လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအား လယ်ယာမြေဥပဒေအရ သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း ကို တရားလွှတ်တော်ချုပ်ရဲ့ အမှုခေါ်စာချွန်တော် ထုတ်ဆင့် ပယ်ဖျက်ခြင်းက ယနေ့ အချိန်ဆိုရင် မှန်နိုင်ပါအုံးမလား
မွေးမြူရေးအတွက် တစ်ဧက ၃၀၀၀ ကျပ် အခြားကိစ္စရပ်များအတွက် ၃၀% ဆိုတာတွေနဲ့ သဟဇာတ ဖြစ်/မဖြစ်
အောက်မှာ ၂၀၁၆ ကကိစ္စလေးပြန်တင်ပေးလိုက်ပါတယ်။
တရားမအထွေထွေလျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော
ဦးမြသိမ်းနှင့် ဦးအောင်ဇော်သိန်းတို့ ရှေ့တွင်
ဒေါ်ခင်စန်းလွင်
နှင့်
ဥက္ကဋ္ဌ
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
မွန်ပြည်နယ်ပါ ၄
(၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၅၄)
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိပြီးသူကသာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံး ပြုခွင့် လျှောက်ထားခွင့်ရှိသဖြင့် ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအား လယ်ယာမြေဥပဒေအရ သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း။
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
ဆုံးဖြတ်ချက်။ ။ လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) အရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိ ဘဲ အခြားနည်းသုံးစွဲပါက ဝန်ကြီးဌာန (ပြည်ထောင်စုအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) က ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် သတ်မှတ်သည့် ဒဏ်ကြေး ပေးဆောင်စေသည့် အမိန့်ချမှတ်နိုင်ကြောင်း လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ (က) တွင် ပြဋ္ဌာန်းထားသည်။
ထပ်မံဆုံးဖြတ်ချက်။ ။ လျှောက်ထားခံရသူအမှတ် (၄) သည် အချင်းဖြစ် ဥယျာဉ်ခြံမြေ ကို လုပ်ကိုင်ခွင့်ပြုရန် (ပုံစံ-၁) ဖြင့် လျှောက်ထားပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိပါက လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ပြုရန် (ပုံစံ-၁၄) ဖြင့် မြို့နယ်ဦးစီး ဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်သော်လည်း ထိုသို့လျှောက်ထားခဲ့မှုမရှိဘဲ ဥယျာဉ်ခြံမြေတွင် စားသောက်ဆိုင်ဖွင့်လှစ်၍ အခြားနည်းဖြင့် အသုံးပြုခဲ့ကြောင်းပေါ်ပေါက်သည်။
လျှောက်ထားခံရသူအမှတ် (၄) သည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိခဲ့ပြီးနောက် အချင်းဖြစ်ဥယျာဉ်ခြံမြေတွင် စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါက လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) ကို ဖောက်ဖျက် သဖြင့် ယင်းဥပဒေပုဒ်မ ၁၉ အရ ဒဏ်ကြေးငွေထိုက်သင့်မည်ဖြစ်သည်။ သို့သော် ၎င်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားခြင်းမရှိသည့်အပြင် အချင်းဖြစ် ဥယျာဉ်ခြံ မြေတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ထားသဖြင့် လယ်ယာမြေ ဥပဒေအရ သတ်မှတ်သည့် ဒဏ်ကြေးငွေကို ပေးဆောင်စေရန် သထုံခရိုင်လယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့က ၂၄-၄-၂၀၁၄ ရက်စွဲပါ ဆုံးဖြတ်ချက်အပိုဒ် (ဃ) တွင် ဆုံးဖြတ်ခဲ့ခြင်းသည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိပေ။
လျှောက်ထားသူအတွက် - ဦးခင်မြင့်
တရားလွှတ်တော်ရှေ့နေ
လျှောက်ထားခံရသူ (၁၊ ၂) အတွက် - ဒေါ်ဖြူမာဝေ
ညွှန်ကြားရေးမှူး
လျှောက်ထားခံရသူ (၃) အတွက် - ကိုယ်တိုင် (မလာ)
