ)


          ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၆/E၊ မြေကွက်အမှတ် ၈၇/၃၊ မြေကွက်တည်နေရာအမှတ် ၉၇၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်ရှိ မြေနေရာသည် မူလအမည်ပေါက်သူ ဦးလူဖေဝင်းဖြစ်ပြီး ၎င်းထံမှစရံငွေပေးချေဝယ်ယူသူ ဒေါက်တာစိုးတင့် ပါ-၁၁ ဦးက ဦးလူဖေဝင်းအပေါ် ရန်ကုန်တိုင်းတရားရုံး၊ တရားမကြီးမှုအမှတ် ၃၂ (လသာ)/ ၁၉၈၀ ဖြင့် မြေအရောင်းအဝယ်ပဋိညာဉ်ကို သီးခြားဆောင်ရွက်ပေးစေလိုမှုစွဲဆိုခဲ့ရာ အမှုအတွင်း ဦးလူဖေဝင်းကွယ်လွန်သဖြင့် သမီးဖြစ်သူ ဒေါက်တာဒေါ်ခင်မြဝင်း နှင့် ဒေါ်တင်တင်ဝင်း (ခ) ဒေါ်တင်တင်အေးတို့က တရားဝင်ကိုယ်စားလှယ်များ အဖြစ် ပါဝင်ခဲ့ကြောင်း၊ ယင်းအမှုတွင် တရားလို ၁၁ ဦးအနက် ဒေါက်တာဦးကျော်မောင်နှင့် ဦးစိန်ဝင်း တို့သည် အမှုအတွင်းကွယ်လွန်ခဲ့သော်လည်း တရားဝင်ကိုယ်စားလှယ် ထည့်သွင်းခဲ့ခြင်းမရှိကြောင်း၊ ယင်း အမှုတွင် ဒေါက်တာစိုးတင့် ပါ-၉ ဦးတို့သည် စွဲဆိုသည့်အတိုင်း အနိုင်ဒီကရီရရှိခဲ့ကြောင်း၊ ယင်းဒီကရီကို ရန်ကုန်မြို့၊ တရားရုံးချုပ်၊ တရားမပထမအယူခံမှုအမှတ် ၁၀၇/၈၉ ဖြင့် ပယ်ဖျက်ခဲ့သော်လည်း တရားမအထူး အယူခံမှုအမှတ်၅/ ၉၁ ဖြင့်ကြားနာပြီး တရားမပထမအယူခံမှုအမှတ် ၁၀၇/ ၈၉ ကို ပြန်လည်ဖွင့်လှစ်၍ အယူခံမှုကို ဥပဒေနှင့်အညီ ဆက်လက်ကြားနာဆုံးဖြတ်ရန် ညွှန်ကြားခဲ့သောကြောင့် အယူခံမှုအမှတ် ၁၀၇/၈၉ ကို ပြန်လည်ကြားနာပြီး တိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကိုအတည်ပြု၍ အယူခံမှုကို ပလပ် ကြောင်း စီရင်ချက်ကို ၃၁-၁၀-၉၁ နေ့တွင် ချမှတ်ခဲ့ကြောင်း၊ စီရင်ချက်နှင့်ဒီကရီများအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ဦးလူဖေဝင်း အမည်ပေါက်မှ ဒီကရီရရှိသူ ဒေါက်တာစိုးတင့် ပါ- ၉ ဦး အမည်သို့ အမည်ပြောင်းလဲပေးခဲ့ကြောင်း၊ ၁၅-၅-၂၀၁၅ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာကြော်ငြာတွင် အထက်ဖော်ပြပါတရားရုံး၏ စီရင်ချက်များ အရ ဦးလူဖေဝင်း အမည်ပေါက်မှ ကျန် ၉ ဦး၏ မြေကွက် ၆ ကွက်ကိုသာ အမည်ပြောင်းပေးခဲ့ပြီး အမှုရင်ဆိုင်စဉ်ကာလအတွင်း ကွယ်လွန်သူ ဦးစိန်ဝင်းနှင့် ဒေါက်တာဦးကျော်မောင်တို့၏အမည်များသို့ အမည်ပြောင်းလဲခြင်း မရှိဘဲ ကျန်ရှိခဲ့ကြောင်း၊ ၎င်းတို့ ၂ ဦးထံမှ ဝယ်ယူသူဖြစ်သော ဦးထူးအောင်ညွန့် နှင့် ဦးဖြိုးခိုင်ဦးတို့သည် ၎င်းတို့ဝယ်ယူပိုင်ဆိုင်ခဲ့သော ဆက်စပ်စာချုပ်များတင်ပြ၍ အမည်ပြောင်း လျှောက်ထားခြင်းအား ခိုင်လုံသော အထောက်အထားတင်ပြ၍ ကန့်ကွက်နိုင်ကြောင်းကြေညာခဲ့သဖြင့် ဒေါ်တင်တင်ဝင်း (ခ) ဒေါ်တင်တင်အေး၊ ဒေါက်တာစိန်စိန်လင်း (ခ) ဒေါ်စန်းမြတို့က ကန့်ကွက်လွှာတင်ပြခဲ့ သော်လည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူးက  အမည်ပြောင်းခွင့်ပြုခဲ့သည်ဟု သိရှိကြောင်း၊ ယင်းဌာနမှူးသည် အမှုအတွင်းကွယ်လွန်၍ တရားဝင် ကိုယ်စားလှယ်မထည့်သော အမှုသည်တို့အား အခွင့်အရေးတစ်စုံတစ်ရာ သတ်မှတ်ခဲ့ခြင်းမရှိသောသူများ ထံမှ လွှဲပြောင်းရယူသူများ၏ မြေကွက်အမည်ပေါက်ပြောင်းလဲခြင်းသည် ဥပဒေအရလည်းကောင်း၊ အကြောင်းခြင်းရာအရလည်းကောင်း၊ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ လွဲမှား ချွတ်ချော်နေသဖြင့် အာဏာပိုင်မေးစာချွန်တော် အမိန့်ထုတ်ဆင့်ပေးရန်အတွက် ကွယ်လွန်သူ ဦးလူဖေဝင်း၏သမီးဖြစ်သူ ဒေါ်တင်တင်ဝင်း(ခ)ဒေါ်တင်တင်အေးနှင့် မြေးဖြစ်သူ ဒေါက်တာဒေါ်စိန်စိန်လင်း (ခ) ဒေါ်စန်းမြတို့က ၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၂၀၃ ဖြင့်လည်းကောင်း၊ ကျန်မြေးတစ်ဦးဖြစ်သူ ဦးစိန်သင်းက ၂၀၁၇ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၁၁၈ ဖြင့် လည်းကောင်း လျှောက်ထားလာခြင်း ဖြစ်သည်။

