#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ဦးပိုင်ခွဲစိတ်ခြင်းအကြောင်း

Friday, March 27, 2020

ဦးပိုင်ခွဲစိတ်ခြင်းအကြောင်း


မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် ၅၂၃ မှာ ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ
(၁) တစ်ဦးတစ်ယောက်တည်းက၊
(၂) အဝန်းအဝိုင်း တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး၊
(၃) လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်း ဖြစ်တဲ့ မြေယာတွေကို ဦးပိုင် တစ်ဦးပိုင်လို့ သတ်မှတ်ကြောင်း

ဖော်ပြထားပါတယ်။
တစ်ဦးတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုအောက်မှာ တစ်ဆက် တစ်စပ်တည်း တည်ရှိပြီး လုပ်ကိုင်ခွင့် တစ်မျိုးတစ်စားတည်း ဖြစ်တဲ့ မြေတွေကို ဦးပိုင်တစ်ခုလို့ သတ်မှတ်တာ ဖြစ်တဲ့အတွက် ပိုင်ဆိုင်မှု မတူရင်ဘဲ ဖြစ်ဖြစ်၊ ပိုင်ဆိုင်မှု တူသော်လည်း လုပ်ကိုင်မှု၊ မြေအသုံးချမှု မတူရင် ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ဆက်တစ်စပ်တည်း မဟုတ်ရင် ဖြစ်ဖြစ် ဦးပိုင် ကွဲသွားပါတယ်။ ဦးပိုင်အမှတ် ခွဲပေးရပါတယ်။
မြို့ကွက်တွေ အကွက်သစ် တိုင်းတဲ့အခါ ကွင်းတစ်ကွင်း ပြန်လည် တိုင်းတာပြီးရင် ဦးပိုင် ခွဲဖို့အတွက် ဦးပိုင် စုံစမ်း သတ်မှတ် ခွဲခြားခြင်း (tenure enquire)လုပ်ရလေ့ ရှိပါတယ်။ ဥပမာ- ဦးဘဟာ မြေကွက် အမှတ် (၁) ကနေ အမှတ် (၁၀) အထိ ပိုင်တယ်။ မြေအားလုံး တစ်ဆက်တည်း ဖြစ်တယ်။ မြေကွက် (၁) ကနေ (၅) အထိကစပါး စိုက်တဲ့ မြေတွေ ဖြစ်ပြီး မြေကွက် (၆) ကနေ (၁၀) အထိက နှမ်းစိုက်တဲ့ သို့မဟုတ် နှစ်ရှည် စိုက်တဲ့မြေတွေ ဖြစ်တယ်။ အဲဒီအခါ tenure enquire ခေါ်တဲ့ ဦးပိုင် စုံစမ်း သတ်မှတ်စဉ် (ဦးပိုင်ခွဲစဉ်) မှာ မြေကွက် (၁) ကနေ မြေကွက် (၁၀) အထိ ပိုင်ရှင် တစ်ယောက်တည်း ဖြစ်ပြီး မြေကွက်တွေနဲ့ မြေအဝန်းအဝိုင်း ဟာလည်း တစ်ဆက်တည်း ဖြစ်ပေမဲ့ လုပ်ကိုင် အသုံးချမှု မတူတာကြောင့် အဲဒီ ၁၀ ကွက်စလုံး ပေါင်းပြီး ဦးပိုင် တစ်ခုတည်း သတ်မှတ်လို့ မရတော့ ပါဘူး။ မြေကွက် (၁) ကနေ (၅) အထိကို ဦးပိုင်-၁။ မြေကွက် (၆) ကနေ (၁၀) အထိကို ဦးပိုင်-၂ လို့ ပိုင်ရှင်အမည် ဦးဘ ကို ဦးပိုင် နှစ်ခု သတ်မှတ်ပေးရပါတယ်။