လျှောက်ထားခံရသူ (၄) အတွက် - ဦးအေးနိုင်၊
တရားလွှတ်တော်ရှေ့နေ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်စု၊ ရွှေတချောင်း တောင်ကွင်း၊ ကွင်းအမှတ် ၁၂၄-က၊ ဦးပိုင်အမှတ် N - ၇၈၊ ဧရိယာ ၂.၀၀ ဧကရှိ ဥယျာဉ်ခြံမြေကို လျှောက်ထားသူ ဒေါ်ခင်စန်းလွင်က ၃၁-၃-၁၉၉၁ ရက်နေ့တွင် ဦးငြိမ်းသောင်ထံမှ ငွေကျပ် ၁၀၀၀၀ ဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ပြီး ယင်းမြေတွင် လျှောက်ထားသူ၏ မောင်ဖြစ်သူ လျှောက်ထား ခံရသူအမှတ် (၄) ဦးအေးလွင် (ခ) ဦးမောင်မောင်က စားသောက်ဆိုင်ဖွင့်လှစ်၍ နှစ်ဦးနှစ်ဖက် ခြံမြေကိစ္စ အငြင်းပွားကြရာမှ ဦးအေးလွင်က ၁၆-၁၁-၂၀၁၃ ရက်နေ့တွင် လှည်းလမ်းကူး ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံ မြေယာမှုခင်းဖွင့်လှစ် လျှောက်ထားခဲ့၍ အငြင်းပွားမှု အမှတ် ၁/၂၀၁၃ ဖြင့် စစ်ဆေးပြီး မြေ ၂.၀၀ ဧကတွင် စားသောက်ဆိုင် ဧရိယာအပါအဝင် ၁.၃၀ ဧကကို ဦးအေးလွင်အား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ လျှောက်ထားသူက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ အယူခံရာ မြေ ၂ ဧကကို လျှောက်ထားသူအား ခွင့်ပြုခဲ့ကြောင်း၊ ဦးအေးလွင်က ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံရာ စားသောက်ဆိုင်အဆောက်အဦ ဆောက်လုပ်ထား သော ဧရိယာ ၀.၃၈ ဧကကို ဦးအေးလွင်အား လုပ်ကိုင်ခွင့်ပြုပြီး ကျန် ၁.၆၂ ဧကကို လျှောက်ထားသူအား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ထိုဆုံးဖြတ်ချက်အပေါ် နှစ်ဖက်လုံးက ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ အယူခံရာ ကျေးရွာအုပ်စု၊ မြို့နယ်နှင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး အချင်းဖြစ်ဥယျာဉ်ခြံမြေ လုပ်ပိုင် ခွင့် နှင့်ပတ်သက်၍ သက်ဆိုင်ရာ တရားရုံး၏ဆုံးဖြတ်ချက်ခံယူရန် ဆုံးဖြတ်ခဲ့သဖြင့် အာဏာပေး စာချွန်တော်အမိန့် ထုတ်ဆင့်ပေးပါရန် ဒေါ်ခင်စန်းလွင်က လျှောက်ထားခြင်း ဖြစ်သည်။
လျှောက်ထားခံရသူအမှတ် (၁) နှင့် (၂) အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးက လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုစတင်ဖွင့်လှစ်သူသည် သက်ဆိုင်ရာ ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနတွင် လယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ မှတ်ပုံတင်ထားမှု ရှိသည်ဟု ခရိုင်နှင့် ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စစ်ဆေးချက်တွင် ဖော်ပြထားမှု မရှိကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ စတင်လျှောက်ထားမှုမရှိဘဲ အငြင်း ပွားမှုကို အခြေတည်ကာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင် ခွင့်ပြုမိန့် ပုံစံ - ၇ ထုတ်ပေးခဲ့ခြင်းသည် ဥပဒေနှင့်မညီကြောင်း၊ လျှောက်ထားခံရသူ အမှတ် (၄) သည် လယ်ယာမြေလုပ်ပိုင်ခွင့်ကို နည်းလမ်းတကျ ပုံစံ ၁ ဖြင့် လျှောက်ထားခြင်းမရှိဘဲ အချင်း ဖြစ်ဥယျာဉ်ခြံမြေတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ထားသဖြင့် လယ်ယာမြေဥပဒေအရ သတ်မှတ်သည့် ဒဏ်ကြေးငွေကို ပေးဆောင်စေရန် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းသည် ရှေ့နောက်မညီညွတ်ကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် ပြု မပြုကို အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသာ စိစစ်ဆုံးဖြတ်ရန်ဖြစ်ကြောင်း၊ တရားရုံးဆုံးဖြတ်ချက်အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံသူသည် လယ်ယာမြေ နည်းဥပဒေ ၂၉ အရ ပုံစံ ၉ ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ထိုလျှောက်ထားမှုအပေါ် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က နည်းဥပဒေ ၃၁ အရ ခွင့်ပြုမပြု စိစစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုမှုနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်မှသာ တစ်ဆင့်မြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံတင်သွင်းမှုအား စိစစ်နိုင်မည်ဖြစ်ကြောင်း၊ လျှောက်ထားခံရသူ အမှတ် (၁) သည် ၎င်းတို့ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အစီအစဉ်တကျ ဆောင်ရွက်ခြင်းမပြုဘဲ လယ်ယာမြေ လုပ်ပိုင် ခွင့်အငြင်းပွားမှုသဖွယ် စီရင်ဆုံးဖြတ်ခဲ့ခြင်းသည် မှားယွင်းနေကြောင်း၊ လျှောက်ထား မှုအပေါ် ဥပဒေနှင့်အညီ သင့်လျော်သည့်အမိန့်တစ်ရပ်ချမှတ်သင့်ကြောင်း လျှောက်လဲတင်ပြ သည်။
လျှောက်ထားခံရသူအမှတ် (၃) လှည်းလမ်းကူးကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် အကြောင်းကြားစာအတည်ဖြစ်လျက် ပြန်ကြားအစီရင်ခံစာနှင့် ပြန်လှန်ကျမ်းကျိန် လွှာ တင်သွင်းခြင်း မရှိကြောင်း တွေ့ရသည်။
လျှောက်ထားခံရသူအမှတ် (၄) ၏ တရားလွှတ်တော်ရှေ့နေက လျှောက်ထားသူသည် သထုံခရိုင်တရားရုံးတွင် ၂၀၁၄ ခုနှစ်၊ တရားမကြီးမှုအမှတ် ၃၇ ဖြင့် အမွေမှုကို ၁၀-၁၂-၂၀၁၄ ရက်နေ့ကတည်းက ပင်စွဲဆိုထား၍ အချင်းဖြစ်ဥယျာဉ် ခြံမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ခံယူရန် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းသည်မှားယွင်းခြင်းမရှိ ကြောင်း၊ လျှောက်ထားခံရသူအမှတ် (၄) သည် အချင်းဖြစ် မြေတွင် လွန်ခဲ့သော ၁၅ နှစ်ခန့်ကပင် ယခုအချိန်ထိ လက်ရှိလက်ငုတ်ဖြစ်၍ ၅ နှစ် ထက်မနည်း လက်ရှိလက်ငုတ်လုပ်ကိုင်နေသူကိုသာ ဦးစားပေးဆုံးဖြတ်ရန် ညွှန်ကြားချက်ရှိသော်လည်း တရားမကြီးမှုစစ်ဆေးနေစဉ် အမှုခေါ်စာချွန်တော် အမိန့်ထုတ်ဆင့်ရန် မသင့်ကြောင်း၊ လျှောက်ထားသူသည် တရားမကြီးမှုစွဲဆိုရန် အခြားသော သက်သာခွင့်ရှိနေသည်ဖြစ်၍ စာချွန် တော်အမိန့်လျှောက်ထားခွင့်မရှိကြောင်း၊ ကျေးရွာအုပ်စု၊ မြို့နယ်နှင့်ခရိုင် လယ်ယာမြေ စီမံ ခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်များသည် လယ်ယာမြေဥပဒေနှင့် ညီညွတ်ခြင်းမရှိ၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပယ်ဖျက်ပြီး သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ခံယူရန် ဆုံးဖြတ်ခဲ့ခြင်းသည် မှားယွင်းခြင်းမရှိကြောင်း၊ အမှုခေါ်စာချွန်တော်အမိန့်ထုတ်ဆင့်ရန် မလိုအပ်ကြောင်း လျှောက်လဲတင်ပြသည်။
လျှောက်ထားသူ၏ တရားလွှတ်တော်ရှေ့နေ့က ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ မြေယာအယူခံမှုတွင် ဆုံးဖြတ်ချက်အရ ၁.၆၂ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ -၇ ကို လျှောက် ထားသူအမည်ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဧရိယာ ၂.