          အထက်ဖော်ပြပါ လျှောက်ထားမှုနှစ်မှုစလုံးသည် အမှုအကြောင်းခြင်းရာနှင့် ဆုံးဖြတ်ရမည့် ပြဿနာ တို့ တူညီသည် ဖြစ်၍ ဤအမိန့်သည် နှစ်မှုစလုံးနှင့်သက်ဆိုင်စေရမည်။

          ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည်လျှောက်ထားခံရသူ ၂၊ ၃ တို့က တင်ပြသော တရားရုံး၏ စီရင်ချက်၊ ဒီကရီတို့နှင့် အဆင့်ဆင့်သောအရောင်းအဝယ်စာချုပ်များ အရ အချင်းဖြစ် မြေကွက် အား မူလအမည်ပေါက် ဦးလူဖေဝင်း အမည်မှ လျှောက်ထားခံရသူ အမှတ် ၂၊ ၃ အမည်သို့ ပြောင်းလဲခွင့်ပြု ခဲ့ခြင်းသည် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ စိစစ်ရန် အတွက်အာဏာပိုင်မေးစာချွန်တော်အမိန့် ထုတ်ဆင့်ရန် မသင့်ကြောင်း အကြောင်းပြစေရန် ကနဦးအမိန့် ချမှတ်ခဲ့သည်။