ထို့အတူ မြို့မြေမှာလည်း တစ်ဦး တည်းက ပိုင်နေတဲ့ မြေကွက်တွေ ဖြစ်ပေမဲ့ အိမ်ရာမြေအဖြစ်သုံးနေတဲ့ အစိတ်အပိုင်းက ဦးပိုင် တစ်ခု၊ ဆွမ်းလောင်းရုံအဖြစ် သုံးနေတဲ့ မြေကွက်နဲ့ ဝပ်ရှော့ ဖွင့်ထားတဲ့ မြေကွက်တွေက ဦးပိုင် တစ်ခုစီနဲ့ ခွဲခြား သတ်မှတ်ပေးရ ပါတယ်။ အဲသလို ဦးပိုင် သတ်မှတ်ပြီးတဲ့ အခါမှာ ပိုင်ဆိုင်ခွင့်တွေ ခွဲခြားရတယ်။ ဦးပိုင် ဆိုတာ ပိုင်ဆိုင်ခွင့် တစ်မျိုးတည်းနဲ့ လုပ်ကိုင်ခွင့် တစ်မျိုး တည်းလို့ ဆိုထားတာကြောင့် ပိုင်ဆိုင်ခွင့်တွေ၊ လုပ်ကိုင်ခွင့်တွေ I.A မှာ မှတ်တမ်း တင်ရပြန်တယ်။
ကွင်း သို့မဟုတ် အကွက် တစ်ကွက် အတွင်းရှိ တစ်ဦး တစ်ယောက်တည်းက တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်တဲ့ မြေယာ အဝန်းအဝိုင်းကို ဦးပိုင် တစ်ဦးပိုင်လို့ သတ်မှတ်ကြောင်း၊ ဦးပိုင်တစ်ခုအဖြစ် သတ်မှတ်ရာမှာ ပိုင်ဆိုင်ခွင့် တစ်မျိုးတည်းနဲ့ လုပ်ကိုင်ခွင့် တစ်မျိုးတည်းလို့ ဆိုထားတာကို ပိုင်ဆိုင်ခွင့်တွေက ဘာလဲ၊ လုပ်ကိုင်ခွင့် ရထားတဲ့အခြေအနေ ဆိုတာတွေက ဘာလဲ မေးလာမယ် ဆိုရင်တော့ (၁-က) စာရင်းပုံစံရဲ့ အောက်ခြေမှာ အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။ ပိုင်ဆိုင်ခွင့် ဆိုတာ
* ဘိုးဘပိုင်မြေကို O၊
* မြေပိုင်အခြေအနေရရှိတဲ့ (လက်ဝယ် ထားရှိပိုင်ခွင့်လက်မှတ် ထုတ်ပေးထားရှိသော) မြေကို C၊
* အပိုင်ဂရန်ကို G၊
* အငှားဂရန်ကို L၊
* လိုင်စင်ကို H၊
* အခွင့်မရဘဲ ဝင်ရောက် ကျူးကျော် နေထိုင်တဲ့ squarter ကို A လို့ ဖော်ပြ သတ်မှတ်ပါတယ်။ လုပ်ကိုင်ခွင့်နဲ့ အခြေအနေကို ခွဲခြားပြရရင်တော့
* သီးစားနဲ့ ကိုယ်တိုင် ပိုင်ဆိုင် လုပ်ကိုင်သူကို O၊
* လွှဲပြောင်း အပေါင်ခံ လက်ရောက်ရရှိသူတွေကို M၊
* စိုက်ပျိုးမှု မလုပ်ကိုင်ဘဲ မြေပေါ် နေသူကို R၊
* နေလည်း မနေ၊ လုပ်လည်း မလုပ်သူကို N၊
