#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေအမျိုးအစား၊ မြေမျိုးကြီး၊ ကွင်းထွက်မြေပုံအမှတ်အသားများ၊ ပုံစံ (၁၀၅) (၁၀၆)၊ ကြေးတိုင်စိုက်ခြင်းနှင့် မြေခွန်စည်းကြပ်ခြင်းများအကြောင်းအနှစ်ချုပ်

Saturday, June 6, 2020

အမျိုးအစား၊ မြေမျိုးကြီး၊ ကွင်းထွက်မြေပုံအမှတ်အသားများ၊ ပုံစံ (၁၀၅) (၁၀၆)၊ ကြေးတိုင်စိုက်ခြင်းနှင့် မြေခွန်စည်းကြပ်ခြင်းများအကြောင်းအနှစ်ချုပ်

[Unicode]

မြေအမျိုးအစားများကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (ယခင် မြေစာရင်း)မှ စိုက်ပျိုးမြေများ - (လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်၊ ဓနိ၊ ရော်ဘာ၊ တောင်ယာ ဟူ၍ မြေမျိုးကြီး ခုနစ်မျိုး ထပ်မံခွဲခြားထားပါသည်။) သစ်တောမြေများ၊ စိုက်ပျိုးနိုင်သောမြေရိုင်း၊ တောရိုင်းမြေ (အပတော) များ၊ စားကျက်မြေ၊ လမ်းမြေ၊ မီးရထားလမ်းမြေ၊ စက်ရုံမြေ၊ သတ္တုတွင်းမြေ၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ၊ မြစ်ချောင်းရေ အောက်မြေ၊ အင်းအိုင်မြေ၊ မြို့မြေ၊ ရွာမြေ၊ သာသနာ၊ သုသာန်၊ အဆောက်အဦမြေ၊ လေယာဉ်ကွင်းမြေ၊ ကျန်အခြားမြေဟူ၍ (၁၃) မျိုးထပ်မံ ခွဲခြားထားပါသည်။ စိုက်ပျိုးမြေများ အနက် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၁၁၇၆)
အရ၊ ယခင် ကြေးတိုင်ဝန်များ အသိအမှတ်ပြုပြီးသော စိုက်ပျိုး လုပ်ကိုင်သည့် မြေမျိုးကြီးများကို အောက်ပါလက္ခဏာတို့ဖြင့် မြေတိုင်းစာရေးများ၏ ကွင်းထွက်မြေပုံပေါ်တွင် RG = အစိုးရဆည်ရေသောက်လယ်မြေ (Rice of the Government)၊ M or R - မိုးကောင်းသောက် လယ်မြေ၊ Mn or M - မူရင်းသို့မဟုတ် နွေရာသီတွင် စပါးစိုက်သော လယ်မြေ၊ T - ရေလွှမ်းမိုးသည့် လယ်မြေ(သို့) ဆည်ရေဝပ်လယ်မြေ၊ Y - ယာမြေ၊ K - အစဉ်အမြဲ ကိုင်းသီးနှံ (ဆောင်းသီးနှံ) စိုက်ပျိုးသော်လည်း မြေအခြေအနေ မတည်မြဲသည့် ရေလွှမ်းမိုးလေ့ ရှိသော မြေနုများ၊ KY - ကိုင်းယာ (သို့) အစဉ်အမြဲ ကိုင်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြစ်၊ ချောင်း၊ ကမ်းနား(သို့) မြေ အခြေအနေ မပြောင်လဲသော ရေလွှမ်းမိုးသည့် မြေရင့်များ (သို့)အမြဲကျွန်းများ၊ D - ဓနိမြေ၊ G - ဥယျာဉ်ခြံမြေ၊ တချို့သောမြို့နယ်များတွင် ပုဂ္ဂလိကဆည်၊ ကန်ရေသောက်လယ်မြေကို RP ဟူ၍လည်းကောင်း၊ P ဟူ၍ လည်းကောင်း၊ ရော်ဘာ (သို့) ကြက်ပေါင်စေး စိုက်ပျိုးသော မြေကို RR ဟူ၍ လည်းကောင်း၊ တောင်ယာမြေကို TY ဟူ၍ လည်းကောင်း သတ်မှတ်ဖော်ပြကြပါသည်။ သီးနှံ၏ တစ်ဧကအတွက် နှုန်းကောင်း၊ လတ်၊ ညံ့မှုပေါ်မူတည်၍ မြေမျိုးကြီး တစ်ခုချင်းစီကို အဆင့်အတန်း (သို့) အတန်းအစား ထပ်မံခွဲခြားသည်။

ဥပမာ - စပါး စိုက်ပျိုးသည့် လယ်မြေများအား ပထမတန်းစား လယ်မြေ (R1)၊ ဒုတိယ တန်းစားလယ်မြေ (R2)၊ တတိယ တန်းစားလယ်မြေ (R3) ဟူ၍ လည်းကောင်း၊ အခြောက်သီးနှံ စိုက်ပျိုးသည့် ယာမြေကို ထိုးနည်တူ Y1, Y2, Y3 ဟူ၍ လည်းကောင်း၊ ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ ကို P1,P2,P3 ဟူ၍လည်းကောင်း သတ်မှတ်ဖော်ပြကြသည်။(တချို့သောမြို့နယ် များတွင် P7 အထိ ခွဲခြားသည်။) ဓနိမြေ၊ ဥယျာဉ်ခြံမြေ၊ ရော်ဘာ မြေနှင့် တောင်ယာမြေတို့ကိုမူ မြေအတန်းအစား ထပ်မံခွဲခြားခြင်း မရှိပါဘူး။ ဒီနေရာမှ အလျဉ်းသင့်လို့ ပြောချင်တာက အများပြောပြောနေတဲ့ "ပုံစံ (၁၀၅ ) (၁၀၆) ဆိုတာ ဥပမာနဲ့ ပြောရရင် Passport ဆိုတာ "လူပုံ၊ လူရာဇဝင်"ကို ခေါ်တာပါ။ လူဓါတ်ပုံလေးလဲ ပါတယ်၊ လူရာဇဝင် အတိုချုပ်လေးလည်း ပါပါတယ်။ အဲဒီလိုပါပဲ၊ မြေပုံ မြေရာဇဝင်ဆိုတာကလည်း မြေပုံလေးလည်း ပါရမယ်။ မြေရာဇဝင်လေးလည်း ပါရပါမယ်။ ပုံစံ - (၁၀၅) ဆိုတာက မြေပုံ၊ ပုံစံ - (၁၀၆) က မြေရာဇဝင်ပါ။ မြေစာရင်း ပုံစံ (၁၀၅) ကို "လက်ရှိမြေပုံတွင် ယခုနှစ်အသုံးပြုနေသော ဦးပိုင်မြေပုံ" လို့ခေါ်ပါတယ်။ စာတိုခေါ်ရလျှင် "မြေပုံ"ပေါ့။ အိုးအိမ်ဦးစီးဌာနက ထုတ်ပေးတဲ့ မြေပုံကိုတော့ "S-22" လို့ခေါ်ပါတယ်။ ရန်ကုန် မြို့တော်စည်ပင်က ထုတ်ပေးတဲ့ မြေပုံမှာကတော့ ပုံစံနံပါတ် မပါရှိပါဘူး။ မြေပုံ ကလေးပါတဲ့ စာရွက်ကို မြေပုံလို့ မှတ်လိုက်မယ် ဆိုရင် သုံးမျိုးလုံး အကျုံး ဝင်ပါတယ်။ ပုံစံ - (၁၀၅) မြေပုံစာရွက်မှာ ကြည့်လို့ရတာတွေ အများကြီးရှိပါတယ်။ အလေ့အကျင့်ဖြစ်အောင် ကြည့်သင့်/မှတ်သင့်ပါတယ်။ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ကွင်းအမည်၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ ပိုင်ရှင်အမည်၊ ပိုင်ဆိုင်မှု၊ မြေအမျိုးအစား၊ အကျယ်အဝန်းနှင့် ရေးကူးပေးသည့် အကြောင်းအရာ စသည်ဖြင့် တိကျမှန်ကန်စွာ ရေးသားထားကြ ပါတယ်။