၀၀ ဧကရှိ ဥယျာဉ်ခြံမြေလုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ခံယူရန် အမိန့် ချမှတ်ခဲ့၍ လျှောက်ထားသူရရှိခဲ့ပြီး ဖြစ်သည့် စိုက်ပျိုးလုပ်ကိုင်ခွင့်ပြန်လည်လက်လွတ်ဆုံးရှုံးသွားရ ကြောင်း၊ ထိုသို့အမိန့်ချမှတ်ပြီး နောက်ပိုင်း ဦးအေးလွင်က စားသောက်ဆိုင်အားတိုးချဲ့ဆောက်လုပ်ခဲ့၍ စိုက်ပျိုးလုပ်ကိုင်ရန် မြေနေရာမရှိသလောက်ဖြစ်သွား၍ လျှောက်ထားသူအတွက် နစ်နာရကြောင်း၊ လျှောက်ထားခံ ရသူအမှတ် (၄) သည် လယ်ယာမြေဥပဒေပုဒ်မ ၃၀ အရ လယ်ယာမြေကို အခြားနည်းအသုံးပြု ခွင့် လျှောက်ထားရယူခြင်း မရှိဘဲ သက်ဆိုင်ရာကလည်း အခြားနည်း အသုံးပြုခွင့် အမိန့်တစ်စုံ တစ်ရာ ထုတ်ပြန်ပေးခြင်းမရှိဘဲ ကျေးရွာအုပ်စုနှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့က ဥယျာဉ်ခြံမြေပေါ်တွင် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချရန် ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းနေ ကြောင်း၊ လယ်ယာမြေ သို့မဟုတ် ဥယျာဉ်ခြံမြေအား စိုက်ပျိုးလုပ်ကိုင်ခွင့်နှင့်ပတ်သက်၍ တရားရုံးက စီရင်ပိုင်ခွင့်အာဏာ မရှိပါဘဲလျက် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာ တရားရုံး၏ အဆုံး အဖြတ်ကို ခံယူစေရန် အမိန့်ချမှတ်ခဲ့ခြင်းသည် လယ်ယာမြေ ဥပဒေပုဒ်မ ၄ မှ ၈ ပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်နေကြောင်း၊ လျှောက်ထားခံရသူအမှတ် (၄) က မြေယာမှုခင်း ဖွင့်လှစ်လျှောက်ထားစဉ်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် မရရှိသေး ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ အမိန့်များကို ပြင်ဆင်ပယ်ဖျက်ပြီး လျှောက်ထားသူ၏ အခွင့်အရေးအားဖော်ထုတ်ပေးနိုင်ရန် အမှု ခေါ်စာချွန်တော်အမိန့် ထုတ်ဆင့် သင့်ပါကြောင်း လျှောက်လဲတင်ပြသည်။
လျှောက်ထားသူ ဒေါ်ခင်စန်းလွင်နှင့် လျှောက်ထားခံရသူအမှတ် (၄) ဦးအေးလွင် (ခ) ဦးမောင်မောင်တို့၏ မိဘများဖြစ်ကြသော ဦးစိုးလွင်နှင့် ဒေါ်ခင်ဝှေးတို့တွင် သားသမီး ၅ ဦး ထွန်းကားရာ ဦးခင်မောင်လွင်ဦး၊ ဒေါ်ခင်စန်းလွင်၊ ဦးအေးလွင် (ခ) ဦးမောင်မောင်၊ ဒေါ်ခင်သန်းလွင်၊ ဒေါ်ခင်သီတာချိုတို့ဖြစ်ကြကြောင်း၊ မိဘများသည် မူလကဦးပိုင်မြေကွက် ၄ ကွက် ပိုင်ဆိုင်ခဲ့ပြီး အချင်းဖြစ်ဦးပိုင် အမှတ် N- ၇၈၊ ဧရိယာ ၂.၀၀ ဧကကို ၁၉၉၁ ခုနှစ်တွင် ဦးငြိမ်းသောင်ထံမှ ငွေကျပ် ၁၀၀၀၀ ဖြင့် လျှောက်ထားသူ ဒေါ်ခင်စန်းလွင်အမည်နှင့် ဝယ်ယူ ခဲ့ပြီး မြေကွက် ၅ ကွက်ကို မိသားစု တစ်စီးပွားတည်း အတူလုပ်ကိုင်ခဲ့ကြောင်း၊ မိခင်ကွယ်လွန် ပြီးနောက် အချင်းဖြစ်မြေ ၂.၀၀ ဧကကို ဦးခင်မောင်လွင်ဦးနှင့် ဒေါ်ခင်စန်းလွင်မှ စိုက်ပျိုး လုပ်ကိုင်ခဲ့ပြီး ဦးခင်မောင်လွင်ဦး နိုင်ငံခြား သွားသည့် အခါ ဦးအေးလွင် (ခ) ဦးမောင်မောင်က ဦးစီးလုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် တွင် ခြံမြေ၏ အနောက်ဖက်တွင် ဦးခင်မောင်ဆိုသူအား ဘဲလေးထမင်းဆိုင်ဖွင့်ရန် မြေငှားရမ်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဦးအေးလွင်ကိုယ်တိုင် ပြုံးပြုံးလေး ထမင်းဆိုင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ဖခင်ဖြစ်သူဦးစိုးလွင် ကွယ်လွန်ပြီးနောက် လှည်းလမ်းကူး ကျေးရွာအုပ်ချုပ်ရေးမှူးက အချင်းဖြစ် မြေအတွင်း ပေ ၂၀ ပတ်လည်အား ကျေးရွာစာကြည့်တိုက်ဖွင့်လှစ်ရန် မြေအလှူခံမှုအပေါ် ဒေါ်ခင်စန်းလွင်က ကျေးရွာစာကြည့် တိုက်အတွက် မြေအပြင် အမက ကျောင်းတိုးချဲ့ရန် မြေ ၁၅ ပေ လှူမည်ဖြစ်ကြောင်း ပြောကြားသည်ကို ဦးအေးလွင်က မကျေနပ်၍ မူလမြေယာမှုခင်းဖြစ်ပွားခဲ့ကြောင်း၊ လျှောက်ထားခံရသူ အမှတ် (၁) မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ပြန်ကြားအစီရင်ခံ စာနှင့် ပြန်လှန်ကျမ်းကျိန်လွှာ တွင် ဖော်ပြထားသည်။