          လျှောက်ထားခံရသူအမှတ် ၁ အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးက အချင်းဖြစ် မြေကွက်၏ မူလအမည်ပေါက်သည် ဦးလူဖေဝင်းအမည်ဖြင့် မှတ်သားထားကြောင်း၊ ယင်းမြေကွက်အား ဦးလူဖေဝင်းထံသို့ ဦးစိန်ဝင်းက စရံငွေပေးအပ်သည့် ၆-၉-၇၄ ရက်စွဲပါ ပြေစာ၊ ၂၆-၃-၁၉၈၀ ရက်စွဲပါ ဒေါက်တာဦးကျော်က ဦးစိန်ဝင်းထံမှ ဝယ်ယူသော ကတိစာချုပ်နှင့် ၃၁-၈-၂၀၁၄ ရက်စွဲပါ ဒေါက်တာဦးကျော်က လျှောက်ထားခံရသူ ၂ နှင့် ၃ တို့အားရောင်းချ သည့် အရပ်ကတိစာချုပ်တို့ကို အထောက်အထားပြု၍ အထူးဂရန်ထုတ်ပေးရန်အတွက် လျှောက်ထားခံရသူ ၂ နှင့် ၃ က ၂၀-၁၀-၂၀၁၄ ရက်စွဲပါစာဖြင့် လျှောက်ထားခဲ့ကြောင်း၊ တရားရုံးချုပ်စုံညီခုံရုံးတွင် ဒေါက်တာစိုးတင့် ပါ-၁၁ ဦးအား အနိုင်ဒီကရီ ချမှတ်ခဲ့သဖြင့် ဒေါက်တာစိုးတင့်အပါအဝင် အသီးသီးပိုင်ဆိုင်မှု အမည်ပေါက်ဂရန်များ ရရှိပြီးဖြစ်ကြောင်း၊ လျှောက်ထားခံရသူ ၂ နှင့် ၃ တို့သည် ဦးလူဖေဝင်းထံမှ ဝယ်ယူသူ ဦးစိန်ဝင်းထံမှ တစ်ဆင့် အရပ်စာချုပ်ဖြင့်ဝယ်ယူ၍ လက်ဝယ်ရရှိထားပြီးဖြစ်ကြောင်း ဖော်ပြလျှောက်ထားသည့်အပြင် မြေပြင် ကွင်းဆင်းရာ၌ မြေပေါ်ရှိ ၁ ထပ်တိုက်တစ်လုံးရှိပြီး လူမနေသော့ခတ်ထားကြောင်း၊ လျှောက်ထားခံ ရသူ အမှတ် ၃ က သော့ဖွင့်ပြသဖြင့် ယင်းမြေကွက်ကို ၎င်းတို့လက်ဝယ်ရှိသည်ဟု မှတ်သားခဲ့ကြောင်း၊ အဆိုပါလျှောက်ထားမှုကို သတင်းစာဖြင့်ကြော်ငြာရာ၌ ကန့်ကွက်ချက်များ ကို လိုအပ်သောဥပဒေအကြံ ဉာဏ်ရယူပြီး ၂၄-၁၁-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော်မတီဝင်များအစည်းအဝေး ၄/၂၀၁၅ သို့ တင်ပြ၍ ယင်းအစည်းအဝေးဆုံးဖြတ်ချက်အပိုဒ် က/၄၇ အရ လျှောက်ထားခံရသူ ၂ နှင့် ၃ တို့၏ အမည်ပေါက်ပြောင်းလဲမှတ်သားခြင်း၊ စာချုပ်ရုံးသို့မှတ်ပုံတင်စေခြင်း၊ အခွန်ပေးဆောင်စေခြင်းပြုပါရန် ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု လျှောက်ထားခံရသူအမှတ် ၁ က ပြန်ကြားထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေ ၄ (ခ) တွင် အမည်ပေါက် ပြောင်းလဲသတ်မှတ်ပေးရန်လျှောက်ထားလိုသူသည် ဌာန၏သတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်နှင့် နောက်ဆုံးထမ်းဆောင်ထားသောမြေခွန်ပြေစာ၊ စာချုပ်အဆက်အစပ်ဖြင့်ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင် စာချုပ်စာတမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးကချမှတ်ထားသော စီရင်ချက်နှင့်ဒီကရီမူရင်းများ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားခံရသူအမှတ် ၂ နှင့် ၃ တို့က လျှောက်ထားခံရသူအမှတ် ၁ ၏ဌာနသို့ မြေအမည်ပေါက်ပြောင်းရန်နှင့် အထူးဂရန်ထုတ်ပေးရန် လျှောက်ထားရာတွင် နည်းဥပဒေ ၄ (ခ) နှင့် အညီ မှတ်ပုံတင်ထားသည့် စာချုပ်များတင်ပြနိုင်ခြင်းမရှိဘဲ အမည်ပြောင်းမှတ်သား၍ စာချုပ်ရုံးသို့ မှတ်ပုံတင်စေပြီး အခွန်ပေးဆောင်စေရန် ဆုံးဖြတ်ချက်သည် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့် ညီညွတ်မှုမရှိကြောင်းပေါ်ပေါက်၍ စာချွန်တော်အမိန့်ထုတ်ဆင့်ပေး ရန် လျှောက်ထားမှုကို လက်ခံစဉ်းစားသင့်ပါကြောင်းနှင့် ဥပဒေနှင့်အညီ သင့်မြတ်သောအမိန့်ချမှတ်ပေးရန် လျှောက်ထားသည်။

