ဦးခင်မောင်ဝင်း (လမ်းမတော် မဲဆန္ဒနယ်)
မြေစာရင်းပုံစံ (၁၀၅) နှင့် (၁၀၆) တို့တွင် ပိုင်ရှင်အမည်ပေါက်မဟုတ်သူက
ရောင်းချပြီး မြေပိုင်ရှင် အဖြစ် အလွဲဖော်ပြချုပ်ဆိုခဲ့သော မှတ်ပုံတင်စာချုပ်တွင်
မှတ်ပုံတင်အရာရှိကို စာချုပ်ပြုလုပ်သူများ ကဲ့သို့ မမှန်သက်သေခံဖန်တီးရာတွင်
တာဝန်မကင်းဟုဆိုပါက မှန်/မမှန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ
စိစစ်ဆောင်ရွက်ရေးကော်မတီကို ရောက်ရှိလာကြတဲ့တိုင်ကြားစာများမှာတွေ့မြင်ရတဲ့ မတရား
ဘက်လိုက်မှုတွေရဲ့ဘဝ ပေါ်ပေါက်လာလို့ မေးမြန်းရန်အတွက် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
တိုင်ကြားစာတွေမှာ မြေအရောင်းအဝယ်မှတ်ပုံတင် စာချုပ်များပြုလုပ်ရာတွေမှာ
မြေစာရင်း ပုံစံ (၁၀၅) နဲ့ (၁၀၆) တို့မှာ ဖော်ပြတဲ့ မြေပိုင်ရှင်အမည်မပေါက်သူအား
မိမိကိုယ်ကိုမြေပိုင်ရှင်အမည် ပေါက်သူအဖြစ် လွဲမှားစွာဖော်ပြပြီး
ဝယ်သူနဲ့ပူးပေါင်းပြီး စာချုပ်တွေ ချုပ်ဆိုကြခြင်းဖြစ်ပါတယ်။ ဒီလို စာချုပ်တွေ
လုပ်ဆောင်ရာမှာ မှတ်ပုံတင်အရာရှိက အဂတိလိုက်စားပြီးတိုးတိုးတိတ်တိတ်လုပ်ပေး
တဲ့အတွက်
မလိုအပ်ဘဲရှုပ်ထွေးတဲ့ အမှုအခင်းတွေများစွာ
ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒ့ီအပြင်လည်း အခွန်ဦးစီးဌာနက
ရောင်းချတဲ့တံဆိပ်ခေါင်းမှာပါတဲ့ နေ့ရက်ကိုအလေးမထားဘဲ နောက်ကြောင်းပြန်
ရက်စွဲတွေနဲ့ ပေါ်ပေါက်နေတာကိုမြင်ပေမယ့် အဂတိလိုက်စားပြီး
မှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးတာ တွေကိုလည်း တွေ့နေရပါတယ်။ အဲဒီကစပြီး
တရားရုံးအဆင့်ဆင့်မှာ နှစ်ဘက်အမှုသည်တွေက မိမိတို့ အမှုအနိုင်ရရှိရေးအတွက်
ငွေများတရားနိုင် နည်းမျိုးစုံဖြင့် ချဉ်းကပ်ပြီးတော့ ဆောင်ရွက်ကြတဲ့ အတွက် အဂတိလိုက်စားတဲ့ တရားရုံးတွေပေါ်ပေါက်ပါတယ်။
တရားရုံးတွေရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေလျက်ရှိပါတယ်။
တရားဥပဒေစိုးမိုးမှုကိုလည်း ထိခိုက်စေလျက်ရှိပါတယ်။
ဒါကြောင့် အောက်ဖော်ပြပါမေးခွန်းများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်
ကျွန်တော် မေးမြန်းအပ်ပါ တယ်။
မေးခွန်း (၁) မြေရာဇဝင်၊
မြေစာရင်းပုံစံ(၁၀၅)နှင့်(၁၀၆)တို့တွင် မြေပိုင်ရှင်အမည်ပေါက် မဟုတ်သူနှင့်
ဝယ်သူတို့က ပူးပေါင်းလိမ်လည်ကာ ရောင်းသူက မိမိကိုယ်ကိုအမည်ပေါက် မြေပိုင်ရှင်
အဖြစ် အလွဲဖော်ပြချုပ်ဆိုသော မှတ်ပုံတင်စာချုပ်တွင် မှတ်ပုံတင်အရာရှိကို
စာချုပ်ပြုလုပ်သူများ ကဲ့သို့ မမှန်သက်သေခံဖန်တီးရာတွင်
တာဝန်မကင်းဟုဆိုပါကမှန်/မမှန်၊ မှန်ကန်ခြင်းရှိ/မရှိ။
မေးခွန်း (၂) ထိုတာဝန်မကင်းသော မှတ်ပုံတင်အရာရှိအား သက်ဆိုင်ရာဌာနက အရေးယူပေးရန်
အကြောင်း ရှိ/မရှိ။
မေးခွန်း (၃) စာချုပ်တံဆိပ်ခေါင်း ဝယ်ယူခဲ့သော နေ့ထက် တစ်လကျော် စောနေသောနေ့ကို
နောက်ကြောင်းပြန် (Back Date)နဲ့ အလွဲဖော်ပြချုပ်ဆိုတဲ့
မှတ်ပုံတင်စာချုပ်တွင် မှတ်ပုံတင်အရာရှိ ကို စာချုပ်ပြုလုပ်သူများကဲ့သို့
မမှန်သက်သေခံဖန်တီးရာတွင် တာဝန်မကင်းဟုဆိုပါက မှန်/မမှန်။
မေးခွန်း (၄) ထိုတာဝန်မကင်းသော မှတ်ပုံတင်အရာရှိအား သက်ဆိုင်ရာဌာနက အရေးယူပေးရန်
အကြောင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ဦးခင်ဇော်(ဒုတိယဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန)
