#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြန်မာတောင်သူကြီးများ ဂျာနယ် မှ ဆရာ အေးဝင်းဦး(ဘူမိဗေဒ) ၏ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) မရှိသူများ သတိပြုရမည့်အချက်များ

Wednesday, August 19, 2020

 လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) မရှိသူများ သတိပြုရမည့်အချက်များ

 

ဆောင်းပါး

  14 August 2020  3:48 PM

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ရရှိထားသူသည် လယ်ယာမြေ ဥပဒေပုဒ်မ- ၉ အရ ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ အမွေပေးခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း စသည့်အခွင့်အရေးများကို ရရှိသလို လယ်ယာမြေကိုစိုက်ပျိုးမှုမှအပ အခြား နည်းသုံးစွဲခြင်း၊ အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းများ ပြုလုပ်ရန် တရားဝင်ခွင့်ပြုမိန့်များ လျှောက်ထားဆောင်ရွက်နိုင်သည်။ သို့သော် လယ်ယာမြေ ဥပဒေပုဒ်မ - ၁၂ ပါ စည်းကမ်းချက်များကိုမူ လိုက်နာကျင့်သုံး ဆောင်ရွက်ရသည်။

သို့မဟုတ်က လယ်ယာမြေ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်သည်။ သို့ဆိုလျှင် ပုံစံ (၇) မရှိသူများသည် အဆိုပါအခွင့်အရေးများကို လုံးဝမရရှိသည့်အပြင် လယ်ယာမြေကိုအခွင့်မရဘဲ ကျူးကျော်လုပ်ကိုင်သူအဖြစ်ပြစ်မှုထင်ရှားစီရင်ခြင်းကို ခံရဦးမည်ဖြစ်ပေသည်။

ပုံစံ (၇) မရရှိသည့် အကြောင်းရင်းများ

(၁) ကိုယ်တိုင် ပုံစံ (၇) လျှောက်ထားခြင်း အလျှင်းမရှိခြင်း၊ 

(၂) လျှောက်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့ခြင်း၊

(၃) လယ်ယာမြေကို အခြားနည်းအသုံးပြုထားပြီးဖြစ်၍ ပုံစံ (၇) ထုတ်ပေး၍ မရခြင်း၊ 

(၄) ပုံစံ (၇) လျှောက်ထားသောမြေသည် လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ခြင်း၊ လယ်ယာမြေ မဟုတ်သော မြေလွတ်၊ မြေရိုင်း (သို့) အခြားမြေ (Othdr Area) များဖြစ်ခြင်း၊ 

(၅) နှစ်ပရိစ္ဆေဒကြာမြင့်စွာ လုပ်ကိုင် နေစေကာမူ မူလက စားကျက်မြေ (သို့) သစ်တောမြေ စိုက်ပျိုးမြေဖြစ်ပါက စားကျက်မြေ၊သစ်တောမြေအဖြစ်မှ မပယ်ဖျက်ရသေးခြင်း၊ 

(၆) ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ပုံစံ (၇)အပြိုင်လျှောက်ထားစဉ်ကတည်းက အပယ်ခံရသူဖြစ်ခြင်း၊ (၇) ပုံစံ (၇) ရရှိထားသူနှင့် မြေယာ မှုခင်းဖြစ်ပွားရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ နောက်ဆုံး ဆုံးဖြတ်ချက်အရ အမှုရှုံးနိမ့်ခြင်း။

လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်သူ

အထက်ပါ အကြောင်းရင်းများကြောင့် ပုံစံ (၇) မရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်မရဘဲ အသုံးပြုနေသူ (လယ်ယာမြေကို အခွင့်မရဘဲ အသုံးချနေသူ) ဖြစ်သွားသဖြင့် လယ်ယာမြေကို ကျူးကျော် လုပ်ကိုင်သူများ ဖြစ်သွားပေလိမ့်မည်။ လယ်ယာမြေကို ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု လယ်ယာမြေဥပဒေပုဒ်မ- ၃၇ (က) အရ ပြဋ္ဌာန်းထားပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ လယ်ယာမြေဥပဒေအရ ပုံစံ (၇) လျှောက်ထားဆောင်ရွက်ရန် လိုအပ်ပါသည်။ ပုံစံ(၇) မရခဲ့လျှင်၊ မရှိခဲ့လျှင် ကျူးကျော်သူဖြစ်သွားပါပြီ။ မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည့်အတွက် နိုင်ငံပိုင်မြေကို ကျူးကျော်လုပ်ကိုင်သူ ဖြစ်သွားပေလိမ့်မည်။