          လျှောက်ထားခံရသူအမှတ် ၂ နှင့် ၃ တို့၏ရှေ့နေက ဦးစိန်ဝင်းအပါအဝင် ဒေါက်တာ စိုးတင့် ပါ-၁၁ ဦး က ဦးလူဖေဝင်းအပေါ် ရန်ကုန်တိုင်းတရားရုံး၊ တရားမကြီးမှုအမှတ် ၃၂/၈၀ တွင် အရောင်းပဋိညာဉ်ကို သီးခြားဆောင်ရွက်ပေးစေလိုမှုစွဲဆိုရာ ဦးစိန်ဝင်းသည်အမှုအတွင်း ကွယ်လွန်သဖြင့် ဦးစိန်ဝင်း အတွက် သက်သာခွင့်ချမှတ်ပေးခဲ့ခြင်းမရှိကြောင်း၊ ဒေါက်တာစိုးတင့် ပါ- ၉ ဦးသည် တရားရုံးအသီးသီး၏ အမိန့်ဒီကရီများအရ အမည်ပြောင်း လျှောက်ထားခဲ့ပြီး ဦးစိန်ဝင်းမှာအမည်ပြောင်းခွင့်မရသေးကြောင်း၊ ဦးလူဖေဝင်း၏ တရားဝင်ကိုယ်စားလှယ် ဖြစ်သော ဒေါက်တာဒေါ်ခင်မြဝင်း၊ ဒေါ်တင်တင်ဝင်း တို့အနေဖြင့် တရားရုံးချုပ်၊ တရားမပထမအယူခံမှုအမှတ် ၁၀၇/၈၉ တို့တွင်ချမှတ်သော ၃၁-၁၀-၉၁ အမိန့်ဒီကရီအရ အချင်းဖြစ်မြေကွက်အမှတ် ၈၇ နှင့်ပတ်သက်၍ဥပဒေကြောင်းအရ အကျိုးခံစားခွင့်မရှိ၊ ရပိုင်ခွင့်မရှိ၊ ပိုင်ဆိုင်မှုရပ်စဲသွားပြီဖြစ်ကြောင်း၊ အချင်းဖြစ်မြေကွက်အား ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်ထားခံရသူ အမှတ် ၂၊ ၃ ၏ လက်ဝယ်တွင်ရှိကြောင်း စိစစ်တွေ့ရှိရ၍ မြေအမည်ပြောင်းပြုလုပ်ပေးခြင်းသည် အကြောင်းခြင်းရာအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲမှုအာဏာအတွင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထိုပြင် လျှောက်ထားခံရ သူအမှတ် ၂၊၃ တို့ထံမှ ပိုင်ဆိုင်မှုစာချုပ် စာတမ်းများ တင်ပြနိုင် သည့်အပြင် ယင်းမြေကွက်ကို ဦးလူဖေဝင်းနှင့် ၎င်း၏ဆွေစဉ်မျိုးဆက်တို့ လက်ဝယ်တွင်မရှိကြသဖြင့် ဦးစိန်ဝင်းထံ ရောင်းချသောအချိန်မှစ၍ ၎င်းတို့သည် ပိုင်ဆိုင်မှု ရပ်ဆိုင်း ဆိတ်သုဉ်းသွားပြီဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီရုံး၏ ၁၉၈၆ ခုနှစ်၊ အမှုအမှတ် ၁၂၂ တွင် ၂၉-၄-၁၉၈၀ ရက်နေ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၇၃ (ဍ) လျှောက်ထားသည့် လျှောက်လွှာအပေါ်ပယ်သည့် အမိန့်ချမှတ်ထားရာတွင် ဒေါက်တာဒေါ်ခင်မြဝင်းက ဒေါက်တာဦးစိုးတင့် ပါ-၁၁ ဦးတို့အပေါ် အမှုအတောအတွင်း ယာယီတားဝရမ်း ထုတ်ပေးပါရန် လျှောက်ထားသည့်အမှုကိုပယ်ခဲ့သဖြင့် အချင်းဖြစ်မြေကွက်၌ တိုက်တာအခိုင်အမာ ဆောက်လုပ်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်းတို့အပေါ် တားမြစ်ပိုင်ခွင့် မရှိသည်မှာပေါ်လွင်ကြောင်း၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူးသည် ကော်မတီဝင်များအစည်းအဝေး ဆုံးဖြတ်ချက်၌ အမည်ပြောင်းမှတ်သားခြင်း စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ခြင်း၊ အခွန်ပေးဆောင်ခြင်းများ ဆောင်ရွက် ပြီးစီးမှုကို ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း ယင်းအချက်ကို ထိန်ချန်လျှောက်ထားခြင်း ဖြစ်ကြောင်း၊ အမည်ပြောင်းခွင့်ပြု သောဆုံးဖြတ်ချက်အပေါ် အာဏာပေးစာချွန်တော် အမိန့်ထုတ်ဆင့်ပေး ရန် လျှောက်ထားခြင်းမဟုတ်ဘဲ ၆-၇-၂၀၁၆ ရက်စွဲပါ လျှောက်ထားခံရသူအမှတ် ၁ ဌာန၏ အကြောင်းကြားစာအပေါ်၌သာ လျှောက်ထားလာခြင်းဖြစ်ကြောင်း၊ ဌာနမှူး အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေ၊ နည်းဥပဒေတို့အရ ဆောင်ရွက်ရန်တာဝန်ပျက်ကွက်ခဲ့ကြောင်းကို ဖော်ပြလျှောက်ထားခြင်းမရှိကြောင်း၊ အမှုအတွင်းအမှုသည်ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ တရားမကျင့်ထုံး ဥပဒေအမိန့် ၂၂ နှင့်သက်ဆိုင်သောစီရင်ထုံးများကိုကိုးကားပြီး ဦးစိန်ဝင်းသည် အဆိုပါ အမှုတွင် အမှုရပ်စဲ သွားသည်မှာ မှန်သော်လည်း ဦးစိန်ဝင်းနှင့်ပတ်သက်၍ ထပ်မံတရားစွဲဆိုခြင်းမရှိသောကြောင့် အဆိုပါအမှု တွင် အမှုရပ်စဲသည်ဆိုသောစကားရပ်ကို လျှောက်ထားခံရသူအမှတ် ၂ နှင့် ၃ တို့၏ အမည်ပြောင်းလျှောက် ထားမှုတွင် ထည့်သွင်းသုံးသပ်ဆုံးဖြတ်၍မရကြောင်း၊ သို့ဖြစ်၍ စာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားမှုကို ခွင့်မပြုသင့်ကြောင်း လျှောက်ထားသည်။

