တရားမအထွေထွေလျှောက်ထားမှု
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော
ဦးစိုးညွန့်၊ ဦးအောင်ဇော်သိန်းနှင့်
ဦးစိုးနိုင် တို့ရှေ့တွင်
ဦးမောင်ရွှေ
နှင့်
ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပါ-
၅
(၂၀၁၇ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၆၇ )
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
အဆင့်ဆင့်ဆုံးဖြတ်ချက်သည် တရားစီရင်ရေးသဘော သက်ဝင်သည့် ဆုံးဖြတ်ချက်ဖြစ်၍ အမှုခေါ်စာချွန်တော်အမိန့်
လျှောက်ထားရန်ဖြစ်ခြင်း။ အမှုခေါ်စာချွန်တော် အမိန့်ကို လျှောက်ထားတောင်းခံရာတွင် စည်းကမ်းသတ်ကာလ။
(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ
၁၉ ရက်)
ဆုံးဖြတ်ချက်။ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်သည် တရားစီရင်မှုသဘော သက်ဝင်သည့် ဆုံးဖြတ်ချက်ဖြစ်၍ လျှောက်ထားသူများသည် အာဏာပေးစာချွန်တော်အမိန့်လျှောက်ထားရန် မဟုတ်ဘဲ အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားရန်ဖြစ်သည်။
စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ
၁၆ တွင် အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေစာချွန်တော်အမိန့်တို့နှင့် စပ်လျဉ်း၍
လျောက်ထားလွှာတင်သွင်းရန် အကြောင်းပေါ်ပေါက်သည့် နေ့မှ ၂ နှစ်အတွင်း လျှောက်ထားလွှာတင်သွင်းခြင်းမပြုလျှင်
စာချွန်တော်အမိန့် ထုတ်ပြန်ခြင်းမပြုရ ကြောင်း ပြဋ္ဌာန်းထားသည်။
ထပ်မံဆုံးဖြတ်ချက်။ သို့ဖြစ်၍လျှောက်ထားသူသည်
အမှုခေါ်စာချွန်တော်အမိန့်တင်သွင်းရန် ၇-၂-၂၀၁၄ ရက်နေ့မှစ၍ အကြောင်းပေါ်ပေါက်သည်။ ထိုနေ့ကစ၍ ရေတွက်ပါက
စာချွန်တော်လျှောက်ထား သည့် ၄-၅-၂၀၁၇ နေ့အထိဆိုလျှင် ၂ နှစ်ကျော်လွန်ပြီဖြစ်သဖြင့်
စာချွန်တော်အမိန့် ထုတ်ပြန်ရန် သတ်မှတ်ထားသည့် ကာလစည်းကမ်းသတ်ကျော်လွန်နေပြီဖြစ်ကြောင်း
ပေါ်ပေါက်သဖြင့် အမှုခေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ခွင့်ရှိမည် မဟုတ်ပေ။
လျှောက်ထားသူအတွက်
- ဦးတင်မြင့်၊
တရားလွှတ်တော်ရှေ့နေ
ဦးမောင်ရွှေက ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးပါ ၅ ဦး တို့အပေါ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ
၁၆ (က) (၂) အရ အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားခြင်းဖြစ်သည်။
လျှောက်ထားသူတို့တင်သွင်းသော လျှောက်ထားလွှာနှင့်
ကျမ်းကျိန်လွှာတွင် လျှောက်ထားသူ ဦးမောင်ရွှေနှင့် သား ဝင်းမင်းသိန်းတို့သည် မြောင်းမြမြို့နယ်၊
ငှက်ပျောတောကျေးရွာ၊ ကွင်းအမှတ် ၃၈၀၊ ဦးပိုင်အမှတ် ၅၅/ ၁၊ ဧရိယာ ၂၇.၅၆ ဧကရှိ လယ်မြေကို
လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်ကြောင်း၊ နာဂစ်မုန်တိုင်း၏ သဘာဝအန္တရာယ်နှင့်
လျှောက်ထားသူ၏ ကျန်းမာရေးကြောင့် လယ် ၂၇.၅၆ ဧကကို လုပ်ကိုင်ရန် အခက်အခဲရှိ၍ ကျေးရွာအုပ်စု၊
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တိုင်ပင်ရာ လယ်ပြန်ငွေပြန်လုပ်လိုလျှင်
