တရားမအထွေထွေလျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော
ဦးစိုးညွန့်နှင့် ဦးမြသိမ်း တို့ရှေ့တွင်
ဦးကြည်ရှင်
နှင့်
ဥက္ကဋ္ဌ
တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
တနင်္သာရီတိုင်းဒေသကြီး ပါ ၂
(၂၀၁၅ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၁၀၀)
လယ်ယာမြေလုပ်ပိုင်ခွင့်
ရရှိရန် လျှောက်ထားသည့်အခါ ဆောင်ရွက်ရသည့် ဥပဒေ၊ နည်းဥပဒေ များနှင့်
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
တူညီမှု မရှိ ခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှု၏ အဓိပ္ပါယ်။ ရပ်ကွက်
သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သည်
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ -
၇) ထုတ်ပေးခဲ့ပြီးဖြစ်သည့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိုသာ မူလမှုခင်းဖွင့်လှစ်၍
စစ်ဆေးဆုံး ဖြတ်ခွင့်ရှိခြင်း။
(၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်)
ဆုံးဖြတ်ချက်။ ။ လယ်ယာမြေဥပဒေပုဒ်မ ၁၃ တွင် ဤဥပဒေအာဏာတည်ပြီးသည့် နောက်လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံ တင်ထားပြီးမှသာ တရားဝင်ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
လယ်ယာမြေဥပဒေအာဏာတည်ပြီးနောက်
လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားလွှာ အပေါ် မြို့နယ်ဦးစီးဌာနရုံးသည်
လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲဖွင့်လှစ်၍ ၁၅ ရက် အတွင်း ကန့်ကွက်ရန် ရှိ
မရှိ လယ်ယာမြေနည်းဥပဒေ ၆ အရ ကြော်ငြာရမည်ဖြစ်ပြီး ကန့်ကွက်ချက်ရှိပါက ၇ ရက်အတွင်း
စုံစမ်းစစ်ဆေးတင်ပြစေရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ နည်း ဥပဒေ ၉ အရ အကြောင်းကြားရမည် ဖြစ်သည်။ ရပ်ကွက်
သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်အပေါ်
မြို့နယ်ဦးစီးဌာနရုံးသည် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ လည်း ကောင်း၊
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
လည်း ကောင်း၊ သဘောထားမှတ်ချက်အဆင့်ဆင့်တင်ပြပြီး
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြု ကြောင်း အကြောင်းကြားချက်အရ
မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ကြေးပေးသွင်းစေ၍ မြို့နယ်လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်
(ပုံစံ ၇) ထုတ်ပေးရမည်ဖြစ်ကြောင်း လယ်ယာမြေနည်းဥပဒေ ၉ မှ ၁၄ တို့တွင်
ဖော်ပြထားသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေ လုပ်ပိုင်ခွင့်
အငြင်းပွားမှုအပေါ် မူလမှုခင်းဖွင့်လှစ်၍ စစ်ဆေးကြားနာဆုံးဖြတ်ခွင့်ရှိသော်လည်း
ထိုသို့စစ်ဆေးကြားနာ ဆုံးဖြတ်နိုင်ရန်အတွက် မြို့နယ်ဦးစီးဌာနရုံးတွင်
သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ထားရှိရန် လိုအပ်မည်ဖြစ်သည်။
ထပ်မံဆုံးဖြတ်ချက်။ ။
လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုဆိုသည်မှာ လယ်ယာမြေ ဥပဒေပုဒ်မ ၄၊ ၅၊ ၆ နှင့် ၇
အရ မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင် ပြီး
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးပြီးနောက်တွင် ပေါ်ပေါက်လာသည့် အငြင်း ပွားမှုအရှုပ်အရှင်းကို
ခေါ်သည်။
ထပ်မံဆုံးဖြတ်ချက်။ ။
လယ်ယာမြေဥပဒေ အခန်း ၂ ပါလယ်ယာမြေကို အသုံးပြုခွင့်ရရှိ ထားသူက
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု
လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနမှူးရုံးသို့
လျှောက်ထားသည့်အခါ ဆောင်ရွက်သည့် လယ်ယာမြေဥပဒေ ပုဒ်မ ၄၊ ၅၊ ၆