*စိုက်ပျိုးလုပ်ကိုင်သူကို AG လို့ ခွဲခြား သတ်မှတ် ဖော်ပြထားပါတယ်။
တစ်ဦးတည်းရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိပြီး လုပ်ကိုင်ခွင့် တစ်မျိုးတစ်စားတည်း ဖြစ်တဲ့ မြေတွေကို တစုတစည်းတည်း ဦးပိုင်တစ်ခုလို့ သတ်မှတ်ပါတယ်။
အဲသလို ဦးပိုင်သတ်မှတ်ရာမှာ မြေမျိုးကြီးလည်း တစ်မျိုးတည်း၊ ပိုင်ဆိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်ကလည်း တစ်ခုတည်း၊ အဝန်းအဝိုင်း နယ်မြေ တစ်ဆက် တစ်စပ်တည်း ရှိပေမဲ့လည်း စာရင်း ကောက်ယူတဲ့အခါ လွယ်ကူဖို့ အတွက် ဦးပိုင် နှစ်ဦးပိုင် ပြုလုပ် ခွဲပေးနိုင်ကြောင်း၊ ဦးပိုင် နှစ်ခုကိုလည်း ဦးပိုင် တစ်ခုအဖြစ် ပေါင်းစည်း နိုင်ကြောင်း၊ အဲသလို ဦးပိုင် ပေါင်းစပ် ခွဲစိတ်ခြင်းကို ခရိုင်ဝန် (ခရိုင်အုပ်ချုပ် ရေးမှူး) က ကြေး/မြေ မင်းကြီး (မြေစာရင်းညွှန်ချုပ်) ခွင့်ပြုချက်နဲ့ ဆောင်ရွက်ပေးနိုင်ကြောင်း မြေစာရင်း လက်စွဲ ဥပဒေ အပိုဒ် ၅၂၄ မှာ ဖော်ပြ ထားပါတယ်။
တကယ်လို့ ဦးပိုင်တွေကို ရောင်းဝယ် လွှဲပြောင်း ပေးကမ်းခြင်းကြောင့် ဖြစ်ဖြစ်၊ အမွေဆက်ခံခြင်းကြောင့် ဖြစ်ဖြစ်၊ တရားရုံး အမိန့်အရ ဖြစ်ဖြစ် ခွဲစိတ်ဖို့ လိုအပ်လာရင် မြေစာရင်း လက်စွဲ ဥပဒေ အပိုဒ် ၅၆၆ နဲ့ ၅၆၆ (က) မှာ ဖော်ပြ ထားတဲ့ စည်းမျဉ်းတွေအရ ခွဲစိတ်ဖို့ ဖြစ်ပါတယ်။ အဲဒီ စည်းမျဉ်းတွေကတော့ ဦးပိုင်တစ်ခုကို ခွဲစိတ်ခဲ့မယ် ဆိုရင် အဲဒီ ဦးပိုင်အတွက် (၁-က) မှာ ရှိတဲ့ မူလ ရေးသွင်းချက်တွေကို ပိတ်သိမ်းပြီး ခွဲစိတ်ရတဲ့ အကြောင်းပြချက် ရေးသား ရမယ်။ နောက် (၁-က) မှတ်ပုံစာရင်း အဆုံးက နောက်ဆုံး ဦးပိုင် ရေးသွင်း ချက်ရဲ့ နောက်က စာမျက်နှာအသစ် ပေါ်မှာ ခွဲစိတ်လိုက်တဲ့ ဦးပိုင်ခွဲတွေကို ရေးသွင်းရမှာ ဖြစ်တယ်။ မူလ ဦးပိုင်ကြီးကို ပြောင်းလွှဲခြင်း တစ်ရပ်ရပ်ကြောင့် ဦးပိုင် ခွဲစိတ်ရပြီ ဆိုရင် ဦးပိုင်အမှတ်တွေကို ထင်သလိုတပ်လို့ မရပါဘူး။ မူလ ဦးပိုင်ကြီးရဲ့ အမှတ်ကို ဂဏန်းနဲ့ ပေးထားရာကနေ ခွဲစိတ်လိုက်တဲ့ ဦးပိုင်ခွဲအမှတ်ကို မြန်မာအက္ခရာနဲ့ မှတ်သား အမည်ပေးရပါတော့တယ်။ ဥပမာ- ဦးပိုင် ၁၇ ကို ဦးပိုင်ခွဲ နှစ်ခု ခွဲရင် ၁၇/၁၊ ၁၇/၂ လို့ မပေးရဘဲ ၁၇-က၊ ၁၇-ခ၊ ၁၇-ဃ လို့ ဦးပိုင်ခွဲ အမှတ်တွေ ထိုးရပါတယ်။ ဦးပိုင်ခွဲအမှတ်တွေ ရေးထိုးတဲ့အခါမှာ ၁၇/ဂ လို့ မပေးရ ပါဘူး။ ဦးပိုင်ခွဲအမှတ် မှန်သမျှ “ဂ”ကို မသုံးရဘူး။ နံပါတ် “ဂ” နဲ့ မှားမှာ စိုးလို့ပါ။ အဲဒီ ဦးပိုင်ခွဲတွေကို ဦးပိုင် အသစ် တစ်ခုစီလို (၁-က) မှာ စာမျက်နှာ အသစ်နဲ့ သီးသန့် ရေးသွင်းဖို့ ဖြစ်ပါတယ်။
အဲဒီ ဦးပိုင်ခွဲတွေရဲ့ ဧရိယာကို ပါဝင်တဲ့ မြေကွက်တွေအလိုက် မှတ်ပုံစာရင်း ၁-ခ အရ တွက်ချက် ပြီးတော့ မူလ ဦးပိုင် ဧရိယာနဲ့ တိုက်ဆိုင် စစ်ဆေးရပါတယ်။ ဦးပိုင်ခွဲများ ပေါင်းချုပ်ဧရိယာဟာ မူလ ဦးပိုင် ဧရိယာနဲ့ ကိုက်ညီစေရပါမယ်။ မူလက တသီးတခြားစီ ပိုင်ဆိုင်ကြပြီး ဦးပိုင်အမှတ် သီးခြား ခွဲပေးထားခဲ့တဲ့ ဦးပိုင်တွေဟာ တစ်ဦးတစ်ယောက်တည်း လက်ကို ပြောင်းလွှဲရောက်ရှိလာပေမဲ့ ဦးပိုင်တစ်ခုလုံးကို ဦးပိုင် အမှတ်အသစ် ပြန်ရေးထိုးဖို့အကြောင်း မရှိသေးရင် ဒါမှမဟုတ် လက်စွဲဥပဒေ အပိုဒ် ၅၂၄ မှာ ဖော်ပြထားတဲ့ အကြောင်းထူးတွေ မရှိရင် အဲဒါတွေကို ပူးပေါင်းခြင်း မပြုရပါဘူး၊ (မူလက တစ်ဦးစီ ပိုင်တဲ့အတွက် ဦးပိုင် အမှတ် ခွဲခြားပေးခဲ့ရတဲ့ ဦးပိုင်တွေဟာ လက်ရှိမှာ တစ်ဦးတစ်ယောက်တည်းက ပြောင်းလဲ ပိုင်ဆိုင်လာပေမဲ့လည်း ခရိုင်အုပ်ချုပ်ရေးမှူးရဲ့အမိန့် မရရင် ဒါမှမဟုတ် မြို့ကွက် တိုင်းတာခြင်း ကြောင့် ဖြစ်စေ၊ ကွင်းမြေပုံအသစ် တိုင်းတာခြင်းအရ ဖြစ်စေ၊ ဦးပိုင်စုံစမ်း သတ်မှတ်ခြင်း (tenure enquire) အသစ် ပြုလုပ်လို့ ဖြစ်စေ၊ ဦးပိုင် အသစ် ပြန်မသတ်မှတ်မီအတွင်း မပေါင်းရ ပါဘူး။)
ခွဲစိတ်ထားပြီးတဲ့ ဦးပိုင်ခွဲတစ်ခုကို ထပ်မံပြီး ခွဲစိတ်ဖို့ လိုအပ်လာတဲ့အခါ မူလ ဦးပိုင်ခွဲ အမှတ်တွေကို ဖျောက်ဖျက် ပစ်ရပါတယ်။ မြန်မာ အက္ခရာနဲ့ ယခင် ပေးပြီး ဦးပိုင်ခွဲအမှတ် အက္ခရာတွေ နောက်ရှိ အစဉ်လိုက် အက္ခရာတွေကို ဦးပိုင်ခွဲ အမှတ်အဖြစ် ဆက်လက် ရေးထိုးရပါမယ်။ ဥပမာ- ဦးပိုင်အမှတ် ၁၇ ကို ရှေးဦးစွာ ခွဲစိတ်တုန်းက ဦးပိုင် အမှတ် ၁၇ (က) နဲ့ ၁၇ (ခ) တို့အဖြစ် နှစ်ဦးပိုင် ခွဲပြီးနောက် အဲဒီ ဦးပိုင်ခွဲထဲက အမှတ် ၁၇ (က) ဒါမှမဟုတ် ၁၇ (ခ) ကို ထပ်မံ ခွဲစိတ်မယ် ဆိုရင် ခွဲစိတ်ခံရတဲ့ ၁၇ (က) ဒါမှမဟုတ် ၁၇ (ခ) ဟာ ကွယ်ပျောက် သွားရပါမယ်။ ထပ်မံ ခွဲတဲ့ ဦးပိုင်အမှတ်တွေကို ၁၇ (က/၁)၊ ၁၇ (က/၂) လို့ မတပ်ရပါဘူး။ ၁၇ (ဃ) နဲ့ ၁၇ (င) လို့ဖြစ်ဖြစ်၊ ၁၇ (ဃ)၊ ၁၇ (င) နဲ့ ၁၇ (စ) အစရှိသဖြင့် ဖြစ်ဖြစ် အမှတ်စဉ် ရေးထိုးဖို့ ဖြစ်ပါတယ်။ ဥပမာ- ဦးပိုင် ၁၇ ကို အရင်က ဦးပိုင် ခွဲခဲ့လို့ ဦးပိုင် ၁၇ (က) နဲ့ ၁၇ (ခ) ရှိရာကနေ ၁၇ (က) ကို ထပ်မံ ခွဲစိတ်ခဲ့ရင် အဆိုပါ ဦးပိုင် ၁၇ ရှိ ဦးပိုင်ခွဲတွေဟာ ၁၇ (ခ)၊ ၁၇ (ဃ)၊ ၁၇ (င) လို့သာ ဖြစ်သွားပါတယ်။ ခွဲစိတ်ခံ ရတဲ့ ဦးပိုင်ခွဲ ၁၇ (က) မှာ ပျောက်ပျက် သွားရပါတယ်။
ဦးပိုင် ခွဲရာမှာ
(၁) လျှောက်ထားခြင်း။
လျှာက်လွှာမှာ အောက်ပါအချက်တွေ ပါဝင်ရပါမယ်။
(က) လျှောက်ထားသူရဲ့ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ အပြည့် အစုံ၊
(ခ) အမည် ပြောင်းလဲလိုတဲ့ ဦးပိုင်ရဲ့ တည်နေရာ၊ အလား လေးရပ်၊ ဧရိယာ ဧက၊
(ဂ) ယင်းဦးပိုင်ရှိ ဧရိယာအနက် ခွဲစိတ်လိုတဲ့ အစိပ်အပိုင်း၊ ဧရိယာဧကနဲ့ မည်သည့်အတွက် ခွဲစိတ်လိုကြောင်း၊
(ဃ) မူလ အမည်ပေါက်သူနဲ့ လျှောက်ထားသူ ဆွေမျိုးတော်စပ်မှု အခြေအနေ၊ ပတ်သက် ဆက်စပ်မှု အခြေအနေ၊
(င) ခွဲစိတ်လိုတဲ့ ဦးပိုင် အစိတ်အပိုင်းကို လျှောက်ထားသူက မည်သို့လွှဲပြောင်း ရရှိ ပိုင်ဆိုင်လာတယ် ဆိုတဲ့ အထောက် အထားတွေ၊ မူလ ဦးပိုင် အမည်ပေါက် သူကနေ ကန့်ကွက်ဖို့ မရှိကြောင်း ဝန်ခံချက်များ။
(၂) အမှုတွဲ ဖွင့်ပြီးနောက် အမှုတွဲတွင် မြို့နယ်ရုံးက ဆောင်ရွက် စိစစ်ရန် အချက်များ
လျှောက်ထားချက်ကို မြို့နယ်ရုံးက ဦးပိုင်ခွဲစိတ် အမှုတွဲ ဖွင့်လှစ်ရမှာ ဖြစ်ပြီး အမှုတွဲ နေ့စဉ်မှတ်တမ်းနဲ့ စနစ်တကျ ဆောင်ရွက်ရပါမယ်။ အမှုတွဲမှာ လျှောက်ထားသူ၊ သက်သေတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ (၁-က) စာရင်းရှိ မူလအမည်ပေါက်သူတွေ ရဲ့ ထွက်ဆိုချက်တွေ၊ ပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်းတွေ ပြည့်စုံအောင် ပူးတွဲရမယ်။ ဒါ့အပြင် အောက်ပါ စာရင်းမြေပုံ အချက် အလက်တွေ ပူးတွဲရမယ်။