မေးခွန်း(၁) နှင့်ပတ်သက်ပြီးတော့ ဖြေကြားပါမယ်။ မေးမြန်းထားတဲ့ကိစ္စနှင့်စပ်လျဉ်း
ပြီးတော့ ၁၉၁၃ ခုနှစ်၊ စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေ၊ အမိန့်ညွှန်ကြားချက်အပိုဒ်
၃၅ အရ စာချုပ် စာတမ်းမှတ်ပုံတင်အရာရှိသည်
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပါပြဋ္ဌာန်းချက်များနှင့် မညီညွတ်ဟု
အကြောင်းပြချက်မရှိဘဲ သက်ဆိုင်ရာမြေပေါ်တွင် ပိုင်ဆိုင်မှုမရှိဟူ၍လည်းကောင်း၊ ဂရန်
သက်တမ်း ကုန်ဆုံးသည်ဟူ၍လည်းကောင်း စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေနှင့် မသက်ဆိုင်သည့်
အကြောင်းပြ ချက်များဖြင့် စာချုပ်စာတမ်းများကို မှတ်ပုံတင်ပေးရန်ငြင်းဆို၍
မရနိုင်ပါကြောင်း ဥပဒေညွှန်ကြား ချက်အရ ဖော်ပြထားသဖြင့် မြေပိုင်ရှင်အဖြစ်
အလွဲဖော်ပြစာချုပ်ပြုလုပ်သူများတွင်သာ တာဝန်ရှိမည် ဖြစ်ပါကြောင်းဖြေကြားအပ်ပါတယ်။
မေးခွန်း(၂) နှင့်ပတ်သက်၍
ဆက်လက်ရှင်းလင်းပါမယ်။ စာချုပ်မှတ်ပုံတင်အရာရှိ၏ ဆောင်ရွက်ချက်မှာ
ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါက အရေးယူဆောင်ရွက်
၍မရနိုင်ပါ။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ ၈၂ တွင်
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေအရ တာဝန်ယူဆောင်ရွက်သည့်အရာရှိရှေ့တွင်
မမှန်မကန်ထွက်ဆိုအစစ်ခံခြင်း၊ စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိသို့ မမှန်ကန်သော
စာချုပ်စာတမ်းမှတ်ပုံတင်ရန်ဖြစ်စေ၊ ဘာသာပြန်ဆိုချက်ကိုဖြစ်စေ၊ မမှန်
ကန်သည့်မြေပုံကိုဖြစ်စေ၊ စာချုပ်မိတ္တူကိုဖြစ်စေ တင်ပြပေးအပ်ခြင်း၊
သူတစ်ပါးဟန်ဆောင်၍ သူ တစ်ပါးအသွင်အနေဖြင့် စာချုပ်စာတမ်းမှတ်ပုံတင်သွင်းခြင်း၊
အစစ်ဆေးခံခြင်းများ ပြုလုပ်ပါက ထိုသူ ကို ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ သို့မဟုတ်
ငွေဒဏ်ဖြစ်စေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ စီရင်ခွင့်ရှိသည်ဟု
ပြဋ္ဌာန်းထားရှိသဖြင့် မမှန်သက်သေခံဖန်တီးသူများအား အကျိုးနစ်နာသူမှ
အထောက်အထားခိုင်လုံစွာဖြင့် သက်ဆိုင်ရာတရားရုံးများတွင် ဥပဒေအရ
တရားစွဲဆိုအရေးယူနိုင်ပါ ကြောင်းဖြေကြားအပ်ပါတယ်။
မေးခွန်း(၃) ကို
ဆက်လက်ရှင်းလင်းပါမယ်။ စာချုပ်စာတမ်းမှတ်ပုံတင်နည်းဥပဒေအပိုဒ် ၄၃-၂ အရ
စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်တင်သွင်းလာသော စာချုပ်အမျိုးအစား
အလိုက် စာချုပ်တွင်ဖော်ပြထားသော တန်ဖိုးအတိုင်း မြန်မာနိုင်ငံ
တံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၃၊ ဇယား(၁)တွင် ဖော်ပြထားသည့်တန်ဖိုးကို
ပြည့်စုံစွာထမ်းဆောင်ထားခြင်းရှိ/မရှိကို စိစစ်ပြီး ပြည့်စုံ မှန်ကန်မှသာ
စာချုပ်ကို မှတ်ပုံတင်သွင်းရန် လက်ခံဆောင်ရွက်ရသည့်အတွက် စာချုပ်ရေးသားထား
သည့်တံဆိပ်ခေါင်းတွင် ဖော်ပြထားသည့် ဝယ်ယူသောနေ့ထက် နောက်ကြောင်းပြန် (Back
Date) ဖြင့်စာချုပ်စာတမ်းကို ရေးသားထားမှုမှာ မှတ်ပုံတင်၍
မဖြစ်နိုင်ပါ။ ယခုအခါ မြန်မာနိုင်ငံတံဆိပ်ခေါင်း ဥပဒေအရ ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်များ
ထမ်းဆောင်ရန်အတွက် အခြေပစ္စည်းများတန်ဖိုး စိစစ် သတ်မှတ်ရေးအဖွဲ့၏
တန်ဖိုးသတ်မှတ်မှုအရ တန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်
တံဆိပ်ခေါင်းရောင်းချခြင်းဖြစ်၍ စာချုပ်ချုပ်ဆိုသူများက ၎င်းတို့ အမှန်အရောင်းအဝယ်စာချုပ်
