ကိုင်း / ကျွန်းမြေနှင့် မြေနုကျွန်း မြေပြဿနာ
စကားချီ။ ။ မြန်မာ တောင်သူ ဦးကြီးများ ဂျာနယ်၊ အတွဲ (၁၄)၊ အမှတ် (၁၉၆)တွင် ဥပဒေ ပညာရှင် ဦးဟန်ရှင်ဝင်းနှင့် ပွင့်ဖြူဖြူလွင်တို့ တွေ့ဆုံမေးမြန်း ခန်း၌ “မြေနုကျွန်း မြေကို ပုံစံ-၇ လျှောက်ခိုင်း၍ လယ်သမား ပြဿနာများ ဖြစ်ပွားခဲ့သည်”ဟု ဆိုသည်။ လယ်ယာမြေ ဥပဒေ ပုဒ်မ - ၁၀ အရ “၎င်း ဥပဒေ ပုဒ်မ - ၄၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါ ပြဌာန်းချက် များသည် မြေနုကျွန်းချ ထားခြင်းနှင့် မသက်ဆိုင်စေရ”ဟု ပြဌာန်းထား သဖြင့် မြေနုကျွန်းမြေအား လုပ်ကွက်တည်ငြိမ်နေပြီဖြစ်၍ မြေရင့်ဟု သတ်မှတ်ကာ ပုံစံ(၇) လျှောက်ထားခိုင်းခြင်း ဖြစ်နိုင်သည်။ ကြေးတိုင်ဦးစီးဌာနမှ မြေမျိုးကြီး ဟု သတ်မှတ်ခဲ့သော ကိုင်း ကျွန်းမြေနှင့် မြေနု ကျွန်းမြေသည် ကွဲပြား ခြားနားသော အချက်များ ရှိသည်။
မြေနုကျွန်းမြေ
လယ်ယာမြေ ဥပဒေ ပုဒ်မ-၃(ဂ)အရ “မြေနုကျွန်း မြေဆိုသည်မှာ ရေအောက်သို့ နစ်မြုပ်ခဲ့ပြီး နှစ်စဉ် ရေကြောင်း အနေအထားအရမြေသားနှင့်ပုံဏ္ဍာန်ပြောင်းလဲသည့် ခိုင်မြဲမှု မရှိသောမြေကို ဆိုလိုသည်”ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ မြေနုကျွန်း မြေလုပ်ပိုင်ခွင့်ချထားခြင်း လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍ လယ်ယာမြေ နည်းဥပဒေ အခန်း ၁၂၊ နည်း ဥပဒေ - ၁၀၃ မှ ၁၁၁ အထိ အသေးစိတ် ဖော်ပြထားရာ အချုပ် အားဖြင့် ဆိုသော် ၎င်း နည်းဥပဒေ - ၁၁၂ (က) အရ “မြေနုကျွန်း လုပ်ပိုင်ခွင့် ရရှိသူသည် တစ်နှစ်တစ်ရာသီသာ လုပ်ပိုင်ခွင့် ရရှိခြင်း ဖြစ်၍ မှတ်ပုံ တင်ကြေး ပေးဆောင်ရန် မလိုဘဲ မြေခွန်ကိုသာ ထမ်းဆောင်ရမည်”ဟု ပြဌာန်း ထားသည်။ ဆိုလိုသည်မှာ မှတ်ပုံတင်ကြေး (လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ကြေး) ပေးဆောင်ရန် မလိုသည့်အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) လျှောက်ထားခွင့်၊ ထုတ်ပေးခွင့် လုံးဝမရရှိနိုင်ပေ။
ကိုင်း/ကျွန်းမြေ
ကြေးတိုင် ဦးစီးဌာနမှ တရားဝင် သတ်မှတ်ထား ခဲ့သော မြေမျိုးကြီး K (သို့) K1, K2, (သို့)Ky အစရှိသော ကိုင်းကျွန်း မြေသည်လယ်ယာမြေဥပဒေပုဒ်မ - ၃(က) အရ လယ်မြေဟူသော စကားရပ်တွင် အကြုံးဝင်ပါရှိသဖြင့် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇) လျှောက်ထားခွင့် ထုတ်ပေးခွင့်ရှိသည်။ မြန်မာနိုင်ငံအတွင်း လက်ရှိအသုံးချလျက်ရှိသော မြေများကို အမျိုးအစားခွဲထားရာ၌ “ကိုင်း/ကျွန်းမြေ ဆိုသည်မှာ မြစ်ချောင်း ကမ်းပါး များရှိ နုန်းတက် မြေများ၊ မိုးရာသီတွင် မြစ်ရေဖုံးလွှမ်း နေသော်လည်းဆောင်းရာသီနှင့် နွေရာသီ များ၌ ရေနစ်မြုပ်သည့်မြေများ ဖြစ်ပေါ် လာသည့်အခါ စိုက်ပျိုး၍ ရသော မြေများ”ဟု သတ်မှတ်ထားပါသည်။