(က) ခွဲစိတ်လိုတဲ့ ဦးပိုင်ရဲ့ မူလမြေပုံနဲ့ အလျား၊ အနံ၊ ဧရိယာဧက၊ အလား လေးရပ်၊
(ခ) ခွဲစိတ်ပြီး ဖြစ်ပေါ်လာမယ့် ဦးပိုင်ခွဲတွေရဲ့ တည်နေရာ၊ အလျား၊ အနံ၊ ဧရိယာ ဧကများ၊
(ဂ) ခွဲစိတ်ပြီး ဖြစ်ပေါ်လာမယ့် ဦးပိုင်ခွဲ နံပါတ်တွေ၊
(ဃ) မူလဦးပိုင်ရဲ့ (၁-က) မိတ္တူနဲ့ ဦးပိုင် ခွဲပြီးနောက် ဖြစ်ပေါ်လာမယ့် (၁-က) မိတ္တူ။
(င) မြို့မြေမှူးရဲ့ စိစစ် သုံးသပ်ချက် အစီရင်ခံစာ။ (ယင်းအစီရင်ခံစာမှာ ခွဲစိတ်မည့် ဦးပိုင်သည် အကွက်အမှတ်၊ ဦးပိုင် အမှတ် မည်မျှ ဖြစ်၍ ဧရိယာ မည်မျှ ဖြစ်ပြီး အလျား၊ အနံ မည်မျှရှိကြောင်း၊ ယခု လျှောက်ထား သူက ထိုဦးပိုင်၏ မည်သည့်ဘက် (အရှေ့၊ အနောက်၊ တောင်၊ မြောက်) ၌ ရှိသည့် ဦးပိုင်တစ်ခု လုံး၏ ဧရိယာ (...) အနက် အလျား x အနံ (.….)၊ ဧရိယာ (..….)ရှိ အစိတ်အပိုင်းကို မည်သည့် နည်းဖြင့် မည်သည့်ကာလတွင် ရယူ ပိုင်ဆိုင်ခဲ့ကြောင်း၊ ထိုအစိတ်အပိုင်းကို လျှောက်ထားသူက ဥပဒေနှင့်အညီ လွှဲပြောင်းရရှိခြင်း မှန်ကန်မှု ရှိ မရှိ စိစစ် တွေ့ရှိရကြောင်း၊ မြေပေါ် အသုံးချမှုမှာ မည်သို့ ဖြစ်ကြောင်း၊ ထိုအစိတ်အပိုင်းကို ၎င်း၏အမည် ပြောင်းလဲ မှတ်သား ပေးနိုင်ရန်အတွက် ဦးပိုင် ခွဲစိတ်ခွင့် တောင်းခံခြင်း ဖြစ်ကြောင်း၊ ဦးပိုင် ခွဲစိတ်၍ ဦးပိုင်နံပါတ် အသစ်များကို မည်သို့ အမှတ်တပ်မည် ဖြစ်ကြောင်း၊ ဦးပိုင်ခွဲစိတ် ဦးပိုင်ခွဲအမှတ် ရရှိပြီးပါက အမည်ပြောင်း ဆက်လက် လျှောက်ထား ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လျှောက်ထားသူက ဥပဒေနှင့်အညီ လွှဲပြောင်း ရရှိသည့် အစိတ်အပိုင်းနှင့် ယခု ဦးပိုင် ခွဲစိတ်၍ ဦးပိုင်အမှတ် အသစ် ဖြစ်မည့်အစိတ်အပိုင်းသည် မြေပေါ် ကွင်းဆင်းစစ်ဆေး တွေ့ရှိမှု၊ ကွင်းဆင်း တိုင်းတာခဲ့မှုအရ ပုံသဏ္ဌာန်၊ ဧရိယာ ကွာခြားမှု