ချုပ် ဆိုသောနေ့ကို ဝယ်ယူရရှိသော တံဆိပ်ခေါင်းပေါ်တွင် ဖော်ပြ၍ စာချုပ်ကို
ပြန်လည်ရေးသား မှတ်ပုံတင်သွင်းလာသည့်အခါ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအချို့တွင်
အထက်ဖော်ပြပါ လွဲမှားမှုများ ဖြစ်ပေါ်တတ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍
စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိမှ တံဆိပ်ခေါင်းတွင် ဖော်ပြထားသည့်နေ့ထက်
နောက်ကြောင်းပြြန်ဖင့် စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း မဟုတ်ဘဲ
တန်ဖိုးစိစစ်ရေးအဖွဲ့၏ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တန်ဖိုးသတ်မှတ်ပြီးမှ
တံဆိပ်ခေါင်း ရောင်းချသည့်အပေါ် စာချုပ်ချုပ်ဆိုသူများက စာချုပ်အမှန်ချုပ်ဆိုသည့်နေ့ကို
ဖော်ပြ၍ စာချုပ်ကို ပြန်လည်ရေးသား မှတ်ပုံတင်သွင်းလာမှုကို သေချာစွာမစိစစ်ဘဲ
မှတ်ပုံတြင်ခင်းသာဖြစ်ကြောင်း တွေ့ရှိရ၍
မမှန်သောသက်သေခံဖန်တီးမှုရှိ/မရှိဆိုသည်မှာ သက်ဆိုင်ရာ တရားရုံးအဆင့်ဆင့်တွင်
စစ်ဆေးဆုံးဖြတ်ရမည့်ကိစ္စသာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
ဆက်လက်၍
မေးခွန်း(၄) နှင့်ပတ်သက်၍
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနလက်အောက်ရှိ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးများတွင်
ထိုကဲ့သို့ လွဲမှားခြင်းများကို လက်ခံဆောင်ရွက်မှုများတွေ့ရှိပါက တာဝန်ရှိသူ
စာချုပ်စာတမ်းမှတ်ပုံတင် အရာရှိ များအားဖော်ထုတ်၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ
အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ထိုကဲ့သို့လွဲမှားမှုများကို
လက်ခံဆောင်ရွက်ခြင်း စိစစ်တွေ့ရှိရသည့်အတွက် တာဝန်ရှိသူ
စာချုပ်စာတမ်းမှတ်ပုံတင်အရာရှိသုံးဦးအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ
အရေးယူခဲ့ရပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပုဒ်မ
၈၁ အရ မှတ်ပုံတင်သွင်းထား သည့် စာချုပ်စာတမ်းများ၌
စာချုပ်မှတ်ပုံတင်အရာရှိများနှင့် အမှုထမ်းများက မမှန်မကန်စာချုပ်များ တွင်
ထပ်မံရေးမှတ်ခြင်း၊ မိတ္တူကူးခြင်း၊ ဘာသာပြန်ဆိုခြင်း၊ မှတ်ပုံတင်ခြင်းများ
ဆောင်ရွက်ပါက ထိုသူ ကို ခုနစ်နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ဖြစ်စေ သို့မဟုတ်
ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ စီရင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါတယ်။
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ ၈၄ အရ မှတ်ပုံတင် အရာရှိကို
ပြည်သူ့ဝန်ထမ်းအဖြစ် သတ်မှတ်ထားသဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူ
ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုသူများအနေဖြင့်
စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပိုမိုထိရောက်လာသော
အပြစ်ဒဏ်ချမှတ်လိုပါက အကျိုးနစ်နာသူများမှ အထောက်အထားခိုင်မာပြည့်စုံစွာဖြင့်
သက်ဆိုင်ရာတရားရုံးများတွင် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ
ပါပြဋ္ဌာန်းချက်များနှင့်အညီ တရားစွဲဆိုခွင့်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
Source:https://pyithu.hluttaw.mm/question-2465
0 comments:
Post a Comment