ပုံစံ (၁၀၅) ဆိုတာက “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။ အဲဒီ ပုံစံက လယ်ယာမြေပဲ ဖြစ်ဖြစ်၊ ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာနယ်နိမိတ် အတွင်းမှာ ရှိတဲ့မြေတို့ရဲ့အကျယ်အဝန်းနဲ့ အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာ ဖြစ်ပါတယ်။ နောက်တစ်နည်း ညွှန်းဆိုရလျှင် ပုံစံ ၁၀၅ ဆိုတာ ပိုင်ဆိုင်မှု အာမခံချက် လုံးဝ မဟုတ်ပါ။ ပုံစံ ၁၀၅ ဆိုတာ တည်နေရာကို ဖော်ပြရန်၊ မြေအမျိုးအစားကို ဖော်ပြရန်၊ အိမ်ဆောက်လုပ်ခွင့် လျှောက်ထားရာတွင် တည်နေရာကို ညွန်းဆိုရန်၊ မြို့မြေဖြစ်ပါက ဂရံ လျှောက်ထားရာတွင် တည်နေရာကို ညွန်းဆိုရန်၊ စသည်တို့အတွက် “မြေစာရင်းဌာန” က ထုတ်ပေးတဲ့ "မြေပုံ ပုံစံ တစ်ခုသာ" ဖြစ်ပါတယ်။ ဒီပုံစံ (၁၀၅) လက်ထဲ ရောက်တာနဲ့ ကိုယ်လုပ်ချင်တာ လုပ်လို့ရမယ်လို့ "မထင်လိုက်ပါနဲ့"။ အခု ပုံစံ (၁၀၅) အရ ဝယ်ထားတဲ့မြေက “လယ်ယာမြေ” ဆိုရင်တော့ “လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်” ရှိမယ် "ဆိုရင်" လယ်လုပ်လို့ရမယ်ပေါ့။ လယ်ယာမြေမှာ အဆောက်အအုံ ဆောက်ဖို့၊ စီးပွားရေးလုပ်ငန်းတစ်ခုခု အခြေတည်ပြီး လုပ်ကိုင်ဖို့ ဆိုတာကတော့ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လ/ယ ၃၀ ခွင့်ပြုချက်ရှိမှ ရပါမယ်။ ပုံစံ ၁၀၅ တွင်ပါရှိသော “မြေမျိုးနှင့်အတန်း” နေရာမှာ..

(က) R = မိုးကောင်းလယ်မြေ

(ခ) R1 = ပထမတန်းစားမိုးကောင်းလယ်မြေ

(ဂ) R2 = ဒုတိယတန်းစား မိုးကောင်းလယ်မြေ

(ဃ) R3 = တတိယတန်းစား မိုးကောင်းလယ်မြေ (အထွက်နှုန်းစပါး ၃၀ အောက်)

(င) R4 = စတုထ္ထတန်းစား မိုးကောင်းလယ်မြေ (အထွက်နှုန်းစပါး ၂၀ အောက်)

(စ) RG = အစိုးရ ဆည်ရေသောက် လယ်မြေ

(ဆ) RP = ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ

(ဇ) M = မူရင်း သို့မဟုတ် နွေရာသီစိုက်လယ်မြေ

(ဈ) y = ယာမြေ

(ည) D = ဓနိမြေ

(ဋ) G = ဥယျာဉ်ခြံမြေ ဆိုပြီး စသဖြင့် ခွဲခြားပြထားတာပါ။

မြေခွန်နဲ့ ပတ်သက်ပြီး ပြောရရင် မြေခွန် စည်းကြပ်ကောက်ခံခြင်း၏ မူလဘူတ (သို့) အစဦးဆုံး (ဗွေဆော်ဦး)လုပ်ငန်းမှာ ကြေးတိုင်စိုက်ခြင်းပင်ဖြစ်ပါသည်။ (၁) မူလကြေးတိုင်စိုက်ခြင်း၊ (၂) ပြင်ဆင်ကြေးတိုင် စိုက်ခြင်း၊ (၃) အကျဉ်းချုံး၊ ကြေးတိုင်စိုက်ခြင်း လုပ်ငန်းဟူ၍ လုပ်ငန်း အမျိုးအစား (၃) ခုရှိသည်။ အချုပ်ကို တင်ပြရလျှင် ကြေးတိုင် လုပ်ငန်းတွင် ကြေးတိုင် ရပ်ကွက်ခွဲခြားခြင်း၊ မြေမျိုးခွဲခြားခြင်း၊ တစ်ဧက သီးနှံအထွက် တန်ဖိုး ရှာဖွေခြင်းနှင့် မြေခွန်နှုန်းထား သတ်မှတ်ခြင်းတို့ ပါဝင်သည်။ ကြေးတိုင် လုပ်ငန်းတစ်ရပ်ကို အောက်ဖော်ပြပါ အဆင့်များအလိုက် ကြိုတင်ပြင်ဆင်ခြင်း၊ လုပ်ငန်း အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်သည်-