လျှောက်ထားခံရသူအမှတ် (၄) ၏ မြေယာမှုခင်း လျှောက်ထားမှုအပေါ် လှည်းလမ်းကူး ကျေးရွာ အုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်အငြင်းပွား မှု အမှုတွဲအမှတ် ၁/၂၀၁၃ ဖွင့်လှစ်စစ်ဆေးပြီး ဦးပိုင်အမှတ် N- ၇၈၊ ဧရိယာ ၂.၀၀ ဧက အနက် အဆောက်အဦ ဆောက်လုပ်ထားသော မြေအပါအဝင် ၁.၃၀ ဧကကို ဦးအေးလွင်အား လုပ်ကိုင် ခွင့်ပြုကြောင်း၊ ကျန် ၀.၇၀ ဧကကို ဒေါ်ခင်စန်းလွင်အား လုပ်ကိုင်ခွင့်ပြုကြောင်း ၅-၁၂-၂၀၁၃ နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဒေါ်ခင်စန်းလွင်က မကျေနပ်၍ ကျိုက်ထိုမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံရာ အယူခံမြေယာမှုခင်း အမှတ် ၁/မယ/၂၀၁၃-၂၀၁၄ ဖွင့်လှစ်စစ်ဆေးပြီး အချင်းဖြစ်မြေ ၂.၀၀ ဧကပေါ်တွင် ရှိသော အဆောက်အဦကို ဖျက်သိမ်းပြီး ဒေါ်ခင်စန်းလွင်အား လယ်ယာမြေဥပဒေနှင့်အညီ စိုက်ပျိုး လုပ်ကိုင်ခွင့်ပြုကြောင်း ၃-၃-၂၀၁၄ နေ့တွင် ဆုံးဖြတ်ခဲ့သည်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဦးအေးလွင်က သထုံခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံရာ သီးစားချထားရေးဆိုင်ရာ အယူခံမှုအမှတ် ၁/ မယ /၂၀၁၃-၂၀၁၄ ဖွင့်လှစ် စစ်ဆေးပြီး ဦးပိုင်အမှတ် N- ၇၈၊ ဧရိယာ ၂.၀၀ ဧကပေါ်တွင် လက်ရှိအဆောက်အဦ ဆောက်လုပ်ထားသော ဧရိယာ ၀.၃၈ ဧကကို ဦးအေးလွင်အား လုပ်ကိုင် ခွင့်ပြု၍ ကျန်ရှိသည့် ၁.၆၂ ဧကကို ဒေါ်ခင်စန်းလွင်အား လုပ်ကိုင်ခွင့်ပြုကြောင်း၊ ဦးအေးလွင် သည် အချင်းဖြစ်ဥယျာဉ်ခြံမြေတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက် လုပ်ထားသဖြင့် လယ်ယာမြေဥပဒေအရ သတ်မှတ်သည့် ဒဏ်ကြေးငွေကို ပေးဆောင်စေရန် ၂၄-၄-၂၀၁၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
သထုံခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် ဦးအေးလွင်နှင့် ဒေါ်ခင်စန်းလွင်တို့က မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်သွင်းအယူခံရာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကျေးရွာအုပ်စု၊ မြို့နယ်နှင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို ပယ်ဖျက်ပြီး အချင်းဖြစ် ဥယျာဉ်ခြံမြေလုပ်ပိုင်ခွင့် နှင့်ပတ်သက်၍ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ခံယူရန် ၃၀-၆-၂၀၁၅ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က အချင်းဖြစ်မြေကို လက်ရှိတွင် စိုက်ပျိုးမြေအဖြစ် အဓိက အသုံးပြုခြင်း မရှိဘဲ ဥယျာဉ်ခြံ မြေအတွင်း စားသောက်ဆိုင်ဖွင့်လှစ်ခြင်းဖြင့် အခြားနည်းအသုံးပြုထားသည်ကို တွေ့ရကြောင်း၊ အယူခံမှုနှင့်စပ်လျဉ်း၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးထားသည့် ထောက်အထားများမပါ၍ စိစစ်တင်ပြရန် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ၂၉-၁၀-၂၀၁၄ ရက်စွဲပါ စာဖြင့် အကြောင်းကြားခဲ့ရာ ၀.၃၈ ဧကကို ဦးအေးလွင် အမည်ဖြင့်လည်းကောင်း၊ ကျန် ၁.၆၂ ဧကကို ဒေါ်ခင်စန်းလွင်အမည်ဖြင့် လည်းကောင်း၊ ၂၂-၄-၂၀၁၅ ရက်စွဲဖြင့် ပုံစံ ၇ ထုတ်ပေးထားသည်ကို တွေ့ရကြောင်း၊ အချင်းဖြစ်မြေကို စိုက်ပျိုးမြေအတွက် မဟုတ်ဘဲ ပိုင်ဆိုင်လိုမှုအတွက် အငြင်းပွားနေကြခြင်းဖြစ်ရာ လယ်ယာမြေဥပဒေပုဒ်မ ၉ (ဂ) အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်ပါက တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူခွင့်ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက်အရ အဆိုပါ အငြင်းပွားမှုနှင့်စပ်လျဉ်းသည့် အယူခံမှုအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားအစီရင် ခံစာနှင့် ပြန်လှန် ကျမ်းကျိန်လွှာတို့တွင် ရှင်းလင်းတင်ပြထားသည်။