ပါပြဋ္ဌာန်းချက်များနှင့် လယ်ယာမြေ နည်းဥပဒေ အခန်း ၂ ပါနည်းဥပဒေများသည် လယ်
ယာမြေဥပဒေအခန်း ၈ နှင့် လယ်ယာမြေ နည်းဥပဒေ အခန်း ၇ တို့တွင်ပြဋ္ဌာန်းထားသည့်
လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှု ဖြေရှင်း ခြင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းများနှင့် တူညီခြင်းမရှိဘဲ သီးခြားစီဆောင် ရွက်ရမည့် ကိစ္စရပ်များ
သာဖြစ်သည်။
လျှောက်ထားသူအတွက် |
- |
ဦးတက်ဝင်းမြိုင် တရားလွှတ်တော်ရှေ့နေ |
လျှောက်ထားခံရသူ (၁) အတွက် |
- |
ဒေါ်ယုယုခင်၊ ညွှန်ကြားရေးမှူး ပြည်ထောင်စုရှေ့နေချုပ်ရုံး |
လျှောက်ထားခံရသူ (၂) အတွက် |
- |
ဦးမြအောင် တရားလွှတ်တော်ရှေ့နေ |
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်
၄/ OSS၊ ဦးပိုင်အမှတ် ၃၂/၂၊ ဧရိယာ ၁၄.၀၀ ဧကရှိ ဥယျာဉ်မြေနှင့်ပတ်သက်၍ လျှောက်ထားသူ
ဦးကြည်ရှင်နှင့် လျှောက်ထားခံရသူအမှတ် (၂) ဒေါ်ဝင်းဝင်းမာတို့၏
မြေယာအငြင်းပွားမှုအပေါ် ဘန်းလမွတ်ကျေးရွာ အုပ်စု၊
ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အချင်းဖြစ်မြေ ၁၄.၀၀ ဧက ကို ဦးကြည်ရှင်မှ
ပိုင်ဆိုင်သင့်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုဆုံးဖြတ်ချက်အပေါ် ဒေါ်ဝင်းဝင်းမာက
တနင်္သာရီမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံရာ မြေယာ ၁၄.၀၀
ဧကအနက်မှ ၇.၀၀ ဧကကို ဦးငွေသိန်း၏သား ဦးကြည်ရှင် အား ကားလမ်းအတိုင်း မြန်နိုင်မြင့်
ကုမ္ပဏီဘက်ခြမ်းမှ ဆက်လက်လုပ်ကိုင်ခွင့်ပြုကြောင်းနှင့် ကျန် ၇.၀၀ ဧကကို
ဒေါ်ဝင်းဝင်းမာ အား ကားလမ်းအတိုင်း တနင်္သာရီမြို့နယ်ဘက်ခြမ်းမှ လုပ်ကိုင်ခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး
ယင်းဆုံးဖြတ်ချက်ကို မြိတ်ခရိုင်နှင့် တနင်္သာရီတိုင်းဒေသကြီးလယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့တို့ က အတည်ပြုခဲ့သဖြင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆
(က) (၂) အရ အာဏာ ပေးစာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် ဦးကြည်ရှင်က
လျှောက်ထားခြင်းဖြစ်သည်။ လျှောက်ထားလွှာအပေါ် ကနဦးကြားနာ၍
အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်ရန် မသင့် ကြောင်း အကြောင်းပြစေရန်
လျှောက်ထားခံရသူများထံ အကြောင်းကြားစာထုတ်ဆင့်ခဲ့သည်။
လျှောက်ထားခံရသူအမှတ် (၁) အတွက်
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူး က လျှောက်ထားသူမှ အချင်းဖြစ်မြေ
၁၄.၀၀ ဧကသည် လျှောက်ထားသူ၏ဖခင် ဦးငွေသိန်း အမည်ဖြင့် အခွန်စည်းကြပ်လျက်ရှိကြောင်း
၂၀၁၃-၂၀၁၄ ခုနှစ်အတွက် မြေခွန်ပြေစာမိတ္တူ တစ်စောင် ပူးတွဲတင်ပြ ထားသဖြင့်
အချင်းဖြစ်မြေသည် လျှောက်ထားသူလက်ရှိ လုပ်ကိုင် လျက်ရှိသော လက်ငုတ်မြေဖြစ်သည်ဟု
သုံးသပ်တွေ့ရှိရကြောင်း၊ လယ်ယာမြေနည်းဥပဒေများ ၏ နည်းဥပဒေ ၃ တွင်
လက်ရှိအသုံးပြုခွင့်ရရှိထားသော လယ်မြေအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်
လျှောက်ထားနိုင်သူများကို ဖော်ပြထားကြောင်း၊ လယ်ယာမြေဥပဒေပုဒ်မ ၆ အရ
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီး ဌာနရုံးတွင်
သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူနှင့်
လျှောက်ထားခံရသူ အမှတ် (၂) တို့သည် လယ်ယာမြေဥပဒေမတိုင်မီကပင် အချင်းဖြစ်မြေနှင့်စပ်လျဉ်း၍
အငြင်းပွား မှုအပေါ် နှစ်ဦး သဘောတူခွဲဝေပြီးဖြစ်ခြင်း၊ နှစ်ဦးလုံးသည်
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားခြင်း၊ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနတွင်
မှတ်ပုံတင်ခြင်းနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