လယ်ယာမြေ ကျူးကျော်လုပ်ကိုင်သူကို အရေးယူဆောင်ရွက်ခြင်း

လယ်ယာမြေ ကျူးကျော်လုပ်ကိုင်သူကို ချက်ချင်းအမှုဖွင့် အရေးယူရန် ပြဋ္ဌာန်းထားသည်မှာ လယ်ယာမြေဥပဒေပုဒ်မ -၃၇ နှင့် ၃၇(က) တို့ဖြစ်ပြီး ၎င်းဥပဒေပုဒ်မများအရ တရားစွဲဆိုသောပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟုလည်းလယ်ယာမြေဥပဒေပုဒ်မ ၄၀ တွင် ဖော်ပြထားပါသည်။

ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှု

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၅၄ အရ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုတစ်ရပ် ကျူးလွန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းပေးချက်တိုင်းကိုပြည်သူ့ရဲတပ်ဖွဲ့က စခန်းမှူးတစ်ဦးက နှုတ်ဖြင့်ပေးခဲ့လျှင် ထိုအရာရှိ ကိုယ်တိုင်ဖြစ်စေ၊ ၎င်းင်း၏ ညွှန်ကြားချက် အရဖြစ်စေ စာဖြင့်ရေးမှတ်ရမည့်အပြင် သတင်းပေးသူကို ပြန်လည်ဖတ်ပြရမည်။ သတင်းပေးသူက အမှုလာရောက်တိုင်တန်းလျှင် အမှုဖွင့်ရမည်ဖြစ်သောကြောင့် သတင်းပေးသူက လက်မှတ်ရေးထိုးပေးရမည်။ ထို့ကြောင့် ပုံစံ (၇) မရှိသူသည် တစ်နည်းအားဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်မရှိသူသည် နိုင်ငံပိုင်လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်သူများဖြစ်၍ လယ်ယာမြေဥပဒေအရ ပြစ်မှုကျူးလွန်သူများဖြစ်ကာရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအတွက်ရဲစခန်းကို မည်သူကဖြစ်ဖြစ် တိုင်ကြားလိုက်သည်နှင့် အမှုဖွင့်ခံရမည်ဖြစ်ပါသည်။ ရဲစခန်းကလည်း အမှုဖွင့်ပေးရမည်ဖြစ်သလို အမှုဖွင့်မပေးလျှင် ရဲကိုယ်တိုင် အရေးယူခံရနိုင်ပါသည်။

လယ်ယာမြေ ဥပဒေပုဒ်မ ၁၃ နှင့် ၃၇ (က)

လယ်ယာမြေဥပဒေပုဒ်မ ၁၃ မှာ ပုံစံ (၇) လက်မှတ်ရှိသူရော၊ မရှိသူပါ လယ်ယာမြေနှင့်သက်ဆိုင်သူအားလုံးကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ကို တာဝန်ပေးအပ်ထားခြင်းဖြစ်ပါသည်။ ပုံစံ (၇) မရှိသူကို ပုံစံ (၇) လျှောက်ထားရန်၊အခြား နည်းအသုံးပြုနေလျှင်လည်း မသုံးစွဲရန်၊ အခြား နည်းသုံးစွဲနေလျှင်လည်း လယ်ယာမြေအဖြစ် ပြန်လည်စိုက်ပျိုးရန် (သို့) အခြားနည်းအသုံးပြုခွင့် လျှောက်ထားဆောင်ရွက်ရန် စသည်ဖြင့် ကာယကံရှင်က ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်လာအောင် ပုဒ်မ ၁၃အရ အမိန့်ပေးတော့မည်ဖြစ်ပါသည်။ ထိုသို့ အမိန့်ပေးသည်ကို မလိုက်နာပါက ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ (သို့) ၎င်းအဖွဲ့က တာဝန်ပေးအပ်ထားသော ပုဂ္ဂိုလ်က အမှုဖွင့်ခြင်း၊ တရားစွဲဆိုခြင်းများကို လယ်ယာမြေဥပဒေပုဒ်မ ၃၇(က)အရ အရေးယူဆောင်ရွက်တော့မည် ဖြစ်ပါသည်။

နိဂုံး

သို့ပါ၍ လယ်ယာမြေကိုလုပ်ကိုင် အသုံးပြုနေပါလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် လျှောက်ထားရယူပြီး သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်အသုံးပြုရမည်ဖြစ်ပေရာ မလိုက်နာခဲ့လျှင် အရေးယူခံရမည်ဖြစ်ပါသည်။ ပုံစံ(၇) မရှိသူများအတွက်မူလယ်ယာမြေကိုမည်သို့သောနည်းလမ်းဖြင့် အသုံးပြုသည်ဖြစ်စေ လယ်ယာမြေဥပဒေနှင့် မညီညွတ်သောကြောင့် အရေးယူရမည်မှာသေချာကြောင်း သတိပေးရေးသား တင်ပြလိုက်ရပါတော့သည်။

- အေးဝင်းဦး(ဘူမိဗေဒ)

မြန်မာတောင်သူကြီးများ ဂျာနယ်

အတွဲ(၂၈) အမှတ်(၄၁၀)၊ သြဂုတ် ၁၀ - ၁၆၊ ၂၀၂၀ ခုနှစ်

0 comments:

Post a Comment