"လယ်မြေနှင့် တရားမစီရင်ပိုင်ခွင့်"
“လယ်ယာမြေ”
‘လယ်ယာမြေ’ ဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်းမဟုတ် လက်ရှိထားသည့် မြေကိုဆိုလို သည်။
{( ၁၉၆၃ခုနှစ်၊သီးစားချထားရေး ဥပဒေပုဒ်မ -၂ ( ၁) ( ခ )၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး နည်းဥပဒေပုဒ်မ-၂( ဂ )၊ ၁၉၆၃ ခုနှစ်၊ တောင်သူလက်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေပုဒ်မ -၂( က ))}
ရှင်းလင်းချက် ( ၁ ) ။ ။ ထိုစကားရပ်တွင် လူအများအခေါ်အဝေါ်အားဖြင့် လယ်ယာ၊ ကိုင်းမြေဟု သော် လည်းကောင်း၊ ကြက်ပေါင်းစေး၊ ဓနိ၊ ဥယျာဉ်ခြံမြေဟုသော်လည်းကောင်း၊ ဟင်းသီး ဟင်းရွက်၊ ပန်းမာလ်
စိုက်ပျိုး သည့် ခြံမြေဟုသော်လည်းကောင်း၊ ကျွန်း၊ မြေနုကျွန်းပေါ်ဟု သော်လည်းကောင်း၊ သတ်မှတ်သည့်မြေများ ပါဝင်သည်။
ရှင်းလင်းချက် ( ၂ ) ။ ။ ထိုစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေ အိမ်များ၊ ဘာ သာရေး အဆောက်အဦးများနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေကွက် များ မပါဝင်ချေ။
ရှင်းလင်းချက် ( ၃ ) ။ ။ ထိုစကားရပ်တွင် လယ်ယာမြေပေါ်တွင် တည်ရှိနေသည့် အဆောက်အအုံးများပါ အကျုံးဝင်ပါသည်။
“သီးစားချထားရေး ဥပဒေပါကိစ္စများ၊ ဆောင်ရွက်ရန်ပုဂ္ဂိုလ် ( သု့ိတည်းမဟုတ် ) အဖွဲ့အစည်းကို ခန့်ထားခြင်း”
အစိုးရသည် ဤဥပဒေပါကိစ္စများ ဆောင်ရွက်ရန်အလို့ငှာ မည်သည့်ပုဂ္ဂိုလ်( သို့တည်းမဟုတ် ) အဖွဲ့အစည်းကို မဆို၊ သတ်မှတ်ထားသည့်အတိုင်း ခန့်အပ်ဖွဲ့စည်းနိုင်သည့်အပြင် ဤဥပဒေအရ မိမိအားအပ်နှင်းထားသော နည်းဥပဒေပြုအာဏာမှတစ်ပါး အခြားအာဏာအားလုံး သို့တည်း မဟုတ် တစ်ခုခုကိုလည်း ထိုပုဂ္ဂိုလ် သို့တည်း မဟုတ် အဖွဲ့အစည်းအား အမိန့်ကြော်ငြာစာဖြင့် လွှဲအပ်နိုင်သည်။ ထိုပုဂ္ဂိုလ် သို့တည်းမဟုတ် ထိုအဖွဲ့အစည်း သည် မိမိအား လွှဲအပ်ထားသည့် အာဏာအားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ၊ အခြားပုဂ္ဂိုလ်အားသော်လည်း ကောင်း၊ အခြားအဖွဲ့အစည်းအားသော်လည်းကောင်း၊ ထပ်မံလွှဲအပ်နိုင်သည်။
( သီးခြားထားရေးဥပဒေပုဒ်မ -၇ )
“ သီးစားချထားရေးဥပဒနှင့် နည်းဥပဒေအရ ချမှတ်သည့်အမိန့်ကို တရားမရုံး သို့တည်းမဟုတ် အခွန်ရုံးက ငြင်းဆိုခွင့်မရှိခြင်း”