ထုတ်ပေးခြင်းများ မပေါ်ပေါက်သဖြင့် အချင်းဖြစ်လယ်ယာမြေ အငြင်းပွားမှုအား
လယ်ယာမြေဥပဒေအရ ဖြေရှင်းဆောင်ရွက်နိုင်ခွင့် မရှိသဖြင့် လျှောက်ထားလွှာအပေါ်
သင့်မြတ်သည့် အမိန့်ချမှတ်သင့်ပါကြောင်း လျှောက်လဲ တင်ပြသည်။
လျှောက်ထားခံရသူအမှတ် (၂) ၏ တရားလွှတ်တော်ရှေ့နေက တနင်္သာရီမြို့နယ်၊
ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄/ OSS၊ ဦးပိုင်အမှတ် ၃၂၊ ဧရိယာ ၃၄.၆၈ ဧကသည်
လျှောက်ထားခံရသူ အမှတ် (၂) ၏မိခင် ဒေါ်သိန်းကြည်အမည်ဖြင့် အပိုင်ပတ္တာရရှိထားသော
မြေဖြစ်ပြီး ထိုမြေတွင် ရော်ဘာပင်များ စိုက်ပျိုးခဲ့ကြောင်း၊ ထိုစဉ်က ကျေးရွာနယ်မြေသည်
အနက်ရောင်နယ်မြေဖြစ်၍ သွားရောက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ၂၀၀၇ ခုနှစ်တွင်ရော်ဘာ စိုက်ပျိုးရန်စီစဉ်သည့်အခါ
မြန်နိုင်မြင့်ကုမ္ပဏီက ၂၀.၆၈ ဧကကို ကျူးကျော်စိုက်ပျိုးထားပြီး လျှောက်ထားသူ၏
ဖခင် ဦးငွေသိန်းက ၁၄ ဧက ကျူးကျော်နေသည် ကိုတွေ့ရသဖြင့် မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတွင်
ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ဦးငွေသိန်း ကျူးကျော်ထားသည့်မြေ ၁၄ ဧကနှင့်ပတ်သက်၍
၁၆-၂-၂၀၀၉ နေ့တွင် မြိတ်ခရိုင်အေးချမ်း သာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူးနှင့် သက်သေ ဦးကျော်ဒင်၊ ဒေါ်လှမြင့်တို့၏
ရှေ့မှောက်တွင် လျှောက်ထားခံရသူအမှတ် (၂) နှင့် လျှောက်ထားသူတို့မှ တစ်ဦးလျှင် ၇
ဧကစီ ခွဲဝေယူရန် နှစ်ဦးသဘောတူဝန်ခံခြင်းစာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊
သို့သော် လျှောက် ထားသူက လျှောက် ထားခံရသူအမှတ် (၂) သို့ မြေ ၇ ဧက
လွှဲပြောင်းပေးခဲ့ခြင်းမရှိသဖြင့် နစ်နာ ရကြောင်း၊ လျှောက်ထားသူ သည်
လျှောက်ထားခံရသူအမှတ် (၂) ၏မိခင် ဒေါ်သိန်းကြည် လုပ်ပိုင်ခွင့်ရှိသော မြေကို
ကျူးကျော် လုပ် ကိုင်ပြီး မြေခွန်ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း၊ မိခင်ဖြစ်သူနှင့်
မည်သို့မျှတော်စပ်မှုမရှိသော လျှောက် ထားသူက ကျူးကျော်လုပ်ကိုင်ခြင်းဖြစ်၍
လယ်ယာမြေ ဥပဒေပုဒ်မ ၆ (က) (၂) နှင့် ကိုက်ညီမှုမရှိကြောင်း၊
အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားချက်အား ပယ်သင့်ပါကြောင်း လျှောက်လဲတင်ပြ
သည်။
လျှောက်ထားသူ၏ တရားလွှတ်တော်ရှေ့နေက
အချင်းဖြစ်လယ်ယာမြေတွင် လက်ရှိ လုပ်ကိုင်နေခြင်းမရှိသူ လျှောက်ထားခံရသူ အမှတ် (၂)
ဒေါ်ဝင်းဝင်းမာအား တနင်္သာရီမြို့ ဘက်ခြမ်းမှ ၇ ဧကကို
ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းသည် လက်ရှိလုပ်ကိုင်နေသော နိုင်ငံသားတစ်ဦး၏
လုပ်ငန်းကို ထိခိုက်စေသောကြောင့် စာချွန်တော်အမိန့် ထုတ်ဆင့်ပေးသင့် ကြောင်း၊
ဒေါ်ဝင်းဝင်းမာသည် အချင်းဖြစ်မြေကွက်နှင့် မည်သို့မျှဆက်စပ်ပတ်သက်သူ မဟုတ်သဖြင့်
မြေတစ်ဝက် ၇ ဧကကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းသည် ဥပဒေအရ မှားယွင်းနေ ကြောင်း၊
၁၆-၂-၂၀၀၉ နေ့စွဲပါ နှစ်ဦးသဘောတူဝန်ခံခြင်းစာရွက်ပေါ်တွင် ဦးကြည်ရှင် အမည်ပေါ်ရှိ
လက်မှတ်မှာ လျှောက်ထားသူ၏လက်မှတ်မဟုတ်ကြောင်း၊ လျှောက်ထားသူမှ
လက်မှတ်ရေးထိုးခဲ့ခြင်းမရှိကြောင်း၊ လက်ရှိလုပ်ကိုင်ခြင်းမရှိသော
ဒေါ်ဝင်းဝင်းမာအား မြေ ၇ ဧကကို သီးစားဆောင်ရွက်ပေးရန် ခရိုင်အုပ်ချုပ်ရေးမှူး၏
အကြောင်းကြားစာသည် တရားမျှတမှုမရှိကြောင်း၊ လျှောက်ထားခံရသူအမှတ် (၂) တင်ပြသော
နောက်ဆက်တွဲ- က မြေပုံတွင် အချင်းဖြစ်မြေ ၁၄ ဧက မြေပုံ ပေါ်၌ လျှောက်ထားသူ ဦးကြည်ရှင်၏ဖခင်
ဦးငွေသိန်း (သီဟို) အမည်ပေါက်နေကြောင်း၊ လျှောက်ထား ခံရသူအမှတ် (၂)
ဒေါ်ဝင်းဝင်းမာမှ ၎င်းတွင် လုပ်ကိုင်ခွင့် ဂရန်နှင့်ပြေစာရှိသည်ဆိုသော်လည်း တင်ပြထားခြင်းမရှိကြောင်း၊