ရှိကြောင်း မရှိကြောင်း၊ တင်ပြ အထောက်အထားများပါ ဧရိယာ၊ အလျား x အနံတို့နှင့် ကိုက်ညီကြောင်း၊ နယ်နိမိတ် အတိုင်းအတာ မှန်ကန်ကြောင်း၊ နယ်ခြား ပြဿနာနှင့် ပိုင်ဆိုင်မှု အရှုပ်အရှင်း ပြဿနာ မရှိကြောင်း၊ ထို့ကြောင့် ပူးတွဲပါ မြေပုံတွင် ဖော်ပြထားသည့် ဦးပိုင်ခွဲ နယ်ခြားလိုင်းနှင့် ဧရိယာဧကများအတိုင်း လျာထားသည့် ဦးပိုင်ခွဲနံပါတ်များ အတိုင်း ခွဲစိတ်သတ်မှတ်ခြင်းကို အတည်ပြုပေးသင့်ပါကြောင်းနှင့် ခွဲစိတ်ခွင့် ခွင့်ပြုချက် တောင်းခံ ပါကြောင်း ဖော်ပြ ရေးသားရန် ဖြစ်ပါတယ်။ ယင်းအစီရင်ခံစာနှင့်အတူ အမှုတွဲကို ခရိုင်မြေမှူးထံ ပေးပို့ တင်ပြရပါမယ်။
အတည်ပြုချက် ပေးရမည့်ပုဂ္ဂိုလ်၊ မြေစာရင်း လက်စွဲ ဥပဒေ အပိုဒ် ၅၂၄ မှာ ဖော်ပြထားတာကတော့ ဦးပိုင် ပေါင်းစည်းခြင်း၊ ဦးပိုင်ခွဲစိတ်ခြင်း ကိစ္စတွေကို ခရိုင်ဝန် (ခရိုင်အုပ်ချုပ်ရေးမှူး)ရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြ ထားပါတယ်။ အခု ဦးပိုင် ခွဲစိတ်ခြင်း ကိုလည်း ကြေး/မြေဌာနရဲ့ ခရိုင်အဆင့် ဖြစ်တဲ့ ခရိုင်မြေမှူးကို ဦးပိုင် ခွဲစိတ်ခွင့် အတည်ပြုချက် ပေးဖို့ တာဝန် ပေးအပ်ခြင်းက သင့်လျော်မှာ ဖြစ်ပါတယ်။ မြို့မြေမှူးက ဦးပိုင်ခွဲစိတ် အမှုတွဲကို ခရိုင်မြေမှူးထံ တင်ပြပြီး ခရိုင်မြေမှူးက မြို့မြေမှူးရဲ့ အမှုတွဲပါ အချက်အလက်တွေနဲ့ ဦးပိုင်ခွဲစိတ်မှု အစီရင်ခံစာကို စိစစ်သုံးသပ်ပြီး အတည်ပြုချက် ပေးဖို့ ဖြစ်ပါတယ်။ (လိုအပ်ပါက ဦးပိုင်ခွဲစိတ်မှု မှန် မမှန်ကို ခရိုင်မြေမှူးက ကွင်းဆင်း စစ်ဆေးပြီးမှ အတည်ပြု ဆောင်ရွက်သင့်ပါသည်။ မလိုအပ်ဘဲ ကြန့်ကြာမှု မဖြစ်ပေါ်စေရေး ကိုလည်း သတိပြုရန် လိုပါတယ်။) အတည်ပြုချက် ရရှိပြီးနောက် ဦးပိုင် ခွဲစိတ်ရန် ခရိုင်မြေစာရင်း ဦးစီးဌာနမှူး ထံကနေ ဦးပိုင်ခွဲစိတ်ခွင့် အတည်ပြု ချက်နဲ့ အမှုတွဲပြန်လည် ရရှိရင် မြို့နယ် ရုံးအနေနဲ့ အောက်ပါအတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်
(၁) ဦးပိုင် ခွဲစိတ်ခွင့်အမိန့် ထုတ်ပြန်ရန် (ဦးပိုင်ခွဲအမှတ်များနှင့် ဧရိယာ အပြည့်အစုံ ဖော်ပြရန် လို)၊