ကိုင်း/ကျွန်းမြေများအား ကြီးကြပ်ခြင်း
မြန်မာနိုင်ငံ မြေစာရင်း လက်စွဲ ဥပဒေ အပိုဒ် ၉၀၆၊ ၉၀၇ နှင့် ၉၀၈ တို့တွင် ကျွန်းမြေများနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ပြဌာန်းဖော်ပြထားသည်။ အကျဉ်းချုပ် အားဖြင့်ဆိုရသော် ကျွန်းမြေများ တည်ရှိသည့် ခရိုင်အားလုံးတွင် (၁) အမြဲမြေအဖြစ် သတ်မှတ်နိုင်သည့် ကျွန်းကွင်းများ ၁၀ နှစ်လျှင် တစ်ကြိမ်ထက်ပိုမို၍ ပြန်တိုင်းရန်မလိုသော ကျွန်းကွင်းများ၊ (၂) နှစ်စဉ်ဖြစ်စေ၊ တစ်နှစ်ထက်လျော့သော ကြားကာလများ၌ဖြစ်စေ၊ ပြန်တိုင်းရန်လိုသော ကျွန်းကွင်းများနှင့် မြေနုနှင့်မြေရင့်တို့၏ ကြားနယ်နမိတ်ကို အစက်နှင့်မျဉ်းပြောက်ထား၍သော် လည်း ကောင်း၊ အဝါရောင်မျဉ်းပြတ်ထား၍သော် လည်းကောင်း ပြသထားရမည့်အပြင် “မြေနု” နှင့် မြေရင့် ဟူသော စကားရပ်များ ကိုလည်း ကွင်းထွက်မြေပုံတွင် ရေးသား၍ ထားရမည်ဟု ဆိုသည်။ မြေနုကျွန်းမြေများ အတွက် မြေခွန်(ကိုင်း/မူရင်းခွန်) စည်းကြပ်သည့် မှတ်ပုံစာရင်း (၂-စာရင်း)မှ တပါး ဦးပိုင်မှတ်ပုံ စာရင်းများ ထားရှိရန် မလိုအပ်ချေ။
မြေနု/မြေရင့် ပြဿနာ
ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန (ယခု-လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန)တွင် ကျွန်းမြေ များ၏ မြေပုံနှင့် မှတ်ပုံတင် စာရင်းများ ရှိသော်လည်း မြေနု/မြေရင့် ပြဿနာနှင့် နယ်နမိတ် အငြင်းပွားမှု များကြောင့် မြေနုကျွန်း အငြင်းပွားမှုများ နှစ်စဉ်ပေါ်ပေါက်လေ့ ရှိသည်။ မြေနု ကျွန်း အငြင်းပွားမှုများကြောင့် တောင်သူ လယ်သမားများ တုတ်တစ်ပြက်၊ ဓားတစ် ပြက်နှင့် သွေးထွက်သံယို ဖြစ်ကြရုံမျှမက လူသတ်မှု/လူသေမှုများ ဖြစ်ပွားကြရသည် အထိ မြန်မာလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲ ကြ၊ မကောင်းသော အနိဋ္ဌာရုံများ ပေါ်ပေါက် ကြရသည်။ မြေနုကျွန်းအငြင်းပွားမှုများတွင် အဓိကတာဝန်ရှိသူများမှာ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူ၊ ထွေ၊ အုပ်၊ ရုံးစာရေးနှင့် မြေတိုင်းစာရေးတို့ ဖြစ်သည်။ မြေရင့်ကို မြေနုဟုသတ်မှတ်၍ နှစ်စဉ် ပြန်လည်ခွဲဝေချ ထားမှု ရှိသလို၊ မြေနုကိုလည်း မြေရင့်ဟုသတ်မှတ်၍ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ် ပေးခြင်းမှာ မဖြစ်သင့်၊ မဖြစ်ထိုက်ဘဲ တည်ဆဲမြေယာဥပဒေကို ချိုးဖောက်ရာ ကျပေသည်။