ပုဒ်မ-၇ အရ အာဏာလွှဲအပ်ခြင်းခံရသော သို့တည်းမဟုတ် ထပ်မံလွှဲအပ်ခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးဦး သို့တည်းမဟုတ် အဖွဲ့အစည်းတစ်ခုခုက ဤဥပဒနှင့်အညီဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေနှင့်အညီ ဖြစ်စေ ချမှတ်သည့်အမိန့်ကို မည်သည့်တရားမရုံး သို့တည်းမဟုတ် အခွန်ရုံးတွင်မျှ ငြင်းဆိုခွင့်မရှိစေရ။ ထို အမိန့်ကို အယူခံဝင်လိုပါက ဤဥပဒေအရ ပြုသည့်နည်းဥပဒေများဖြင့် သတ်မှတ်ထားသော အဖွဲ့အစည်းတစ် ခုခုတွင်သာ အယူခံဝင်နိုင်သည်။
( သီးစားချထားရေး ဥပဒေပုဒ်မ-၈ )
“တရားရုံးတစ်ခုခုတွင် တရားစွဲဆိုခွင့်မရှိခြင်း”
ဤဥပဒေနှင့်အညီဖြစ်စေ၊ ဤဥပဒေအရ ပြုသည့် နည်းဥပဒေများနှင့်အညီ ဖြစ်စေ ဆောင်ရွက်သည့်ကိစ္စ တစ် ရပ်ရပ်အတွက် မည်သူ့ကိုမျှ တရားရုံးတစ်ခုခုတွင် တရားစွဲဆိုခြင်း မပြုရ။
( သီးစားချထားရေး ဥပဒေပုဒ်မ-၉ )
“တရားမရုံးတစ်ခုခု၏ ဒီကရီ သို့တည်းမဟုတ် အမိန့်အရ ဝရမ်းဖမ်းဆီးခြင်း ဖမ်းဆီးချုပ်နှောင်ခြင်း ပြုခွင့်မရှိခြင်း”
တည်ဆဲအခြားတရားဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ တရားမရုံးတစ်ခုခု၏ ဒီကရီ သို့တည်း မဟုတ် အမိန့်ဖြင့် -
( က ) လယာ်ယာမြေကိုသော်လည်းကောင်း ၊ လယ်ယာမြေလုပ်ကိုင်ရာတွင် အသုံးပြုသည့် ကျွဲ၊ နွားနှင့် ကိရိယာတန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာတန်ဆာပလာ၊ အခြားသက်ရှိသက်မဲ့ ကိရိယာတန်ဆာပလာများ ကို သော်လည်းကောင်း၊ လယ်ယာမြေမှထွက်သော ပစ္စည်းများကိုသော်လည်းကောင်း၊ ဝရမ်းကပ်ခြင်း၊ သိမ်း ဆည်းခြင်း မပြုရ။
( ခ ) လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်လည်းကောင်း၊ လယ်ယာမြေထဲသို့ မဝင်ရဟု သော် လည်းကောင်း၊ တားဆီးခြင်းမပြုရ။
( ဂ ) အပိုဒ် ( က ) ( ခ) ( ဂ )ပါ ကိစ္စတစ်ခုခုနှင့် ပတ်သက်၍ တောင်သူလယ်သမားတစ်ဦးဦးကို ဖမ်းဆီး ချုပ် နှောင်ခြင်းမပြုရ။
{( တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေပုဒ်မ -၃ ( ၁ ) )}
“အမွေဆက်ခံပိုင်ခွင့်နှင့် မသက်ဆိုင်”
ပုဒ်မခွဲ ( ၁ ) ပါ ပြဋ္ဌာန်းချက်များသည် အမွေဆက်ခံပိုင်ခွင့်နှင့် ဆက်လျဉ်း၍ အချင်းဖြစ်ပွားသည့်အတွက် အရေး ယူသောကိစ္စနှင့် မသက်ဆိုင်စေရ ။
{( တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေပုဒ်မ -၃ ( ၂ ) ( ခ ) }
“လျော်ကြေးနှင့် အုပ်ထိန်းသူ ခန့်အပ်ခြင်းကိစ္စမှတစ်ပါး အခြားကိစ္စရပ်များကို တရားမရုံးက စီရင်ပိုင်ခွင့်မရှိခြင်း”