လယ်မြေကို ပြန်လည် အပ်နှံကြောင်း လက်မှတ်ထိုးပေးလျှင် ခွင့်ပြုမည်ဟု ပြောကြောင်း၊ လျှောက်ထားသူ၏
လယ်မြေ ၂၇.၁၄ ဧကအနက် ၁၀.၇၁ ဧကကို အပ်နှံကြောင်း၊ လက်မှတ်ထိုးပေးခဲ့ကြောင်း၊ လျှောက်ထားသူက
ဇော်လင်းဦးထံတွင် လယ်မြေ ၁၀.၇၁ ဧကကို ငွေကျပ် ၂၅ သိန်းဖြင့် ပေါင်ခဲ့ပြီး ပြန်ရွေးလိုသောအခါ
ငွေကျပ်သိန်း ၅၀ဖြင့် ပြန်လည်ရွေးရမည်ဖြစ်ကြောင်း သဘောတူလက်ခံခဲ့ကြောင်း၊ လျှောက်ထားသူနှင့်
ဇော်လင်းဦးတို့ လယ်ပြန်ငွေပြန်ပြုလုပ်ကြရာ စာချုပ်ချုပ်ရန် မလိုကြောင်း၊ ဦးသန်းဝင်းက
နှုတ်ကတိပေး၍ စီစဉ်ခဲ့ကြောင်း၊ ယခုအခါ အပေါင်ခံသူ ဦးဇော်လင်းဦးက ပြင်ရွာမှ ဦးမင်းမင်းထွန်းအား
ထိုလယ်မြေ ၁၀.၇၁ ဧကကို ငွေကျပ်သိန်း ၅၀ဖြင့် ရောင်းချလိုက်ကြောင်း၊ ဦးသန်းဝင်းကို တိုင်တန်းတင်ပြရာ
ပြန်ရွေး ယူခွင့်ရမည်ဟု နှုတ်ကတိပေးခဲ့ကြောင်း၊ သို့သော် ဦးမင်းမင်းထွန်းက ငွေကျပ်သိန်း
၅၀ ဖြင့် ရွေးယူရန် လက်မခံသဖြင့် လယ်မြေအငြင်းပွားမှုဖြစ်ခဲ့ကြောင်း၊ လယ်ယာမြေ အငြင်းပွားမှုကို
ငှက်ပျောတောကျေးရွာ၊ အုပ်ချုပ်ရေးမှူးက အဆုံးအဖြတ်ပေးသော ရက်မှာ ၁၂-၁၀-၂၀၁၂ ရက်နေ့ဖြစ်ရာ
ထိုစဉ်က လယ်ယာမြေဥပဒေကို ၃၀-၈-၂၀၁၂ နေ့တွင် အတည်ပြုပြဋ္ဌာန်းပြီးဖြစ်၍ အုပ်ချုပ်ရေးမှူး၏အမိန့်သည်
လယ်ယာမြေဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း၊ ငှက်ပျောတောကျေးရွာတွင် နေထိုင်ခြင်း မရှိသူကို
လုပ်ပိုင်ခွင့်ချပေးခြင်းမှာလည်း ဥပဒေနှင့်မညီကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ချထားသည့်
အမိန့်စာသည် လယ်ယာမြေဥပဒေပုဒ်မ ၁၃ အရ သက်ဆိုင်ရာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိ၍
ငှက်ပျောတော ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး၏ အမိန့်ကို ဆက်လက်အတည်ပြုခဲ့သော မြောင်းမြမြို့နယ်၊
မြောင်းမြခရိုင် နှင့် ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့၏
ဆုံးဖြတ်ချက်များသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ အဆိုပါ အမိန့်များအပေါ် စာချွန်တော်အမိန့်ဖြင့်
ပယ်ဖျက်ပေးပါရန် ဖော်ပြလျှောက်ထားသည်။
လျှောက်ထားသူနှင့် ဦးမင်းမင်းထွန်းတို့ဖြစ်ပွားသော
အချင်းဖြစ်လယ်မြေ ၁၀.၇၁ ဧကကို ငှက်ပျောတောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက သီးစားချထားမှုဆိုင်ရာ
မူလမှုခင်းအမှတ် ၁/၂၀၁၁ ဖြင့် ဖွင့်လှစ်ခဲ့ပြီး ဦးမင်းမင်းထွန်းအား လုပ်ပိုင်ခွင့်ပြုကြောင်း
၁၂-၁၀-၂၀၁၂ နေ့တွင် ဆုံးဖြတ်ခဲ့သည်။
မြောင်းမြမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
လယ်ယာမြေအငြင်းပွားမှုဆိုင်ရာ အယူခံမှုအမှတ် ၃/ မယ/ ၂၀၁၂-၂၀၁၃ ဖြင့် လျှောက်ထားသူက
အယူခံတင်သွင်းရာ ၂၅-၃-၂၀၁၃ ရက်နေ့တွင် ငှက်ပျောတောကျေးရွာ၊ အုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်ကို
အတည်ပြုပြီး အယူခံကို ပလပ်ခဲ့သည်။
လျှောက်ထားသူက မြောင်းမြခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
အယူခံမှုအမှတ် ၂/ မယ/ ၂၀၁၃ ဖြင့် တင်သွင်းရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏
ဆုံးဖြတ်ချက်ကို အတည်ပြုပြီး အယူခံကို ပလပ်ကြောင်း ၅-၉-၂၀၁၃ နေ့တွင် ဆုံးဖြတ်ခဲ့သည်။
လျှောက်ထားသူက ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့
အယူခံမှုအမှတ် ၄/ မယ/ ၂၀၁၃-၂၀၁၄ (မြောင်းမြ) ဖြင့် ဆက်လက်တင်သွင်းသော်လည်း ဦးမင်းမင်းထွန်းအား
ဆက်လက် လုပ်ပိုင်ခွင့်ပြု၍ အယူခံကိုပယ်ကြောင်း ၇-၂-၂၀၁၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
လျှောက်ထားသူက တည်ဆဲလယ်ယာမြေဥပဒေကို ၃၀-၈-၂၀၁၂ ရက်နေ့တွင်
အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်၍ တည်ဆဲလယ်ယာမြေဥပဒေအရ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက
လယ်ယာမြေလုပ်ပိုင်ခွင့် ချထားခြင်းမှာ ဥပဒေနှင့်မညီကြောင်း၊ ၎င်း၏ ဆုံးဖြတ်ချက်အပေါ်
မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုဆုံးဖြတ်ခြင်းသည်
ဥပဒေနှင့်မညီညွတ်၍ စာချွန်တော်အမိန့်ဖြင့် ပယ်ဖျက်ပေးရန် လျှောက်ထားသည်။
အမှုခေါ်စာချွန်တော်ဆိုသည်မှာ တရားရုံးတစ်ရုံးရုံး
သို့မဟုတ် တရားစီရင်မှုသဘော သက်ဝင်သည့် ကိစ္စတစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့်ညီညွတ်မျှတမှုမရှိကြောင်း
စိစစ်တွေ့ရှိရပါက ထိုဆုံးဖြတ်ချက်ကို ဥပဒေနှင့်ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကို
ဆိုလိုသည်။
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်သည်
တရားစီရင်မှုသဘောသက်ဝင်သည့် ဆုံးဖြတ်ချက်ဖြစ်၍ လျှောက်ထားသူများသည် အာဏာပေးစာချွန်တော်အမိန့်
လျှောက်ထားရန်မဟုတ်ဘဲ အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားရန်ဖြစ်သည်။
စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပဒေပုဒ်မ
၁၆ တွင် အမှုခေါ်စာချွန်တော်အမိန့်နှင့် တားမြစ်စေစာချွန်တော်အမိန့်တို့နှင့် စပ်လျဉ်း၍
လျှောက်ထားလွှာတင်သွင်းရန်အကြောင်း ပေါ်ပေါက်သည့် နေ့မှ နှစ်နှစ်အတွင်း လျှောက်ထားလွှာတင်သွင်းခြင်းမပြုလျှင် စာချွန်တော်အမိန့်ထုတ်ပြန်ခြင်း
မပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ငှက်ပျောတောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက
ဆုံးဖြတ်သောအမိန့်ကို အဆင့်ဆင့်အယူခံဝင်ရာ ဧရာဝတီတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က
၇-၂-၂၀၁၄ ရက်နေ့က အယူခံကိုပယ်ခဲ့ကြောင်း လျှောက်ထားလွှာနှင့်အတူ တင်သွင်းသော ဆုံးဖြတ်ချက်မူရင်းအရ
တွေ့ရသည်။
သို့ဖြစ်၍ လျှောက်ထားသူသည် အမှုခေါ်စာချွန်တော်အမိန့်တင်သွင်းရန်
၇-၂-၂၀၁၄ ရက်နေ့ကစ၍ အကြောင်းပေါ်ပေါက်သည်။ ထိုနေ့ကစ၍ ရေတွက်ပါက စာချွန်တော်လျှောက်ထားသည့်
၄-၅-၂၀၁၇ နေ့ထိ ဆိုလျှင် ၂ နှစ်ကျော်လွန်ပြီဖြစ်သဖြင့် စာချွန်တော်အမိန့် ထုတ်ပြန်ရန်
သတ်မှတ်ထားသည့် ကာလစည်းကမ်း သတ်ကျော်လွန်နေပြီဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် အမှုခေါ်စာချွန်တော်အမိန့်
ထုတ်ဆင့်ခွင့် ရှိမည်မဟုတ်ပေ။
ထို့ကြောင့် လျောက်ထားသူ၏ လျှောက်ထားလွှာအား
ပယ်သည်။
0 comments:
Post a Comment