(၁) ကြေးတိုင်စိုက်ခြင်း ဆောင်ရွက်မည် (သို့) ဆောင်ရွက်ရန်လို၊ မလိုကို သိရှိနိုင်ရန် ကနဦး စုံစမ်းလေ့လာခြင်း၊

(၂) လိုအပ်သည့် မြေတိုင်းတာခြင်းကို ဆောင်ရွက်ခြင်း (မူလမြေတိုင်းတာခြင်း သို့မဟုတ် နောက်ဆက်တွဲ ပြန်လည်၍ တိုင်းတာခြင်း၊

(၃) ကြေးတိုင် စိုက်ရခြင်း အကြောင်းရင်းများနှင့် ဖြစ်တန်ရာသော ငွေကြေးဆိုင်ရာ အကျိုးသက်ရောက်မှုများ ပါဝင်သည့် ကြိုတင်ခန့်မှန်းထားသော အစီရင်ခံစာကို အစိုးရကအမိန့်ချမှတ်နိုင်ရန် အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊

(၄) ကြေးတိုင်အရာရှိနှင့် ဝန်ထမ်းများက ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(၅) ကြေးတိုင် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းပြီးစီးသော် အစိုးရက အမိန့်ချမှတ်နိုင်ရန် ကြေးတိုင်အစီရင်ခံစာကို တင်ပြခြင်း၊

(၆) စည်းကြပ်မည့်မြေခွန်နှုန်းထားများကို အစိုးရ (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) က အမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန် ကြေညာခြင်း။

မြန်မာ တစ်နိုင်ငံလုံးတွင် မြေခွန်စည်းကြပ်သည့် “မူ” မှာ ယေဘူယျအားဖြင့် လယ်ယာမြေ တစ်ကွက်ကို တစ်နှစ်အတွင်း တစ်ကြိမ်သာ မြေခွန်စည်း ကြပ်သည်။ လယ်ယာမြေ တစ်ကွက်တွင် သီးနှံ (၂) ကြိမ် စိုက်ပျိုး၍ သီးနှံနှစ်ခုမှာ အထူးသီးနှံ ပြဋ္ဌာန်းထားပါက ၎င်းမြေပေါ်တွင် စည်းကြပ်ရမည့် မြေခွန်နှုန်းမှာ မြေမျိုးနှုန်း နှစ်ခုအနက် ပိုမြင့်သည့်နှုန်းဖြင့် စည်းကြပ်မည် ဖြစ်သည်။ အကယ်၍ ဒုတိယအကြိမ်စိုက်ပျိုးသော သီးနှံအပေါ် စည်းကြပ်သည့်နှုန်းသည် ပထမ အကြိမ် စိုက်ပျိုးပြီးသောနှုန်းထက် ပိုနေပါလျှင် ခြားနားသည့်မြေခွန်ကိုသာ ဒုတိယအကြိမ် စိုက်ပျိုးသော သီးနှံအပေါ်တွင် စည်းကြပ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရ လက်ထက်မှ စတင်၍ ဘဏ္ဍာရေးနှင့် အခွန်ဌာန၏ (၁၀.၁၁.၁၉၆၇) နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ်- ၄၂၅ ကို ထုတ်ပြန်ပြီး မြေမျိုးကြီးအလိုက် သီးနှံနှုန်းဖြင့် စည်းကြပ်ခဲ့ရာ ယခုအချိန် အထိဖြစ်ပါသည်။ ကြေးတိုင် မစိုက်ရသေးသည့် ဒေသများတွင် မြေမျိုးကြီးအားလုံးကို တစ်ဧကလျှင် (အမြင့်ဆုံးနှုန်း) တစ်ကျပ် ပြား ၅၀၊ (အနိမ့် ဆုံးနှုန်း) တစ်ကျပ်ဖြင့် စည်းကြပ်ခဲ့သည်။ ကြေးတိုင် စိုက်သော အချိန်တွင် စိုက်ပျိုး လုပ်ကိုင်ပြီးသော မြေများရှိသော်လည်း တစ်နေရာနှင့် တစ်နေရာ ကွက်ကြားဝေးလံစွာ တည်ရှိ၍ အသွား အလာခက်ခဲပြီး နှစ်စဉ် တစ်ဦးချင်း စိုက်ပျိုး လုပ်ကွက်ကို စစ်ဆေးမှတ်သား၍ စည်းကြပ်ရန်အတွက် ကုန်ကျမည့် စရိတ်မှာ ရရှိနိုင်မည့် အခွန်တော်နှင့်နှိုင်းယှဉ်လျှင် တွက်ခြေမကိုက်သော ဒေသများအတွက် ကွင်းအလိုက်သော် လည်းကောင်း၊ ကွင်းမဖွဲ့ရသေးပါက ကျေးရွာအုပ်စု အလိုက်သော်လည်းကောင်း၊ မြေခွန်ကို စုပေါင်း၍ သတ်မှတ်စည်းကြပ်သည်။ (လုံးပေါင်းစနစ်ဖြင့် မြေခွန်စည်းကြပ်ခြင်းဟု ခေါ်သည်။) မြေခွန်မစည်းကြပ်သည့်မြေများ မြေခွန်စည်းကြပ်ခြင်းမှ လွတ်ငြိမ်း ချမ်းသာခွင့် ရရှိသည့်မြေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) အောက်မြန်မာနိုင်ငံတွင် ဘုန်းကြီးကျောင်း၊ ဘုရားစသည့် သာသနာနှင့် ပတ်သက်သော အဆောက်အအုံ အတွက် အသုံးပြုလျက် ရှိသောမြေ နှင့် ၎င်းတို့ ပိုင်ဆိုင်သောမြေများ၊ အထက်မြန်မာနိုင်ငံ၊ မြေနှင့်အခွန် ဥပဒေပြဋ္ဌာန်းသည့် နေ့တွင် တည်ရှိပြီးဖြစ်သော သာသနာပိုင်နှင့် ပတ်သက်သည့်မြေများ (မြေတိုင်းစာရေး၏ ကွင်းထွက်မြေပုံပေါ်တွင် အစိမ်းရောင်ခြယ်ထားသော သာသနာမြေများ)၊