          လျှောက်ထားသူ၏ရှေ့နေက ရန်ကုန်တိုင်းတရားရုံး၊ တရားမကြီးမှုအမှတ် ၃၂/၁၉၈၀ တွင် ဒေါက်တာစိုးတင့် ပါ- ၁၁ ဦးက ဦးလူဖေဝင်းအပေါ် အချင်းဖြစ်မြေကွက်ကြီးကို ခွဲခြမ်းစိတ်ဖြာ၍ ရောင်းချ ရန်စရံငွေရယူခဲ့သည်ဟုအဆိုပြုပြီး မြေအရောင်းအဝယ်ပဋိညာဉ်ကို သီးခြား ဆောင်ရွက်ပေးစေလိုမှု စွဲဆိုရာ တွင် ဦးစိန်ဝင်းသည် အမှုအတွင်းကွယ်လွန်သဖြင့် တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမရှိ၍ ၎င်းနှင့် ပတ်သက်၍ အမှုရပ်စဲသွားကြောင်း၊ ဦးစိန်ဝင်းအပေါ် အမှုရပ်စဲ၍ ၎င်းက မြေကွက်ဝယ်ယူသည့်ကိစ္စကို တရားရုံးက မည်သည့်သက်သာခွင့်မျှခွင့်မပြုခဲ့ခြင်းနှင့် စာချုပ်မဟုတ်သော စရံငွေလက်ခံပြေစာဖြင့် အဆင့်ဆင့်လွှဲပြောင်းရောင်းချထားခြင်းတို့ကြောင့် လျှောက်ထားခံရသူအမှတ် ၂ နှင့် ၃ တို့သည် ဥပဒေ လုပ်ထုံးလုပ်နည်းများအရ အရောင်းအဝယ်အထမမြောက်သဖြင့် ပိုင်ဆိုင်ခွင့်မရရှိကြောင်း၊ အချင်းဖြစ်မြေ သည် ဘိုးဘွားပိုင်မြေဖြစ်ကြောင်း၊ မှတ်ပုံမတင်သောစာချုပ်အရ အမည်ပြောင်းခွင့်ကို သက်ဆိုင်ရာဌာန လုပ်ထုံးလုပ်နည်းဥပဒေတွင် ပြဋ္ဌာန်းချက်မရှိကြောင်း၊ သို့ဖြစ်၍ လျှောက်ထားခံရသူများအား အမည်ပေါက် ပြောင်းလဲပေးရန် ဆုံးဖြတ်အမိန့်ချမှတ်ခြင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိ၍ အာဏာပိုင်မေးစာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားသည်။