လျှောက်ထား ခံရသူ အမှတ် (၂) ၏မိခင် ဒေါ်သိန်းကြည်မှ မြေရိုင်းများတွင် သီးနှံ
စိုက်ပျိုးရန် ၁၉၆၃ ခုနှစ်က လျှောက်ထားခဲ့သည့် လျှောက်လွှာပါ
စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့်
လက်ရှိလုပ်ကိုင်နေသူဦးကြည်ရှင်အား ကျူးကျော်သည်ဟုစွပ်စွဲခြင်းမှာ ဥပဒေအရ
မှားယွင်းနေ ကြောင်း၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည်
မှားယွင်းနေသဖြင့် အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်သင့်ပါကြောင်း
လျှောက်လဲတင်ပြသည်။
လျှောက်ထားသူက လျှောက်ထားလွှာ၊
ကျမ်းကျိန်လွှာတို့နှင့်အတူ အချင်းဖြစ်ဥယျာဉ်မြေ ၁၄.၀၀ဧကနှင့်စပ်လျဉ်း၍
လျှောက်ထားသူ၏ဖခင် ဦးငွေသိန်းအမည်ဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ် အတွက် စည်းကြပ်ခဲ့သည့်
မြေခွန်ပြေစာမိတ္တူနှင့် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄ /OSS၊ ဦးပိုင်အမှတ်
၃၂၊ ဧရိယာ ၃၄.၆၈ ဧကရှိ ဒေါ်သိန်းကြည်အမည်ပေါက် ရော်ဘာစိုက်ပျိုးခဲ့ သောမြေတွင်
မြန်နိုင်မြင့်ကုမ္ပဏီ နှင့် စခန်းသစ်ကျေးရွာနေ ဦးငွေသိန်းတို့က အခြားသီးနှံများ
ကျူးကျော်ဝင်ရောက်စိုက်ပျိုးထားခြင်းအား ဖယ်ရှားပေးရန် ဒေါ်သိန်းကြည်၏သမီး လျှောက်
ထားခံရသူအမှတ် (၂) ဒေါ်ဝင်းဝင်းမာက တင်ပြသည့်ကိစ္စအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်
ပေးရန်အတွက် မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက လျှောက်ထားသူ၏
ဖခင် ဦးငွေသိန်းနှင့် ဘန်းလမွတ်ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံ ပေးပို့ခဲ့သည့် ၃-၂-၂၀၀၉
ရက်စွဲပါအကြောင်းကြားစာမူရင်းတို့ကို တင်ပြသည်။ တင်ပြချက်များအရ လျှောက်ထားသူ၏ဖခင်
ဦးငွေသိန်း၊ မြန်နိုင်မြင့်ကုမ္ပဏီနှင့် လျှောက်ထားခံရ သူအမှတ် (၂) တို့သည် လယ်ယာမြေဥပဒေမပြဋ္ဌာန်းမီကပင်
မြေယာအငြင်းပွားမှု ဖြစ်ပေါ် ခဲ့ကြောင်း တွေ့ရှိရသည်။
ဘန်းလမွတ်ကျေးရွာအုပ်စု
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၈-၈-၂၀၁၄ ရက်စွဲဖြင့် မြေယာမှုခင်း ဆုံးဖြတ်ချက်တွင်
ဦးကြည်ရှင် လက်ရှိလုပ်ကိုင်ဆောင်ရွက်စိုက်ပျိုးထားသော မြေဧရိယာ ၁၄.၀၀ ဧကကို ဦးကြည်ရှင်မှ
ပိုင်ဆိုင်သင့်ကြောင်း ဆုံးဖြတ်ခဲ့ပြီး တနင်္သာရီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
မြေယာအယူခံမှုအမှတ် ၂၁/၂၀၁၄ တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊
လယ်ယာမြေလုပ်ပိုင်ခွင့်အယူခံမှု အစည်းအဝေးအမှတ်စဉ် ၈/၂၀၁၄ အစည်းအဝေးဆုံးဖြတ်ချက်
အပိုဒ် (၁) အရ အချင်းဖြစ်မြေကွင်း အမှတ် ၄ / OSS၊ ဦးပိုင်အမှတ် ၃၂/၂၊ မြေဧရိယာ
၁၄.၀၀ ဧကအနက် ၇.၀၀ ဧကကို ဦးငွေသိန်း၏သား ဦးကြည်ရှင်အား ကားလမ်းအတိုင်း
မြန်နိုင်မြင့် ကုမ္ပဏီဘက်ခြမ်းမှ ဆက်လက်လုပ်ကိုင်ခွင့်ပြုကြောင်းနှင့် ကျန်မြေ
၇.၀၀ ဧကကို ဒေါ်ဝင်းဝင်းမာအား ကားလမ်းအတိုင်း တနင်္သာရီမြို့နယ်ဘက်ခြမ်းမှ
လုပ်ကိုင်ခွင့်ပြုကြောင်း ၇-၁၀-၂၀၁၄ နေ့တွင် ပြင်ဆင်ဆုံးဖြတ်ခဲ့သည်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
ဆုံးဖြတ်ချက်အပေါ် ဦးကြည်ရှင်က မြိတ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
အယူခံလျှောက်ထားရာ လယ်ယာမြေလုပ်ပိုင်ခွင့်ရလိုမှုဆိုင်ရာ အယူခံမှုအမှတ် ၁၄/(လယ)
၂၀၁၄-၂၀၁၅ တွင် ဦးကြည်ရှင်၏ အယူခံလွှာကိုပယ်ပြီး
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ၁၆-၃-၂၀၁၅
နေ့ တွင် ဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် ဒေါ်ဝင်းဝင်းမာနှင့်
ဦးကြည်ရှင်တို့နှစ်ဦးစလုံးမှ တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု
အဖွဲ့သို့ အယူခံရာ တိုင်းဒေသကြီးလယ်ယာ မြေ လုပ်ပိုင်ခွင့်ရလိုမှုဆိုင်ရာ
အယူခံမှုအမှတ် ၅/လယ/ ၂၀၁၄-၂၀၁၅ (ထားဝယ်) ဖွင့်လှစ်ပြီး ဒေါ်ဝင်းဝင်းမာနှင့်
ဦးကြည်ရှင်တို့၏ အယူခံလွှာများအား ပယ်ကြောင်း ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏
ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ၇-၇-၂၀၁၅ နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ဦးကြည်ရှင်သည် အချင်းဖြစ်မြေကို
လုပ်ကိုင်ခဲ့သော်လည်း ဒေသဆိုင်ရာအာဏာပိုင်၏ ရှေ့မှောက်တွင် အသိသက်သေများနှင့်အတူ
သဘောတူလက်မှတ်ရေးထိုးထားခြင်းအား လိုက်နာသင့်ကြောင်း
တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ သုံးသပ်ချက်အရ အချင်းဖြစ် မြေ ဧရိယာ
၁၄.၀၀ ဧကအနက် ကားလမ်းအတိုင်း မြန်နိုင်မြင့်ကုမ္ပဏီဘက်ခြမ်းမှ ၇.၀၀ ဧကရှိ
ဥယျာဉ်မြေကို ဦးကြည်ရှင်အားလည်းကောင်း၊ ကားလမ်းအတိုင်း တနင်္သာရီဘက်ခြမ်းမှ ၇.၀၀
ဧကရှိ ဥယျာဉ်ခြံမြေကို ဒေါ်ဝင်းဝင်းမာအားလည်းကောင်း၊ ဆက်လက်လုပ်ကိုင်ခွင့်ပြုကြောင်း
တိုင်းဒေသကြီးလယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့မှ ၇-၇-၂၀၁၅ ရက်နေ့တွင်
တည်ဆဲဥပဒေနှင့်အညီ ဆုံးဖြတ်ချက် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပါသည်ဟု လျှောက်ထားခံရသူ
အမှတ် (၁) ၏ ပြန်လှန် ကျမ်းကျိန်လွှာတွင် ဖော်ပြထားသည်။
လျှောက်ထားခံရသူ အမှတ် (၂) ဒေါ်ဝင်းဝင်းမာမှလည်း ဦးငွေသိန်း ကျူးကျော် ထားသောမြေ
၁၄.၀၀ ဧကနှင့်ပတ်သက်၍ ၁၆-၂-၂၀၀၉ ရက်နေ့တွင် တစ်ဦးလျှင် ၇ ဧကစီ ခွဲဝေယူရန်
သဘောတူခဲ့ကြသော်လည်း လျှောက်ထားခံရသူအမှတ် (၂) သို့ မြေ ၇ ဧက လက်ရောက်လွှဲပြောင်းပေးခဲ့ခြင်းမရှိကြောင်း၊
လျှောက်ထားခံရသူအမှတ် (၂) ၏မိခင် ဒေါ်သိန်းကြည်အမည်ဖြင့် ရော်ဘာလုပ်ပိုင်ခွင့်ကို
၁၉၆၃-၁၉၆၄ ခုနှစ်က ခွင့်ပြုခဲ့ပြီး နှစ်စဉ် မြေခွန်များထမ်းဆောင်ခဲ့ကြောင်း၊
ကွင်းဆင်းကြည့်ရှုသည့်အခါ မြန်နိုင်မြင့် ကုမ္ပဏီက ၂၀.၆၈ ဧကနှင့် ဦးငွေသိန်းက ၁၄
ဧက ကျူးကျော်ထားသဖြင့် လျှောက်ထားခံရသူအမှတ် (၂) မှ လုပ်ကိုင်ရန်မြေနေရာမရ၍
မလုပ်နိုင်ခြင်းသာဖြစ်ကြောင်း၊ ဒေါ်သိန်းကြည်အမည်ဖြင့် သီးနှံ စိုက်ပျိုး ခွင့်ပြုသော
မြိတ်ခရိုင်မြေစာရင်းရုံး၏ အမိန့်စာမိတ္တူ၊ ဒေါ်သိန်းကြည်အမည်ဖြင့် ၁၉၆၈-၁၉၆၉ မှ
၁၉၉၅-၁၉၉၆ ထိ မြေခွန်ပြေစာ ၁၅ စောင်မိတ္တူ၊ ရော်ဘာခြံအား ကျူးကျော် ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်သည့်
ကိစ္စညှိနှိုင်းစဉ် အချင်းဖြစ်မြေအား လွှဲပြောင်းရောင်းချ ပေါင်နှံခြင်း
မပြုစေရန်အတွက် ဟန့်တားဆောင်ရွက်ပေးရန် မြိတ်ခရိုင်အေးချမ်းသာယာရေးနှင့်
ဖွံဖြိုးရေးကောင်စီသို့ ၂-၇-၂၀၀၈ ရက်စွဲဖြင့် အ ကြောင်းကြားစာမိတ္တူ၊ မြေ ၁၄ ဧကအား
ဦးငွေသိန်းမှ ၇ ဧကနှင့် ဒေါ်ဝင်းဝင်းမာမှ ၇ ဧကစီ နှစ်ဦးသဘောတူခွဲဝေထားပြီးဖြစ်၍
ဒေါ်ဝင်းဝင်းမာပိုင်ဆိုင်ခွင့်ရှိသော ၇ ဧကအား သီးစားဆောင်ရွက်ပေးသွားရန်
မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ၂၅-၁၀-၂၀၁၂ ရက်စွဲဖြင့်
အကြောင်းကြားစာမိတ္တူ၊ ဦးကြည်ရှင်နှင့် ဒေါ်ဝင်းဝင်းမာတို့၏ ၁၆-၂-၂၀၀၉ ရက်စွဲ
ဖြင့် နှစ်ဦးသဘောတူဝန်ခံချက်မိတ္တူတို့ကို ပြန်ကြားအစီရင်ခံစာ၊
ပြန်လှန်ကျမ်းကျိန်လွှာတို့ နှင့်အတူ ပူးတွဲတင်ပြသည်။
အချင်းဖြစ်မြေပေါ်တွင် ကျူးကျော်သည်ဆိုသည့်ကိစ္စအား ဒေါ်ဝင်းဝင်းမာက သက်ဆိုင် ရာဌာနအဖွဲ့အစည်းသို့
တင်ပြခဲ့သဖြင့် သက်ဆိုင်ရာက နှစ်ဦးနှစ်ဖက်ခေါ်ယူ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း
လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့သည် မြိတ်ခရိုင် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုး ရေးကောင်စီအတွင်းရေးမှူးရှေ့မှောက်တွင် မြေ ၇ ဧကစီ ခွဲဝေယူရန် ၁၆-၂-၂၀၀၉
ရက်စွဲပါ နှစ်ဦးသဘောတူဝန်ခံချက်ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရသည်။ လျှောက်ထားသူက
၁၆-၂-၂၀၀၉ ရက်စွဲပါ သဘောတူ ညီချက်တွင် လျှောက်ထားသူမှ လက်မှတ် ရေးထိုးခဲ့ခြင်းမရှိကြောင်း၊
လျှောက်ထားသူ၏ လက်မှတ်မဟုတ်ကြောင်း ချေပကျမ်းကျိန်လွှာ တင်ပြသော်လည်း
မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၅-၁၀-၂၀၁၂ ရက်စွဲပါ အကြောင်းကြားစာနှင့်
တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ အဆိုပါ
သဘောတူဝန်ခံချက်နှင့်စပ်လျဉ်း၍ လျှောက်ထားသူနှင့် လျှောက်ထားခံရသူ အမှတ် (၂)
တို့ကြားတွင် မြေယာမှုခင်းဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရသည်။
လယ်ယာမြေဥပဒေပုဒ်မ ၄ တွင် လယ်ယာမြေကို
အသုံးပြုခွင့်ရရှိထားသူသည် လယ်ယာ မြေလုပ်ကိုင်ခွင့်ရရှိရန် သက်ဆိုင်ရာရပ်ကွက်
သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးသို့
သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဟု လည်းကောင်း ယင်းဥပဒေပုဒ်မ ၆ တွင်
ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ရှိနေ သော လယ်ယာမြေများနှင့်စပ်လျဉ်း၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာ ခရိုင်လယ်ယာ မြေစီမံခန့်ခွဲမှု
အဖွဲ့၏သဘောတူညီ ချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍
မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်ဟု လည်းကောင်း
ပြဋ္ဌာန်း ထားသည်။
တနင်္သာရီတိုင်းဒေသကြီး၊
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေလုပ်ပိုင်ခွင့်ရလိုမှု ဆိုင်ရာ
အယူခံအမှုတွဲအား စိစစ်ကြည့်ရှုရာတွင် လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂)
တို့၏ ၁၆-၂-၂၀၀၉ ရက်စွဲပါ နှစ်ဦးသဘောတူဝန်ခံချက်အရ လျှောက်ထားသူက
လျှောက်ထားခံရသူအမှတ် (၂) သို့ သဘောတူညီထားသည့်မြေ ၇ ဧကကို လွှဲပြောင်းပေးခြင်း မရှိကြောင်း၊
ဒေါ်သိန်းကြည်အမည်ပေါက် ရော်ဘာခြံမြေကိစ္စနှင့်ပတ်သက်၍ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
၂၉-၄-၂၀၁၄ ရက်နေ့ ညှိနှိုင်းအစည်းအဝေးမှတ်တမ်း ဆုံးဖြတ်ချက်အပိုဒ် ၅ (က)
တွင်ဦးငွေသိန်းထံမှ ရရန်ရှိသောမြေ ၇ ဧကကို ဒေါ်ဝင်းဝင်းမာက
သက်ဆိုင်ရာမြေယာစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြ၍ မြေယာမှုခင်းဖွင့်လှစ်ဆောင်ရွက်စေရန်ဟု
ဖော်ပြထားပြီး ဆောင်ရွက်ရန်ဌာနအဖြစ် “မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့” ဟု
ဖော်ပြထား ကြောင်း တွေ့ရှိရသည်။
မြေ ၁၄ ဧကအား ဦးငွေသိန်းမှ ၇ ဧကနှင့်
ဒေါ်ဝင်းဝင်းမာမှ ၇ ဧကစီ နှစ်ဦးသဘောတူခွဲ ဝေထား ပြီးဖြစ်၍
ဒေါ်ဝင်းဝင်းမာပိုင်ဆိုင်ခွင့်ရှိသော ၇ ဧကအား သီးစားဆောင်ရွက်ပေးသွားရန်
မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့
၂၅-၁၀-၂၀၁၂ ရက်စွဲဖြင့် အကြောင်းကြားစာပေးပို့ခဲ့သည်။ ထိုအကြောင်းကြားစာ ပေးပို့စဉ်က
လယ်ယာမြေဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်၍ လယ်ယာမြေဥပဒေပုဒ်မ ၄ နှင့်
လယ်ယာမြေနည်းဥပဒေ ၃ အရ လယ်ယာမြေကို အသုံးပြုခွင့်ရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန်
ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးသို့
သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ပြီး
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့်
မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍
မှတ်ပုံတင်ပြီးလယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ကို လယ်ယာမြေဥပဒေပုဒ်မ ၆ နှင့်အညီ
ထုတ်ပေးရမည်ဖြစ်သည်။ သို့သော် လျှောက်ထားခံရသူအမှတ် (၂) မှ
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားခဲ့ခြင်းမရှိ ကြောင်း၊ မြို့နယ်ဦးစီး
ဌာနရုံးတွင် မှတ်ပုံတင်ထားခြင်းမရှိကြောင်းနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကလည်း
ဒေါ်ဝင်းဝင်းမာအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ထုတ်ပေး ခဲ့ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသည်။
လယ်ယာမြေဥပဒေပုဒ်မ ၁၃ တွင် ဤဥပဒေအာဏာတည်ပြီးသည့်နောက် လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှုအရှုပ်အရှင်းဖြစ်လာလျှင်
ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရား ဝင်ဖြေရှင်း ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟု
ပြဋ္ဌာန်းထားသည်။
လယ်ယာမြေဥပဒေအာဏာတည်ပြီးနောက်
လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားလွှာ အပေါ် မြို့နယ်ဦးစီးဌာနရုံးသည် လယ်ယာမြေလုပ်ပိုင်ခွင့်လုပ်ငန်းစာတွဲဖွင့်လှစ်၍
၁၅ ရက် အတွင်း ကန့်ကွက်ရန် ရှိ မရှိ လယ်ယာမြေနည်းဥပဒေ ၆ အရ ကြော်ငြာရမည်ဖြစ်ပြီး
ကန့်ကွက်ချက်ရှိပါက ၇ ရက်အတွင်း စုံစမ်းစစ်ဆေးတင်ပြစေရန် သက်ဆိုင်ရာ ရပ်ကွက်၊
ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ နည်းဥပဒေ ၉ အရ အကြောင်းကြားရမည်ဖြစ် သည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့၏
စုံစမ်းစစ်ဆေးတွေ့ရှိ ချက်အပေါ် မြို့နယ်ဦးစီးဌာနရုံးသည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လည်း ကောင်း သဘောထားမှတ်ချက်
အဆင့်ဆင့်တင်ပြပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုကြောင်း
အကြောင်းကြားချက်အရ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ကြေးပေးသွင်းစေ၍ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ ၇) ထုတ်ပေးရမည်ဖြစ်ကြောင်း
လယ်ယာမြေနည်းဥပဒေ ၉ မှ ၁၄ တို့တွင် ဖော်ပြထားသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ကိစ္စ အငြင်းပွားမှုအပေါ် ဖြေရှင်းခြင်း၊
အယူခံခြင်းနှင့်စပ်လျဉ်း၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
မူလမှုခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေး ခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းတို့ကို
ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက် ၃၀ အတွင်း မြို့နယ်လယ်ယာမြေစီမံ
ခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏
ဆုံးဖြတ်ချက်အပေါ် ရက် ၃၀ အတွင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ လည်း ကောင်း
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ် ချက်အပေါ် ရက် ၆၀ အတွင်း
တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ
အယူခံ နိုင်ကြောင်း တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည်
အပြီးအပြတ် ဖြစ်စေရမည်ဖြစ်ကြောင်း လယ်ယာမြေဥပဒေ အခန်း (၈) နှင့် လယ်ယာမြေ နည်းဥပဒေများ
အခန်း (၇) တို့တွင်ပြဋ္ဌာန်းဖော်ပြထားသည်။
လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည်
လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုများအပေါ် မူလမှုခင်းဖွင့်လှစ်၍
စစ်ဆေးကြားနာဆုံးဖြတ်ခွင့် ရှိသော်လည်း ထိုသို့စစ်ဆေးကြားနာဆုံးဖြတ်နိုင်ရန်အတွက်
လယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ မြို့နယ် ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ
မှတ်ပုံတင်ထားရှိရန် လိုအပ်မည်ဖြစ်သည်။
လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့သည် တစ်ဦးလျှင် မြေ ၇ ဧက စီခွဲဝေယူရန်
နှစ်ဦးသဘောတူဝန်ခံချက်အရ လယ်ယာမြေကို အသုံးပြုခွင့်ရရှိပြီးဖြစ်သည်ဟု
မှတ်ယူရမည်ဖြစ်သည်။ လယ်ယာမြေဥပဒေပုဒ်မ ၄ အရ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထား သူသည်
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ နည်းလမ်းတကျ
ဆောင်ရွက်ရမည်ဖြစ်သော်လည်း လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ် (၂) တို့သည်
သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ မြို့နယ်
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
ထုတ်ပေးခြင်းတို့မရှိသေးသဖြင့် လယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ အချင်းဖြစ်လယ်ယာမြေ
လုပ်ပိုင်ခွင့်အငြင်းပွားမှုကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေ များအရ
ဖြေရှင်းဆောင်ရွက်နိုင်မည်မဟုတ်ပေ။
လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှုဆိုသည်မှာ လယ်ယာမြေဥပဒေပုဒ်မ ၄၊ ၅၊ ၆ နှင့် ၇
တို့အရ မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ပြီး လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးပြီးနောက်တွင် ပေါ်ပေါက်လာသည့် အငြင်းပွားမှု အရှုပ်အရှင်း
ကိုခေါ်သည်။ လယ်ယာမြေဥပဒေ အခန်း (၂) ပါလယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူက
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု
လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးမှူးရုံးသို့
လျှောက်ထားသည့်အခါ ဆောင်ရွက်သည့် လယ်ယာမြေဥပဒေ ပုဒ်မ ၄၊ ၅၊ ၆
ပါပြဋ္ဌာန်းချက်များနှင့် လယ်ယာမြေ နည်းဥပဒေများအခန်း (၂) ပါနည်းဥပဒေများသည်
လယ်ယာမြေဥပဒေ အခန်း (၈) နှင့် လယ်ယာမြေနည်းဥပဒေများ အခန်း ၇ တို့တွင်
ပြဋ္ဌာန်းထားသည့် လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ
လုပ်ထုံးလုပ်နည်းများနှင့် တူညီခြင်းမရှိဘဲ သီးခြားစီဆောင်ရွက်ရမည့်
ကိစ္စရပ်များသာဖြစ် သည်။
လျှောက်ထားသူနှင့် လျှောက်ထားခံရသူအမှတ်
(၂) တို့၏ မြေယာအငြင်းပွားမှုကို ဘန်းလမွတ်ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
မြေယာမှုခင်းဖွင့်လှစ်ဆုံးဖြတ်ခဲ့ခြင်းနှင့် ယင်းဆုံးဖြတ်ချက်အပေါ် မြို့နယ်၊
ခရိုင်နှင့် တိုင်းလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သို့ အယူခံခဲ့သဖြင့်
လယ်ယာမြေ လုပ်ပိုင်ခွင့်ရလိုမှုဆိုင်ရာ အယူခံမှုများအဖြစ် ကြားနာဆုံးဖြတ်ခဲ့ ကြခြင်းသည်
လယ်ယာမြေဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်မှုမရှိကြောင်း သုံးသပ်တွေ့ရှိ ရသည်။
အမှုခေါ်စာချွန်တော်အမိန့် ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှု
သဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့်ညီညွတ် မျှတမှုမရှိကြောင်း
စိစစ် တွေ့ရှိပါက ထိုဆုံးဖြတ်ဆောင်ရွက်ချက်ကို ဥပဒေနှင့်ညီညွတ်စေရန်
ရေးသားထုတ်ပြန်သည့် အမိန့်စာကို ဆိုသည်။
ထို့ကြောင့် ဤတရားမအထွေထွေလျှောက်ထားမှုကို ခွင့်ပြုသည်။ ဘန်းလမွတ်ကျေးရွာ အုပ်စု၊
ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၈-၈-၂၀၁၄ ရက်စွဲပါ ဆုံးဖြတ်ချက်နှင့် ယင်း ဆုံးဖြတ်ချက်အပေါ်
အဆင့်ဆင့်အယူခံလျှောက်ထားခဲ့ကြသည့် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသ ကြီး
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ၏ ဆုံးဖြတ်ချက်များကို အမှုခေါ်စာချွန်တော် အမိန့်
ထုတ်ဆင့် ပယ်ဖျက်လိုက်သည်။
လျှောက်ထားသူတင်ပြသော အချက်ဖြင့် ခွင့်ပြုခြင်းမဟုတ်၍ စရိတ်မသတ်မှတ်။
0 comments:
Post a Comment