အချင်းဖြစ်ဦးပိုင်အမှတ် N- ၇၈၊ ဧရိယာ ၂.၀၀ ဧကကို ဦးငြိမ်းသောင်ထံမှ ဒေါ်ခင်စန်းလွင်က ဝယ်ယူခဲ့ကြောင်း၊ ၃၀-၃-၁၉၉၁ ရက်စွဲပါ ခြံမြေအရောင်းအဝယ်စာချုပ်နှင့် ဒေါ်ခင်စန်းလွင်အမည်ဖြင့် မြေခွန်ထမ်းဆောင်ထားသည် ၁၉၉၁-၁၉၉၂ ခုနှစ်၊ ၂၀၀၂-၂၀၀၃ ခုနှစ်၊ ၂၀၀၅-၂၀၀၆ ခုနှစ်၊ ၂၀၀၇-၂၀၀၈ ခုနှစ်၊ ၂၀၀၉-၂၀၁၀ ခုနှစ်၊ ၂၀၁၁-၂၀၁၂ ခုနှစ်နှင့် ၂၀၁၂ -၂၀၁၃ ခုနှစ် မြေခွန်ပြေစာဖြတ်ပိုင်းများ ကို လျှောက်ထားသူ ဒေါ်ခင်စန်းလွင်ကတင်ပြသည်။ လျှောက်ထားခံရသူ အမှတ် (၄) ဦးအေးလွင်သည် ၂၀၀၁ ခုနှစ်မှစ၍ အချင်းဖြစ်မြေတွင် စိုက်ပျိုး လုပ်ကိုင်ခဲ့သည်ဟု သထုံခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ပြန်ကြားအစီရင်ခံစာတွင် ဖော်ပြထား သော်လည်း ဦးအေးလွင်အမည်ဖြင့် မြေခွန်စည်းကြပ်ထားသည့် ပြေစာအထောက် အထား တင်ပြခြင်းမရှိဘဲ စားသောက်ဆိုင်လုပ်ငန်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ပြေစာ အထောက်အထားများနှင့် မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ဦးအေးလွင်အမည်ဖြင့် ၉-၉-၂၀၁၄ နေ့တွင် ထုတ်ပေးထားသည့် ၂၀၁၄-၂၀၁၅ ခုနှစ် အတွက် စားသောက်ဆိုင်လုပ်ငန်း လိုင်စင် တို့ကိုလျှောက်ထားခံရသူအမှတ် (၄) က တင်ပြသည်။
နှစ်ဖက်တင်ပြသည့် စာရွက်စာတမ်းအထောက်အထားများအရ အချင်းဖြစ်မြေသည် ဥယျာဉ်ခြံမြေ အမျိုးအစားဖြစ်၍ လယ်ယာမြေဥပဒေပုဒ်မ ၃ (က) အရ လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးဝင် ပြီး လျှောက်ထားခံရသူအမှတ် (၄) သည် လယ်ယာမြေအတွင်း စားသောက်ဆိုင်ဖွင့်လှစ်ခြင်းဖြင့် အခြား နည်းအသုံးပြုလျက်ရှိကြောင်း ပေါ်ပေါက်သည်။
အများပြည်သူအကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထား ခြင်း နှင့်စပ်လျဉ်း၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းအသုံးပြုနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြု နိုင်ကြောင်း လယ်ယာမြေဥပဒေပုဒ်မ ၃၀ (က) (ခ) တို့တွင် ပြဋ္ဌာန်းထားသည်။
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိလိုသူသည် လယ်ယာမြေနည်းဥပဒေ ၇၉၊ ၈၀ နှင့် ၈၁ တို့တွင် ဖော်ပြထားသော ကိစ္စရပ်များအပါအဝင် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုလိုပါက လယ် ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်လျှောက်လွှာ ( ပုံစံ ၁၄ ) ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လယ်ယာမြေ နည်းဥပဒေ ၈၂ အရ လျှောက်ထားရမည်ဖြစ်သည်။ မြို့နယ်ဦးစီးဌာနရုံးသည် လျှောက်ထားလွှာအား လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် လုပ်ငန်းစာတွဲဖွင့်လှစ်၍ လျှောက်ထားသည့်မြေနှင့် ပတ်သက်၍ ပိုင်ဆိုင်မှုအခြေအနေ၊ စိုက်ပျိုး လုပ်ကိုင်မှု အခြေအနေ၊ ဆောက်လုပ်မည့် အဆောက်အအုံ တည်နေရာပြမြေပုံ၊ မည်သည့်နေ့မှ စ၍ အသုံးပြုလိုကြောင်း တင်ပြချက်၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောထားမှတ်ချက်နှင့် စိစစ်ထောက်ခံချက်၊ သက်ဆိုင်ရာ ဌာန၏ လုပ်ငန်းဆိုင်ရာခွင့်ပြုချက်၊ အနီးပတ်ဝန်းကျင်မြေများတွင် အသုံးပြုမှုအခြေအနေ စသည်တို့ကို ရက် ၃၀ အတွင်း စိစစ်၍ သဘောထားမှတ်ချက်ဖြင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ မှု အဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြကာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် (ပုံစံ ၁၅-က) ထုတ်ပေးရမည်ဖြစ် ကြောင်း လယ်ယာမြေနည်းဥပဒေ ၈၂ မှ ၈၉ တို့တွင် ပြဋ္ဌာန်းထားသည်။