          ကမာရွတ်မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၆/E၊ မြေကွက်အမှတ် ၈၇/၃၊ ဧရိယာ ၀.၁၉၀ ဧက၊ မြေပိုင်မြေ (မြေပိုင်ဆိုင်ခွင့်လက်မှတ်ရမြေ) ဦးလူဖေဝင်းအမည်ပေါက်မြေအား လျှောက်ထားခံရသူအမှတ် ၂ နှင့် ၃ ဖြစ်သော ဦးထူးအောင်ညွန့်နှင့် ဦးဖြိုးခိုင်ဦးတို့ အမည်ပေါက်ပြောင်းလဲမှတ်သားစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားခဲ့ရာ တွင် ယင်းမြေကို ၎င်းတို့က ဒေါက်တာဦးကျော်ထံမှလည်းကောင်း၊ ဒေါက်တာဦးကျော်သည် ဦးစိန်ဝင်းထံမှ လည်းကောင်း၊ ဦးစိန်ဝင်းသည် ဦးလူဖေဝင်းထံမှဝယ်ယူခဲ့သည့် စရံပေးပြေစာနှင့် အရပ်အရောင်းအဝယ် ကတိစာချုပ်များ ဖြင့် အဆင့်ဆင့်ဝယ်ယူခဲ့ကြောင်း၊ ယင်းမြေပေါ်ရှိ အဆောက်အဦတွင် ပိတ်ထားသော သော့အားဖွင့်ပြ၍ ယင်းမြေနှင့်အဆောက်အဦကို လက်ဝယ်ထားရှိကြောင်း တင်ပြထားသည်ကို တွေ့ရှိရ သည်။

          အချင်းဖြစ်မြေသည် မူလအမည်ပေါက်မှာ ဦးလူဖေဝင်းဖြစ်သည်။ ဦးလူဖေဝင်းထံ စရံငွေပေးချေထား သည်ဆိုသော ဦးစိန်ဝင်းသည် ဦးလူဖေဝင်းအပေါ် ပဋိညာဉ်အတိုင်း သီးခြားဆောင်ရွက်ပေးစေရန် ရန်ကုန် တိုင်းတရားရုံး ၁၉၈၀ ပြည့်နှစ်၊ တရားမကြီးမှုအမှတ် ၃၂ (လသာ) ဖြင့် တရားစွဲဆိုသည့် တရားလို ၁၁ ဦး အနက် ပါဝင်သူဖြစ်သည်။ သို့သော် ဦးစိန်ဝင်းနှင့် ဒေါက်တာကျော်မောင်တို့သည် အမှုအတွင်း ကွယ်လွန်ခဲ့ သော်လည်း ယင်းအမှုတွင် တရားဝင်ကိုယ်စားလှယ်ထည့်သွင်းခြင်းမရှိ၍ ၎င်းတို့နှင့် ပတ်သက်၍ အမှုရပ်စဲ သွားကြောင်းနှင့် ကျန်တရားလို ၉ ဦးတို့အပေါ် တောင်းဆိုသည့်အတိုင်း အနိုင်ဒီကရီချမှတ်ခဲ့သည့်အပြင် ယင်းဒီကရီကို တရားရုံးချုပ်၏ ၁၉၈၉ ခုနှစ်၊ တရားမပထမအယူခံမှုအမှတ် ၁၀၇ တွင် ၃၁-၁၀-၉၁ နေ့က အတည်ပြုသည့်အမိန့် ချမှတ်ထားသည်။ သို့ဖြစ်၍ အဆိုပါအမှုတွင် သက်သာခွင့်တစ်စုံတစ်ရာရရှိခဲ့သူ မဟုတ်ပေ။