(၂) မြန်မာတစ်နိုင်ငံလုံးတွင် အပိုင်ဂရန်ဖြင့် မြေခွန်လွတ်ငြိမ်းခွင့်ပြုထားသည့်မြေများ၊

(၃) အောက်မြန်မာနိုင်ငံတွင် ကျေးရွာ အတွင်းရှိ သုည ဒသမ ၂၅ ဧကအောက်နည်းသည့် အိမ်ယာမြေများနှင့်၊ မြို့မြေအတွင်းမှ သုညဒသမ ၂၅ဧက အောက်နည်း၍ စည်ပင်သာယာမှ အခွန်စည်းကြပ်လျက်ရှိသည့် အိမ်ယာမြေများ၊

(၄) မြန်မာတစ်နိုင်ငံလုံးတွင် ဆားခွန် ကောက်ခံထားပြီး ဆားလုပ်ငန်းအတွက် အသုံးပြု၍ ငွေရေးကြေးရေးအနေဖြင့် အကျိုးခံစားခွင့် လုံးဝမရှိသောမြေများ၊

(၅) (ယခင်) ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး အက်ဥပဒေအရ သီးစားချထားခံယူမည့် သူမရှိသည့်မြေများ (သီးစားမခံ မြေလပ်များ)၊

(၆) ထန်းပင်များ။

ယခု မျက်မှောက်ကာလတွင် ကြေးတိုင်စိုက်ခြင်း လုပ်ငန်းကို နှစ် (၂)၀ လျှင် တစ်ကြိမ်ကျ ပြန်လည် ဆောင်ရွက်ရမြဲ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ခြင်း မပြုနိုင်သဖြင့် အကျဉ်းချုံး ကြေးတိုင် (သို့) ပြင်ဆင်ကြေးတိုင်လုပ်ငန်း ဆောင်ရွက်ခဲ့ရသည့် နှစ်များရှိခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း မြေမျိုးကြီး ပြောင်းလဲပြင်ဆင်ရန် လိုအပ်သည့်စာရင်းဇယားများအပေါ် သက်ဆိုင်ရာ အာဏာပိုင်၏ ခွင့်ပြုချက်၊ အတည်ပြုချက် မရရှိ၍ မြေမျိုးကြီး များမှာ ယခင်နှစ် (၁၀ဝ) ကျော်က အတိုင်းပင် တည်ရှိနေပါသေးသည်။ လွှတ်တော်ရှေ့နေမောင်ကောင်းဖေ၊ အေးဝင်းဦး (ဘူမိဗေဒ) မြန်မာတောင်သူကြီး ဂျာနယ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

Copy:(iMyanmarHouse.com)

0 comments:

Post a Comment