#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

တရားရုံလား Quasi judicial power ကျင့်သုံးသည့် အဖွဲ့အစည်းလား

Sunday, May 10, 2020

တရားရုံလား Quasi judicial power ကျင့်သုံးသည့် အဖွဲ့အစည်းလား

ပြဿနာရဲ့ အစမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၅(၂) တွင်  ပါသည့် “တရားရုံး’ ဆိုသည့် စကားရပ်တွင် “တရားမရုံး၊အခွန်ရုံး၊ သို့မဟုတ် ရာဇဝတ်တရားရုံးတို့ ပါဝင်သည်။ သို့ရာတွင် မှတ်ပုံတင် အက်ဥပဒေအရ မှတ်ပုံတင် အရာရှိ သို့မဟုတ် လက်ထောက် မှတ်ပုံတင် အရာရှိတို့ ပါဝင်ခြင်း မရှိ’ ဟု ဆိုသည့် ပြဌာန်းချက် ဖြစ်သည်။
ပုဒ်မ ၁၉၅(၁)(ဂ)တွင် ယင်းတရားရုံးတို့တွင် သက်သေခံအဖြစ် တင်ပြသည့် စာတမ်းအမှတ်အသားများနှင့် စပ်လျဉ်း၍ ကျူးလွန်သည့် ပြစ်မှုများအတွက် ယင်းတရားရုံးက သို့မဟုတ် ယင်းတရားရုံး၏ အထက်တရားရုံး၏ စာဖြင့် ရေးသားတိုင်တန်းချက်အရ မဟုတ်လျင် အဆိုပါ ပြစ်မှုကို မည်သည့် တရားရုံးကမှ စစ်ဆေးစီရင်ခြင်း မပြုနိုင်ကြောင်း ပြဌာန်းချက် ဖြစ်သည်။ တရားရုံးဆိုသည့်( စကားရပ်တွင် အခွန်ရုံးကို မည့်သည့်အတွက် ထည့်သွင်းရေးဆွဲ ပြဌာန်းခဲ့ကြောင်း သိချင်နေမိသည်။ ) LAW OF CRIME(1971)  စာ-၄၄ တွင် “ So far as suit or proceeding-revenu,civil, criminal_ is concerned, he is a judge.” ဟု ဆိုထားရာ အခွန်၊တရားမ၊သို့မဟုတ် ပြစ်မှုနှင့် စပ်လျဉ်းသည့် တရားစီရင်သော မူခင်းများနှင့် စပ်ဆိုင်သရွေ့ တရားသူကြီး ဖြစ်သည်ဟု ရှင်းပြထားသည်။ဒေါ်တင်ကြည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ၂၀၀၀,မတစ,စာ-၃၇ တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြေစီမံခန့်ခွဲမှုဌာနသည် မြေဂရန်ထုတ်ပေးသည့် ကိစ္စနှင့်စပ်လျဉ်း၍  ယခင် ကော်လိတ်တော်၏ အခွင့်အဏာများကို လွှဲပြောင်း ရရှိသော ဌာနဖြစ်သဖြင့်လည်းကောင်း၊ဂရန် ထုတ်ပေးရာတွင်လည်းကောင်း၊ ယခင် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သဖြင့်လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ၊ပုဒ်မခွဲ(၂)တွင် ပြဌာန်းထားသော “အခွန်ရုံး” ဖြစ်သည်သည်ဟု လမ်းညွန်ထုံးဖွဲ့ထားသည်။
 လက်ရှိပြဿနာမှာ လယ်ယာမြေဥပဒေအရ ဖွဲ့စည်းထားသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်   ဆင့်သည် လယ်ယာမြေအငြင်းပွားမှုများကို ဖြေရှင်းဆုံးဖြတ်ပေးသည့် အဖွဲ့အစည်းများဖြစ်ကြောင်း တွေ့ရသည်။ ပုဒ်မ ၂၅(ဂ)အရ လယ်ယာမြေအငြင်းပွားမှုကို ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်တွင် တိုင်းဒေသကြီး၊ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးပြတ်ဖြစ်သည်ဟု