          မြေအမည်ပေါက်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄ (ခ) တွင် မြေအမည်ပေါက်ပြောင်းလဲရန် လျှောက်ထားသူသည် ဌာနမှသတ်မှတ်ပုံစံနှင့်အတူ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ မြေပိုင်မြေဖြစ်ပါက အမည် ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန် (နောက်ဆုံးထမ်းဆောင်ထားသည့် မြေခွန်ပြေစာပူးတွဲလျက်) စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင်စာချုပ်စာတမ်း၊ တရားရုံးအမိန့်ရရှိထားသူ ဖြစ်ပါက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးကချမှတ်ထားသည့် စီရင်ချက်နှင့် ဒီကရီမူရင်းများတင်ပြလျှောက်ထားရ မည်ဟု ထုတ်ပြန်ထားသည်။

          တရားလို ဒေါက်တာစိုးတင့် ပါ- ၁၁ ဦးတို့အနက် အမှုအတွင်းကွယ်လွန်၍ ရပ်စဲသွားသူ ဒေါက်တာကျော်မောင်နှင့် ဦးစိန်ဝင်းမှအပ ကျန်တရားလို ၉ ဦးသည် ၎င်းတို့ရရှိသည့် အနိုင်ဒီကရီအရ ဝယ်ယူခဲ့သည့်မြေအစိတ်အပိုင်းများအတွက် မူလအမည်ပေါက် ဦးလူဖေဝင်းအမည်မှ ၎င်းတို့ ၉ ဦး အမည်သို့ အမည်ပြောင်း ပြောင်းလဲပေးခဲ့ခြင်းသည် ပူးတွဲတင်ပြထားသော တရားရုံးဒီကရီအပေါ် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄ (ခ) အရ ဆောင်ရွက်ခြင်းဖြစ်သည်။

          လျှောက်ထားခံရသူအမှတ် ၂ နှင့် ၃ တို့ထံ အဆင့်ဆင့် ရောင်းချခဲ့သည်ဆိုသော ဦးစိန်ဝင်းသည် ဦးလူဖေဝင်းထံ စရံငွေသာပေးခဲ့သူဖြစ်သည်။ ဦးလူဖေဝင်းအား တရားစွဲဆိုသည့် အမှု၌ ဦးစိန်ဝင်းသည် တရားလိုအဖြစ်ပါဝင်ခဲ့သည်မှာ မှန်သော်လည်း အမှုအတွင်းကွယ်လွန်ခဲ့သည့်အပြင် ၎င်းအတွက် တရားဝင် ကိုယ်စားလှယ်ထည့်သွင်း လျှောက်ထားမှုမရှိသောကြောင့် အဆိုပါ အမှုတွင် ဦးစိန်ဝင်းနှင့် စပ်လျဉ်းသမျှ အမှုရပ်စဲခဲ့ပြီးဖြစ်သည်။ ဦးစိန်ဝင်းသည် တရားရုံး၏ ဒီကရီရရှိသူမဟုတ်သကဲ့သို့ ဦးလူဖေဝင်းထံမှ တရားရုံး ၏ဒီကရီအရဖြစ်စေ၊ မှတ်ပုံတင်လွှဲပြောင်းသည့်စာချုပ်စာတမ်းအရဖြစ်စေ လွှဲပြောင်းရရှိခြင်းမရှိသော ကြောင့် ဦးစိန်ဝင်းနှင့်ဆက်စပ်သမျှ စရံပေးအရောင်းအဝယ်စာချုပ်ပြုလုပ်သော မြေအစိတ်အပိုင်းသည် ဦးစိန်ဝင်းထံ တရားဝင်လွှဲပြောင်းရောက်ရှိခြင်းမရှိပေ။ ယင်းမြေအစိတ်အပိုင်းသည် မူလပိုင်ရှင် ဦးလူဖေဝင်း၊ ဦးလူဖေဝင်း ကွယ်လွန်ပြီးနောက် ၎င်း၏အမွေဆက်ခံခွင့်ရှိသူများ၏ ပိုင်ဆိုင်သည့်ပစ္စည်းအဖြစ်သာ ဆက် လက် တည်ရှိမည်ဖြစ်သည်။ မြေနှင့်ပတ်သက်၍ ဦးလူဖေဝင်း၏ ဆက်ခံသူများက တရားတစ်ထုံးထပ်မံစွဲဆို ရန်လည်း အကြောင်းရှိမည်မဟုတ်ပေ။

          မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနအနေဖြင့် မြေအမည်ပြောင်းဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း များတွင်ပါရှိသည့်အချက်များဖြစ်သော မြေအမည်ပေါက်နှင့် မြေငှားစာချုပ်ရသူထံမှ မှတ်ပုံတင်စာချုပ် စာတမ်းအဆက်အစပ်ဖြင့် ရရှိသူမဟုတ်သည့်အပြင် တရားရုံး၏အမိန့်ရရှိထားခြင်းမရှိသော လျှောက်ထားခံ ရသူအမှတ် ၂၊ ၃ တို့အား မူလအမည်ပေါက် ဦးလူဖေဝင်းအမည်မှ ၎င်းတို့အမည်သို့ ပြောင်းလဲပေးခဲ့ခြင်း သည် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအပိုဒ် ၄ (ခ) ပါ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သည်ဟု ဆိုနိုင်မည်မဟုတ်ပေ။

          လျှောက်ထားခံရသူအမှတ် ၁ နှင့် ၂ ၏ ရှေ့နေက အချင်းဖြစ်မြေနှင့်ပတ်သက်၍ ဦးစိန်ဝင်းထံ စတင် ရောင်းချသည့် ၆-၉-၁၉၇၄ ရက်နေ့မှစ၍ ဦးလူဖေဝင်းအနေဖြင့်လည်းကောင်း၊ ၎င်း၏ဆွေစဉ်မျိုးဆက်သော် လည်းကောင်း လက်ဝယ်မရှိကြောင်း၊ ယင်းမြေကွက်နှင့်ပတ်သက်၍ တရားစွဲဆိုကန့်ကွက်ခြင်းမရှိကြောင်း၊ လျှောက်ထားသူတို့အနေဖြင့် ပိုင်ဆိုင်မှုရပ်ဆိုင်းဆိတ်သုဉ်းသွားပြီဖြစ်ကြောင်း တင်ပြလျှောက်ထား သော်လည်း ယခုလျှောက်ထားမှုသည် အချင်းဖြစ်မြေ ပိုင်ရေးပိုင်ခွင့်နှင့်စပ်လျဉ်း၍ တရားမကြောင်းမရ တရားစွဲဆိုသည့် အမှုမဟုတ်ပေ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာနက မြေအမည်ပြောင်းခွင့်ပြုသည့် ဆောင်ရွက်ချက်သည်အဆိုပါဌာန၏ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ စာချွန်တော်အမိန့် လျှောက်ထား ခြင်းသာဖြစ်သည်။

          အာဏာပိုင်မေးစာချွန်တော်အမိန့်သည် အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့်အာဏာအပ်နှင်း ထားသည့် အဖွဲ့အစည်းတစ်ခုခုသည် တစ်ဦးတစ်ယောက် သို့မဟုတ် အများအပေါ်တွင်ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ စိစစ်ကြားနာ၍ ဥပဒေနှင့်ညီညွတ်ခြင်း ရှိ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာ ဖြစ်သည်။

          ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ကမာရွတ်မြို့ နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၃၆/E၊ မြေကွက်အမှတ် ၈၇/၃၊ (မြေကွက်တည်နေရာ အမှတ် ၉၇၊ သံလွင် လမ်း၊ ကမာရွတ်မြို့နယ်) တွင် မူလအမည်ပေါက် ဦးလူဖေဝင်းအမည်မှ လျှောက်ထားခံရသူ အမှတ် ၂ နှင့် ၃ ဖြစ်သော ဦးထူးအောင်ညွန့်နှင့် ဦးဖြိုးခိုင်ဦးတို့အမည်သို့ ပြောင်းလဲခွင့်ပြုခြင်းသည် အဆိုပါဌာန၏ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမဟုတ်၍ အာဏာပိုင်မေးစာချွန်တော်အမိန့်ဖြင့် ဝင်ရောက်စွက်ဖက် ပယ်ဖျက်ရမည်ဖြစ်သည်။

          ထို့ကြောင့် ဤတရားမအထွေထွေလျှောက်ထားမှုများကို ခွင့်ပြု၍ အချင်းဖြစ်မြေကွက်ကို လျှောက် ထားမှုများကို ခွင့်ပြု၍ အချင်းဖြစ်မြေကွက်ကို လျှောက်ထားခံရသူအမှတ် ၂ နှင့် ၃ ဦးထူးအောင်ညွန့်နှင့် ဦးဖြိုးခိုင်ဦးတို့အမည်သို့ ပြောင်းလဲခြင်းကို အာဏာပိုင်မေးစာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက် လိုက်သည်။

          စရိတ်မသတ်မှတ်။












 


0 comments:

Post a Comment