တည်ဆဲတရားဥပဒတွင် မည်သို့ပင်ပါရှိစေကာမူ လျော်ကြေးကိုမည်သူရထိုက်သည်ဟူသော ပြဿနာနှင့် စပ်လျဉ်း၍ အငြင်းပွားသော မှုခင်းကိစ္စနှင့် အုပ်ထိန်းသူခန့်အပ်ခြင်းနှင့် စပ်လျဉ်းသည့် မှုခင်းကိစ္စများမှ တစ်ပါး ဤအက်ဥပဒေအရ အခြားမည်သည့်ကိစ္စကိုမျှ တရားမရုံးစီရင်ပိုင်ခွင့် အာဏာမရှိစေရ။
( ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ -၃၆ )
“တရားမရုံးက စီရင်ပိုင်ခွင့်မရှိခြင်း”
လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ -၃၆ ပါ ပြဋ္ဌာန်းချက်အရ တရားရုံးအနေဖြင့် လျော်ကြေး ငွေကို မည်သူရထိုက်သည်ဟူသောကိစ္စနှင့် အုပ်ထိန်းသူခန့်အပ်ခြင်းကိစ္စတို့နှင့် ပတ်သက်၍သာ တရားမရုံးက စီရင်ပိုင်ခွင့်ရှိပြီး အခြားမည်သည်ရကိစ္စကိုမျှ တရားမရုံးက စီရင်ပိုင်ခွင့်မရှိကြောင်း ပိတ်ပင်ထားသည်ကို တွေ့ရသည်။
{( မသက်ရှည် ( သေ ) ( ၎င်း၏ တရားဝင်ကိုယ်စားလှယ် ကိုသူတော်ပါ -၁၁ နှင့် ကိုဘိုးလွန်း) ၁၉၆၈၊ မတစ ၊ စာ -၂၅၁ )}
“လယ်ယာမြေဖြစ်သည့်အတွက် တရားရုံံးက စီရင်ပိုင်ခွင့်မရှိကြောင်း ပဏာမ ငြင်းချက်ကို ဖြေဆို၍ အမှုကို ပလပ်ခြင်းသည် ဥပဒေနှင့်မညီ”
အချင်းဖြစ်အမှုများသည် အမွေပုံစီမံခန့်ခွဲပေးစေလိုမှုဖြစ်ကြရာ ယခုအဆင့်တွင် တရားလိုသည် ကွယ်လွန် သူ၏ အမွေစားအမွေခံ ဟုတ်မဟုတ်၊ ကွယ်လွန်သူတွင် အမွေပစ္စည်းတစ်စုံ တစ်ရာ ကျန်ရစ်ခဲ့ခြင်း ရှိမရှိ ဟူ သော အချက်များကို လေ့လာစိစစ်ပြီး ပဏာမဒီကရီချမှတ်ရန်သာ ဖြစ်သည်။ မည်သည့်ပစ္စည်းများသည် အမွေပုံတွင် ပါဝင်ခြင်း ရှိမရှိဟူသော အချက်များကို ဆုံးဖြတ်ရန်အကြောင်းမပေါ်ပေါက်သေးပေ။
ပဏာမဒီကရီ ချမှတ်ပြီးနောက်မှ ကော်မရှင်နာခန့်အပ်၍ ယင်းကိစ္စများကို စုံစမ်းစစ်ဆေးရန်ဖြစ်သည်။ ထိုအခါမှသာ အမွေ ပုံပစ္စည်းအဖြစ် တင်ပြထားသောမြေသည် လယ်ယာမြေဖြစ်၍ အမွေပုံတွင် ထည့်သွင်းခွဲဝေရန် လိုအပ်ခြင်း ရှိ မရှိဟူသော ပြဿနာကို စိစစ်ဆုံးဖြတ်ရန် ဖြစ် သည်။ သု့ိဖြစ်ရာ အချင်းဖြစ် အမှုများမှ အမွေပုံပစ္စည်းဟု တင်ပြထားသော မြေသည် လယ် ယာမြေဖြစ်သည့်အတွက် တရားမရုံးက စီရင်ပိုင်ခွင့်ရှိကြောင်း ပဏာမငြင်း ချက်ကို ဖြေဆို၍ အယူခံတရားလို၏အမှုကို ပလပ်ခဲ့ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်သည်ဟု ဆိုနိုင် မည် မဟုတ်ပေ။
( ဦးလှဝင်း နှင့် ဒေါ်ခင်အေး ပါ -၁၀ ၊ ၁၉၉၃ -ခုနှစ် ၊ တရားမဒုတိယအယူခံမှု အမှတ်- ၁၀၄- ၁၀၅ )
“လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရှိသော အမိန့်ရရှိပြီးမှသာ တရားမရုံးက စီရင်ပိုင်ခွင့်ရှိခြင်း”
လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေပုဒ်မ - ၃၆ ပါပြဋ္ဌာန်းချက်အရ တရားရုံးအနေဖြင့် လျော်ကြေး ငွေကို မည်သူရထိုက်သည်ဟူသောကိစ္စနှင့် အုပ်ထိန်းသူ ခန့်ထားခြင်းကိစ္စတို့နှင့် တရားမရုံးက စီရင်ပိုင်ခွင့်ရှိပြီး အခြားမည်သည့်ကိစ္စကိုမျှ တရားမရုံးက စီရင်ပိုင်ခွင့် မရှိကြောင်း ပိတ်ပင်ထားသည်ကို တွေ့ရသည်။
‘မသက်ရှည် ( သေ ) ( ၎င်း၏ တရားဝင်ကိုယ်စားလှယ် ကိုသူတော်ပါ- ၁၁ နှင့် ကိုဘိုးလွန်း၊ ၁၉၆၈၊ မတစ ၊ စာ-၂၅၁ ’ အမှုတွင် ‘လယ်ယာမြေကို လူနေအိမ်ဆောက်လုပ်ရန်မြေ သို့မဟုတ် အခြားနည်းသုံးစွဲခွင့်ရှိသော မြေဟု ပြောင်းလဲသတ်မှတ်သည့် အမိန့်ရရှိပြီးမှသာ တရားမရုံးက စီရင်ပိုင်ခွင့်ရှိမည် ’ ဟု စီရင်ထုံးပြုခဲ့သည်။
နိုင်ငံတော်က လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အလေးပေးဆောင်ရွက်နေသည့် ယခုလိုအချိန်တွင် လယ်ယာ မြေကို လယ်ယာစိုက်ပျိုးရေးကိစ္စများအတွက် စည်းကမ်းတကျ အကျိုးရှိစွာ အသုံးချရန်လိုသည်။ စည်းကမ်း နှင့်အညီ နည်းလမ်းတကျ ဆောင်ရွက်မှုမရှိသည့်ကိစ္စများကို လျစ်လျူရှုမထားသင့်ပေ။ မြို့နယ်စာရင်း ဦးစီး ဋ္ဌာနမှ မှတ်တမ်းများတွင် ‘လယ်ယာမြေ’ ဟု စာရင်းပေါက်လျက်ရှိသော အချင်းဖြစ်မြေသည် လယ်ယာမြေဖြစ်၍ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေနှင့် အကျုံးဝင်သည်။ အချင်းဖြစ်လယ်ယာမြေကို မူလပိုင်ရှင် ( ၃) ဦး လက်ထက်မှစ၍ လယ်ယာစိုက်ပျိုးရေးကိစ္စအတွက် အသုံးမပြုဘဲ သစ်စက်တည်ခြင်း ၊ လူ နေအိမ်အဆောက်အဦးအတွက် ဆောက်လုပ်ခြင်းဖြင့် စည်းကမ်းပျက်စွာ အသုံးချလာသူက အချင်းဖြစ် လယ်ယာမြေနှင့် ပတ်သက်၍ အခမဲ့ထားသူအား နှင်လိုမှုစွဲဆိုခွင့် မရှိပေ။
လယ်ယာမြေကို စည်းကမ်းမဲ့စွာ အသုံးချလာသူတရားလိုအား ၎င်းတောင်းဆိုသော ယင်းမြေပေါ်ရှိ နေ ထိုင်သူတို့အပေါ် အခမဲ့ခွင့်ပြုချက်ဖြင့်ထားသည့် မြေေါ်ဖယ်ရှားပေးရန် သက် သာခွင့် ဒီကရီကို ချပေးရန် မသင့်ချေ။
{ ( ၁။ ဦးတာ၂။ ဒေါ်တင်/ ၁။ ဦးဘိုးသောင်း ၂။ ဒေါ်တင်တင်နွဲ့/ ၁။ ဦးသောင်းဖေ ၂။ ဒေါ်ပြုံး/၁။ ဦးမောင်သိန်း ၂။ ဒေါ်အုန်းလှိုင် နှင့် ဒေါ်ခင်စန်းရီ ( ၎င်း၏ ကိုယ်စားလှယ် ဦးမောင်မောင်ရီ )၊ ၁၉၉၄ -ခုနှစ်၊ တရားမ အထူးအယူခံအမှတ်-၆/၇/၈ နှင့် ၉၊ ( ၂၂ - ၁၂ -၉၅ )}
“လူနေအိမ်များ အသုံးပြုရုံမျှဖြင့် လယ်ယာမြေမဟုတ်ဟု ယူဆရန် မဟုတ်ပေ။ မြို့နယ်နယ်နိ မိတ်၊ ရွာနယ်နိမိတ်အတွင်း တည်ရှိသော မြေဖြစ်ရန် လိုအပ်ခြင်း”
၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ - ၃ ၏ ခြွင်းချက်တွင် လယ် ယာမြေဟူသော စကားရပ်ကို အနက်အဓိပ္ပယ်ဖွင့်ဆိုရာ၌’သို့ရာတွင် မြို့နယ်အတွင်းရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထား သောမြေမပါ ‘ ဟုလည်းကောင်း၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး၊ အက်ဥပဒေပုဒ်မ -၂ ( ၁ ) တွင် လယ်ယာ မြေဟူသော စကားကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ‘ သို့ရာတွင် မြို့အတွင်း၌ ( သို့မဟုတ် ) ရွာအတွင်း ၌ရှိသော အဆောက်အအုံ တစ်ခုခုတည်ရာ မြေမပါဝင်’ ဟုလည်းကောင်း၊ ၁၉၆၃ ခုနှစ် ၊ တောင်သူလယ်သမား အခွင့် အရေးကာကွယ်သည့် ဥပဒေပုဒ်မ -၂ ၊ ရှင်းလင်းချက် ( ၂ ) တွင် လယ်ယာမြေဟူသော စကားကို အဓိပ္ပါယ် ဖွင့်ဆိုရာ၌ ‘ မြို့နယ်နိမိတ် ၊ ကျေးရွာနယ်နိမိတ် အတွင်းရှိ နေအိမ်များ၊ ဘာသာရေး အဆောက် အအုံနှင့် ပုရိဝုဏ်၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေကွက်များမပါဝင် ’ ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် အချင်းဖြစ်မြေပေါ်တွင် လူနေအိမ်ရာအဖြစ် အသုံးပြုရုံမျှဖြင့် လယ်ယာမြေ မဟုတ်ဟု ယူဆရန် မဟုတ်ပေ။ မြို့နယ်နိမိတ်၊ ရွာနယ်နိမိတ်အတွင်း တည်ရှိသော မြေဖြစ်ရနန်လိုအပ်သည်။ သက်သေခံချက်များအရဆိုလျှင် အချင်းဖြစ်မြေမှာ မြို့ရွာနယ်နိမိတ်အတွင်းမရှိ၊ ယာမြေအမျိုးအစားဖြစ်၍ သီးနှံစိုက်ပျိုးမှုအတွက် အခွန်ထမ်းဆောင်လျက်ရှိသည်။
ထို့ကြောင့် အယူခံတိုင်းတရားရုံးက အချင်းဖြစ်မြေပေါ်တွင် အခွင့်အမိန့်အရ ဆောက်လုပ်ထားသော အိမ်ကို ဖျက်သိမ်း၍ ထွက်ခွာပေးစေရန် တရားလိုက တရားပြိုင်တို့အပေါ် စွဲဆိုထားသောအမှုကို ပလပ်ခဲ့သော စီရင် ချက်နှင့် ဒီကရီမှာ မှားယွင်းသည်ဟု မဆိုနိုင်ပေ။
{( ဦးအေးခန်း ( ခ ) ဦးမောင်အေး နှင့် ဒေါ်သိန်းကြွယ် ( ဦးညွန့်မောင် နှင့် ဒေါ်အေးတင် တို့၏ တရားဝင် ကိုယ်စားလှယ် ) ၊ ၁၉၉၅ ခုနှစ် ၊ တရားမဒုတိယအယူခံမှု အမှတ် -၁၂၀ ၊ ( ၃-၁-၉၆ )}
“ကျူးကျော်သူကိုသော်လည်းကောင်း၊ အခမဲ့နေထိုင်သူကိုသော်လည်းကောင်း တရားမတရား ရုံးက စီရင်ပိုင်ခွင့်ရှိခြင်း”