(၂) မြေပုံပေါ်တွင် ဦးပိုင်ခွဲများကို ၎င်းတို့၏ အတိုင်းအတာအရ မှန်ကန်စွာတင်ရန်၊
(၃) (၁-က) ရှိ ယင်းဦးပိုင်နေရာတွင် မူလ ရေးသွင်းချက်များအောက်ဘက်မှ မင်နီဖြင့် မျဉ်းသား၍ ယင်းဦးပိုင် ရေးသွင်းချက်များကို ပိတ်သိမ်းရန်၊ မျဉ်းအောက်မှ ယင်းဦးပိုင်အား မြို့မြေမှူး၏ (...) နေ့စွဲပါ စာအမှတ် (...) အရ ဦးပိုင်ခွဲအမှတ် မည်မျှနှင့် မည်မျှဟု ခွဲစိတ်ကြောင်း၊ မည်သည့်စာမျက်နှာတွင် "ကြည့်"ဟု မင်နီဖြင့် မြို့မစာရေးနှင့် လက်ထောက်ဦးစီးမှူးက မှတ်ချက် ရေးထားရန်၊ (၁-က) စာရင်းရှိ နောက်ဆုံး ဦးပိုင် ရေးသွင်းချက်နောက်ရှိ ပုံစံအသစ် တစ်ရွက်ပေါ်တွင် ယခု ခွဲစိတ်လိုက်သည့် ဦးပိုင်ခွဲများကို တစ်မျက်နှာလျှင် ဦးပိုင် နှစ်ခုနှုန်းဖြင့် ပုံစံစာရွက်အလယ် မျဉ်းပြာ သားပြီး ဆောင်ရွက် ရေးသွင်းရန်။ ဦးပိုင်ခွဲ၏ ဧကများ၊ အကြောင်း အချက်များ၊ စစ်ဆေး အတည်ပြု လက်မှတ်များ ပြည့်စုံစွာ ရေးသွင်းရန်၊
(၄) (၁-က) ၌ ဦးပိုင်ခွဲများ ရေးသွင်း ရာတွင် အမှုတွဲဖြင့် တင်ပြခဲ့သော ဦးပိုင် ခွဲပြီးနောက် ဖြစ်ပေါ်မည့် ပုံစံအတိုင်း ရေးသွင်းရန်၊
(၅) ဦးပိုင်ခွဲအမှတ် ရေးထိုးရန်အတွက် လက်စွဲဥပဒေ အပိုဒ် ၅၆၆၊ ၅၆၆(က) ပြဌာန်းချက်များနှင့် အထက်က ဖော်ပြခဲ့သည့် ရှင်းလင်းချက်များနှင့်အညီ ဦးပိုင်ခွဲနံပါတ်တို့ကို စနစ်တကျ ဦးပိုင်ခွဲ နံပါတ်ပေး ရေးသွင်းရန်၊
(၆) ဦးပိုင် ခွဲစိတ်မှု၊ ဦးပိုင်ခွဲ အမှတ်ပေးမှု များကို မြို့မြေမှူးက ကြီးကြပ်၍ (၁-က) စာရင်း ဖြည့်သွင်းမှုအသစ်၌ အတည်ပြု လက်မှတ် ရေးထိုးထားရန်၊
(၇) ပြည့်စုံစွာ ဆောင်ရွက်ပြီးက အမှုတွဲ ပိတ်သိမ်းရန်။
ဦးပိုင် ခွဲစိတ်ခြင်းတွေအတွက် မြေစာရင်း လက်စွဲဥပဒေမှာ တိကျစွာ ပြဌာန်း ထားခဲ့သလို မြေစာရင်းဌာနရဲ့ တည်ဆဲ ညွှန်ကြား ချက်တွေလည်း ရှိပါတယ်။ ဦးပိုင် ခွဲချင်သလိုခွဲ၊ အမည်တပ်ချင်သလို တပ်၍ မရပါကြောင်း တင်ပြလိုက်ရပါတယ်။
Credit ... ဆရာဦးဇော်မင်း (နတ်မောက်)

0 comments:

Post a Comment