လျှောက်ထားခံရသူအမှတ် (၄) သည် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိရန် မြို့နယ်ဦးစီးဌာနရုံးသို့ (ပုံစံ ၁၄) ဖြင့် လျှောက်ထားခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လယ်ယာမြေ ကို အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုမိန့် (ပုံစံ ၁၅-က) ရရှိထားခြင်းတို့ မပေါ်ပေါက်ပေ။
လယ်ယာမြေဥပဒေပုဒ်မ ၁၃ တွင် ဤဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာ တရားဝင်ဖြေရှင်း ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
အချင်းဖြစ်ဥယျာဉ်ခြံမြေ၏ မြေစာရင်းပုံစံ ၁၀၅ တွင် လျှောက်ထားသူ ဒေါ်ခင်စန်းလွင် အမည်ဖြင့် ရှိနေပြီး ဒေါ်ခင်စန်းလွင်သည်လည်းကောင်း၊ မောင်ဖြစ်သူ ဦးအေးလွင်သည် လည်းကောင်း အဆိုပါ ဥယျာဉ်ခြံမြေအား လုပ်ပိုင်ခွင့်ရရှိရန် လယ်ယာမြေဥပဒေပုဒ်မ ၄ နှင့် လယ်ယာမြေနည်းဥပဒေ ၃ တို့အရ လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ (ပုံစံ ၁) ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်သော်လည်း ထိုသို့ လျှောက်ထားခဲ့ကြောင်း မပေါ်ပေါက်ပေ။ လျှောက်ထားခံရသူ အမှတ် (၄) က ၁၆-၁၀-၂၀၁၃ ရက် နေ့တွင် မြေယာမှုခင်းဖွင့်လှစ်ခဲ့၍ လှည်းလမ်းကူး ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု အဖြစ် စစ်ဆေးခဲ့ရာ အချင်းဖြစ်မြေနှင့် စပ်လျဉ်း ၍ လယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ထားခြင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ ၇) ထုတ်ပေး ထားခြင်းတို့ မရှိပေ။ သို့ဖြစ်၍ လှည်းလမ်းကူး ကျေးရွာအုပ်စု၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက် နှင့် ယင်းဆုံးဖြတ်ချက်အပေါ် အဆင့်ဆင့်တင်သွင်းအယူခံခဲ့၍ ကျိုက်ထိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ သထုံခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မွန်ပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့တို့က လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုအပေါ်အယူခံမှုများ အဖြစ် စစ်ဆေးဆုံးဖြတ်ခဲ့ကြခြင်းသည် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများအရ စီရင်ပိုင်ခွင့် မရှိဘဲ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ထုတ်ပေးထားသည့် အထောက်အထားများ မပါရှိသည့်အတွက် စိစစ်တင်ပြရန် မွန်ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ၂၉-၁၀-၂၀၁၄ ရက်စွဲပါစာဖြင့် သထုံခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အား ညွှန်ကြား ခဲ့သည့်အခါတွင်မှ သထုံခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အချင်းဖြစ်မြေ ၂.၀၀ ဧက တွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ၀.၃၈ ဧကကို ဦးအေးလွင်အမည်ဖြင့် လည်းကောင်း၊ ကျန် ၁.၆၂ ဧကကို ဒေါ်ခင်စန်းလွင်အမည်ဖြင့်လည်းကောင်း၊ ၂၂-၄-၂၀၁၅ ရက်စွဲဖြင့် (ပုံစံ ၇) ထုတ်ပေးကြောင်း အစီရင်ခံတင်ပြခဲ့ခြင်းဖြစ်သည်။
လယ်ယာမြေဥပဒေပုဒ်မ ၉ (ဂ) ပြဋ္ဌာန်းချက်အရ တရားရုံးများသည် လယ်ယာမြေ လုပ်ကိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုကိုသာ ဆုံးဖြတ်နိုင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကို တရားရုံးများက အဆုံးအဖြတ်မပေးနိုင်ပေ။ လယ်ယာမြေလုပ်ပိုင် ခွင့်ရပြီးမှသာ အမွေဆက်ခံခွင့်အငြင်းပွားမှုကို တရားရုံးက အဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။ လျှောက်ထားခံရသူအမှတ် (၁) မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ကျေးရွာအုပ်စု၊ မြို့နယ်နှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ဆုံးဖြတ်ချက်များကို ပယ်ဖျက်ခဲ့ သော်လည်း အချင်းဖြစ်ဥယျာဉ်ခြံမြေလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကိုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းသည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိပေ။
လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) အရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲပါက ဝန်ကြီးဌာန (ပြည်ထောင်စုအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန) က ဤကိစ္စ အလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် သတ်မှတ်သည့် ဒဏ်ကြေးငွေပေးဆောင်စေသည့် အမိန့်ချမှတ်နိုင်ကြောင်း လယ်ယာမြေဥပဒေပုဒ်မ ၁၉ (က) တွင် ပြဋ္ဌာန်းထားသည်။
လျှောက်ထားခံရသူအမှတ် (၄) သည် အချင်းဖြစ်ဥယျာဉ်ခြံမြေကို လုပ်ပိုင်ခွင့်ပြုရန် (ပုံစံ ၁) ဖြင့် လျှောက်ထားပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ရရှိပါက လယ်ယာမြေ ကို အခြားနည်း ဖြင့် အသုံးပြုခွင့်ပြုရန် (ပုံစံ-၁၄) ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရ မည်ဖြစ်သော် လည်း ထိုသို့ လျှောက်ထားခဲ့မှုမရှိဘဲ ဥယျာဉ်ခြံမြေတွင် စားသောက်ဆိုင်ဖွင့်လှစ်၍ အခြားနည်းဖြင့် အသုံးပြုခဲ့ကြောင်း ပေါ်ပေါက်သည်။ လျှောက်ထားခံရသူအမှတ် (၄) သည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ရရှိခဲ့ပြီးနောက် အချင်းဖြစ်ဥယျာဉ်ခြံမြေတွင် စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါက လယ်ယာ မြေဥပဒေပုဒ်မ ၁၂ (ဆ) ကို ဖောက်ဖျက်သဖြင့် ယင်းဥပဒေပုဒ်မ ၁၉ အရ ဒဏ်ကြေးငွေ ထိုက်သင့်မည်ဖြစ်သည်။ သို့သော် ၎င်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထား ခြင်းမရှိသည့်အပြင် အချင်းဖြစ်ဥယျာဉ်ခြံမြေတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ်ထားသဖြင့် လယ်ယာမြေဥပဒေအရ သတ်မှတ်သည့် ဒဏ်ကြေးငွေကို ပေးဆောင် စေရန် သထုံခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၂၄-၄-၂၀၁၄ ရက်စွဲပါ ဆုံးဖြတ်ချက် အပိုဒ် (ဃ) တွင် ဆုံးဖြတ်ခဲ့ခြင်းသည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိပေ။
အမှုခေါ်စာချွန်တော်အမိန့်သည် တရားရုံးတစ်ရုံးရုံး သို့မဟုတ် တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့် ညီညွတ်မျှတမှု မရှိကြောင်း စိစစ်တွေ့ရှိရပါက ထိုဆုံးဖြတ်ဆောင်ရွက်ချက်ကို ဥပဒေနှင့်ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာ ဖြစ်သည်။
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုအပေါ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ ဆုံးဖြတ်ချက်သည် တရားစီရင်မှုသဘောဆောင်သည့် ဆုံးဖြတ်ချက်ဖြစ်သဖြင့် ယင်းဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့် ညီညွတ်မျှတမှု ရှိမရှိ အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်ရန် ဖြစ်သည်။
ထို့ကြောင့် ဤတရားမအထွေထွေလျှောက်ထားမှုကို စရိတ်နှင့်တကွ ခွင့်ပြုသည်။ လှည်းလမ်းကူး ကျေးရွာအုပ်စု၊ ကျိုက်ထိုမြို့နယ်၊ သထုံခရိုင်နှင့် မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တို့၏ ဆုံးဖြတ်ချက်များကို အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့် ပယ်ဖျက်လိုက်သည်။
ရှေ့နေစရိတ်ကျပ် ၁၅၀၀၀/- သတ်မှတ်သည်။
0 comments:
Post a Comment