ဤအမှုတွင် အချင်းဖြစ်မြေသည် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေဖြစ်ကြောင်း အဆိုလွှာဖော်ပြချက်အရပင် ပေါ်လွင်သည်။ သို့ရာတွင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ၌ လယ်ယာမြေနှင့် ပတ် သက်သော တရားမမှုတိုင်းကို တရားမရုံးက စီရင်ပိုင်ခွင့်မရှိဟု ပိတ်ပင်တားမြစ်ခြင်းမရှိ။ လယ်ယာမြေ အတွင်း ခွင့်ပြုချက်ဖြင့် နေထိုင်သူကိုသော်လည်း ကောင်း၊ ကျုကျော်ဝင်ရောက်နေထိုင်သူကို သော်လည်းကောင်း၊ ဖယ်ရှားသည့် ကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူဖြစ်ကြောင်း အထောက်အထားပေါ်လွင်သော ဤအမှုတွင် တရားလိုစွဲဆိုသည့်အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးခဲ့သည့်အတိုင်း တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီမှာ မှားယွင်းမှု မရှိပေ။
( ဦးရာဒိုပါ -၅ နှင့် မာသာဘဲသာမေရီဂျိုးဇက်၊ ၁၉၉၈ ခုနှစ်၊ တရားမပထမအယူခံမှု အမှတ် -၁၄၆၊ ( ၃၀-၄-၉၉))
သို့ဖြစ်၍ ယခင်လယ်ယာမြေအတွင်း ကျုးကျော်ဝင်ရောက်နေထိုင်သူကို ဖြစ်စေ ၊ အခမဲ့ခွင့်ပြု ချက်အရ နေ ထိုင်သူကိုဖြစ်စေ ၊ တရားမရုံးက စီရင်ပိုင်ခွင့် မရှိသော်လည်း ယခုအခါတွင် စီရင်ပိုင်ခွင့်ရှိကြောင်း ဥပဒေသ ဘောတရား ပြောင်းလဲလာသည်ကို တွေ့ရှိရပေသည်။
“ ဥယျာဉ်ခြံမြေဖြစ်စေကာမူ ယင်းမြေသည် လူနေရပ်ကွက်အဖြစ် အသုံးပြုခဲ့သည်မှာ ကြာပြီဖြစ်လျှင် လယ်ယာမြေမဟုတ်တော့၍ တရားမရုံးက စီရင်ပိုင်ခွင့်ရှိ”
အငြင်းပွားသော မြေကွက်သည် လယ်ယာမြေအမျိုးအစားတွင် ပါဝင်ကြောင်း ပေါ်ပေါက်လျှင် ပိုင်ဆိုင်ကြောင်း အငြင်းပွားမှုအတွက် တရားရုံးတွင် တရားစွဲဆိုပိုင်ခွင့်ရှိမည်မဟုတ်ပေ။ ဤအမှုတွင် အချင်းဖြစ်မြေကွက်မှာ လူနေရပ်ကွက်မြေအဖြစ် အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်းကြာပြီဖြစ်ကြောင်း မြေစာရင်းဌာန လက်ထောက် ဦးစီးမှူး တရားပြိုင်ပြသက်သေ ဦးဇော်ဖန်၏ ရုံးမေး၌ထွက်ဆိုသည်မှာ ဥယျာဉ်ခြံမြေကို လူနေရပ်ကွက် အတွင်းဖြစ်သော်လည်း ကျွန် တော်တို့ဒေသမှာတော့ သီးခြားလျှောက်ထားပြီး နေထိုင်လေ့ မရှိကြောင်း ၊ လူနေ ရပ်ကွက်နှင့် ခြံမြေမှာ အတူတကွဖြစ်နေပြီးဖြစ်သည်ဟု ထွက်ဆိုသည်။ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြု လုပ်ရေးအက်ဥပဒေပုဒ်မ -၃ ( ခ ) ပါ ‘လယ်ယာမြေ’ ဆိုသည့်စကားရပ်တွင် မြို့အတွင်းတည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့် မြေမပါဝင်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