ကျေးရွာမှ ခုံသမာဓိ လူကြီးများ
အထက်ပါ မြေနု၊ မြေရင့် ပြဿနာ၊ မြေနုကျွန်း အငြင်းပွားမှု၊ မြေယာမှုခင်း များအား တောင်သူ လယ်သမား အချင်းချင်း ဖြေရှင်း၍ မည်သို့သောအခါမျှ ပြေလည်ငြိမ်း အေးမှု မရနိုင်သဖြင့် ကျေးရွာတိုင်းတွင် ရိုးသားဖြောင့်မတ်မှန်ကန်၍ မည်သူ့ဘက်မှ မလိုက်ဘဲ သမာသမတ်ကျသည့် ရှေ့မီ နောက်မီ၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်များ၏ အကူအညီရယူရန် လိုအပ်ပါသည်။ မြေယာ မှုခင်းများတွင် ဘက်မလိုက်သက်သေ၏ ထွက်ဆိုချက်များသည် အရေးပါသကဲ့သို့ မြေနုမြေရင့်ခွဲခြားမှုနှင့် ကျေးရွာ၊ ကျေးရွာ အုပ်စု၊ ကွင်းနယ်နိမိတ်များ ပိုင်းခြားသတ် မှတ်မှုကိုလည်း ထိုပုဂ္ဂိုလ်များက ဆုံးဖြတ် နိုင်စွမ်းရှိပါသည်။ ရှေးယခင်က ဖြစ်ပွားခဲ့သော မြေနုကျွန်းအငြင်းပွား မှုများအား ကျေးရွာ ဓလေ့ထုံးတမ်း အရ မူတည်၍ ဖြေရှင်း ဆောင်ရွက်ပြီးပြတ်သည့် ကိစ္စရပ်များတွင် ထိုပုဂ္ဂိုလ်၊ ရှေးလူကြီးများသည် အဓိကကျ လေသည်။
အချုပ်ဆိုရသော် လယ်ယာမြေနည်း ဥပဒေ-၁၀၃ အရ “မြေနုကျွန်းမြေများ သည် လည်းကောင်း၊ မြေနုကျွန်းမြေ(သို့) ကမ်းခြေနှင့် ဆက်စပ်၍ ပေါ်ထွန်းလာသော မြေနုများသည် လည်းကောင်း၊ အရွယ်အစား အားဖြင့် ဖြစ်စေ၊ တည်နေရာ အားဖြင့် ဖြစ်စေ၊ ပုံ
သဏ္ဌာန် အားဖြင့်ဖြစ်စေ၊ နှစ်စဉ်နှစ် တိုင်း ပြောင်းလဲလေ့ရှိသဖြင့် ပေါ်ထွန်းသော မြေနုကျွန်းမြေနှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကိုနှစ်စဉ် ချထားရမည်” ဟု ပြဌာန်းဖော်ပြ ထားသဖြင့် မြေနုကိုမြေရင့်ဟု သတ်မှတ် ကာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) မှားယွင်းစွာထုတ်ပေးရန် မသင့် ကြောင်းနှင့် မြေနု၊ မြေရင့် ခွဲခြားသတ်မှတ် မှုကို ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များက ကျေးရွာမှသမာဓိ လူကြီးများ ရှေ့မီနောက်မီ လူကြီးများနှင့် တိုင်ပင်နှီးနှောကာ ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကျေးရွာတွင်း စည်းလုံးညီညွတ်မှု ရရှိရေးအတွက် ရှေ့ရှုဆောင် ရွက်သင့်ပါကြောင်း အကြံပြုရေးသား တင် ပြအပ်ပါသည်။
- အေးဝင်းဦး (ဘူမိဗေဒ)
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၁၄) အမှတ်(၁၉၉)၊ မေ ၁၆ – ၂၂။
1 comments:
PDFIရှိလာဆရာတို့အလင်းပြပါအုံးဗျ
Post a Comment