‘ ဒေါ်ခင်မြင့်နှင့် ဒေါ်ခင်မေ၊ ၁၉၈၃ ၊ မတစ ၊ စာ -၁၇ ၊ အမှုတွင် ဥယျာဉ် မြေဖြစ်စေကာမူ ယင်းမြေသည် လူနေရပ်ကွက်ဖြစ်သည့် မြို့နယ်အတွင်း တည်ရှိနေပြီး လူနေအိမ်မြေအဖြစ် နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခြင်းကြောင့် ၁၉၅၃ ခုနှစ်။ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ -၃ ( ခ) အရ လယ် ယာမြေမဟုတ်ကြောင်း ထုံးဖွဲ့ထားသည်။
သို့ဖြစ်၍ အချင်းဖြစ်မြေကွက်မှာ ခြံမြေအမျိုးအစားဖြစ်ပြီး အစိုးရပိုင်ဖြစ်၍ တရားလိုများက ပိုင်ဆိုင်ကြောင်း ကြေညာပေးရန် တရားရုံးက စီရင်ဆုံးဖြတ်ခြင်း မပြုနိုင်ဟု အယူခံတရားလို ( တရားပြိုင် )၏ ရှေ့နေတင်ပြ ချက်ကို လက်ခံနိုင်မည်မဟုတ်ပေ။
{( ဦးဂွမ်ရိန်နော်အောင် နှင့် ဒေါ်ဂျာနန် ( ကွယ်လွန်သူ ဦးဒါရှီယာရွက်၏ တရားဝင်ကိုယ်စား လှယ် ) ပါ -၂ ၊ ၁၉၉၉ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် -၆၄ ( မန္တလေးရုံးထိုင် ) ၊ ( ၂၇- ၁၂ - ၉၉ ) }
“၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ”
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် ၊ မတ် ( ၃၀ ) ရက်နေ့တွင် ပြဋ္ဌာန်းပြီး ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် -၆၂/ ၂၀၁၂ အရ ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ( ၃၁ ) ရက်နေ့တွင် စတင်အာဏာသက်ရောက်ပါသည်။
“လယ်ယာမြေ”
(က) လယ်ယာမြေဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုး သောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟု သော်လည်းကောင်း၊ ဟင်းသီဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော် လည်းကောင်း၊ သတ်မှတ်သည့် မြေများကို ဆိုလိုသည်။ ယင်းစကားရပ်တွင် နယ်နိမိတ် ၊ ကျေးရွာနယ်နိမိတ် အတွင်းရှိ လူနေအိမ်ရာများ ၊ ဘာသာရေးအဆောက်အအုံနှင့် ပရိဝုဏ်များ ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေး အတွက်သာ အသုံးမပြုသော မြေများမပါဝင်။
(ခ) လယ်မြေဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊ လူတို့ဖန်တီးသောနည်းလမ်းအရ သော်လည်း ကောင်း၊ စိုက်ပျိုးရေး ရယူပြီး ရေထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ထားသည့် စပါးသီးနှံအစေ့က စိုက်ပျိုးသော မြေကိုဆိုသည်။ ( ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ -၂ )
“လယ်ယာမြေလုပ်ပိုင်ခွင့် အမွေဆက်ခံခြင်း”
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း ၍ အငြင်းပွားမှု ပေါ်ပေါက်ပါက တည်ဆဲတရားဥပဒေနှင့်အညီ သက်ဆိုင်ရာတရားရုံး အဆုံးဖြတ်ခံယူနိုင်ခွင့် ရရှိစေရမည်။
{( ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ -၉ ( ဂ )}
“လယ်ယာမြေရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့်ရှိခြင်း”
လယ်ယာမြေကို အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ ရောင်းချခွင့် ၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် ရရှိစေရမည်။
{( ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ -၉ ( ခ ) }
“လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်း”
လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက် ( သို့ ) ကျေးရွာအုပ်စု လယ် ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနားခြင်းနှင့် ဆုံ းဖြတ်ခြင်းပြုရမည်။
( ၂၀၁၂ ခုနှစ်) လယ်ယာမြေ ဥပဒေပုဒ်မ -၂၂ )
“အယူခံခြင်း”
ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ပုဒ်မ- ၂၂ အရ ချမှတ်သောအမိန့် ( သို့ ) ဆုံးဖြတ် ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ( ၃၀ ) အတွင်း သက်ဆိုင်ရာမြို့နယ် လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်နိုင်သည်။
{( ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေ ဥပဒေပုဒ်မ -၂၃ ( က )}
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သောအမိန့် ( သို့ ) ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှစ၍ ရက် ပေါင်း ( ၃၀ ) အတွင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံနိုင်သည်။
{( ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ -၂၄ ( က )}
ခရိုင်လယ်ယာမြေစီမံခန်ခွဲမှုအဖွဲ့က ချမှတ်သောအမိန့် ( သို့ ) ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှစ၍ ရက်ပေါင်း ( ၆၀ ) အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ( သို့ ) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံနိုင်သည်။
{( ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ -၂၅ ( က )}
တိုင်းဒေသကြီး ( သို့ ) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီး အပြတ်ဖြစ်စေရမည်။
{( ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ -၂၅ (ဂ )}
( အညွှန်း - ဦးပိုအေး (B.A,B.L ) တရားလွှတ်တော်ရှေ့နေ၊ ပြောင်းလဲလာသော ဥပဒေသဘောတရားများ ၊ စာ ၇၀ ) ။ #DVBLawLab
Crd:DVBLawLab
0 comments:
Post a Comment