ပြဌာန်းထားသည်ဖြစ်ရာ နောက်ထပ်  ကုစားနိုင်သည့် နည်းလမ်း မရှိတော့ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှ အုပ်ချုပ်ရေးအဖွဲ့က Quasi judicial power ကျင့်သုံးကြောင်း တွေ့ရသည်။ထိုသို့ စီရင်ပိုင်ခွင့်အာဏာ ကျင့်သုံးနေသည့် အဖွဲ့ကို တရားစီရင်သည့်အဖွဲ့ သို့မဟုတ် တရားရုံး ဟု ဆိုနိုင်သလား ဆိုသည့် ပြဿနာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာဇသတ်ကြီး ပုဒ်မ ၂၀တွင်  “ တရားရုံးဆိုသည်မှာ တရားစီရင်ဆဲအခါတွင် တဦးတည်းတရားစီရင်ရန် ဥပဒေအရ အာဏာရရှိသော တရားကြီးကိုသော်၎င်း၊အစုံအညီ စည်း‌ေး၍ တရားစီရင်ရန် ဥပဒေအရ အာဏာရရှိသော တရားသူကြီးအစုကိုသော်၎င်း ဆိုသည်။ တဖန် ပုဒ်မ ၁၉ တွင် “တရားသူကြီး ဆိုသည်မှာ ၊တရားသူကြီး ရာထူးအမည်ခံသူကိုသာ ဆိုလိုသည် မဟုတ်၊တရားမမှုတွင်ဖြစ်စေ၊ရာဇဝတ်မှုတွင် ဖြစ်စေ ဆုံးခန်းရောက်စေသည့် စီရင်ချက်ကိုသော်လည်းကောင်း၊အယူမခံလျင် ဆုံးခန်းရောက်စေမည့် စီရင်ချက်ကိုသော်လည်းကောင်း၊ အခြားအာဏာပိုင် တစ်ဦးဦးက အတည်ပြုလျင် ဆုံးခန်းတိုင် ရောက်စေမည့် စီရင်ချက်ကိုသော်လည်းကောင်း၊ ချမှတ်ရန် ဥပဒေအရ အာဏာရသူကိုလည်း ဆိုသည်။ သို့တည်းမဟုတ် ထိုကဲ့သို့သော အာဏာရသော လူစုတွင် ပါဝင်သည့်သူ တစ်ဦးဦးကိုလည်း ဆိုသည်။’ ဟု ပြဌာန်းထားသဖြင့် လယ်ယာမြေ ဥပဒေအရ အငြင်းပွားမှုများကို ရပ်ကျေး လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်များကို မကျေနပ်သူသည် မြို့နယ်၊ခရိုင်၊တိုင်း/ပြည်နယ်အဆင့်ထိ အယူခံနိုင်ပြီး တိုင်းဒေသကြီး၊ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးပြတ်ဖြစ်ရမည် ဟူသော ပြဌာန်းချက်များအရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သည်  ရာဇသတ်ကြီး ပုဒ်မ ၁၉ ပါ တရားသူကြီးဟု ဆိုနိုင်မည်ဖြစ်ပြီး ပုဒ်မ ၂၀ အရလည်း အဆိုပါ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်များသည် တရားရုံး ဖြစ်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။ ဦးဝင်းလွင်နှင့် ဥက္ကဌ၊တိုင်းလယ်ာမြေ စီမခန့်ခွဲမှုအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးပါ-၅၊မတစ၊၂၀၁၇ တွင် “တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုခဲ့ခြင်းသည် ယင်းတို့်၏ စီရင်ပိုင်ခွင့်အာဏာအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စီရင်ထုံးဖွဲ့ထားသည် ဖြစ်၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သည် စီရင်ပိုင်ခွင့်(jurisdiction) ရှိကြောင်းလည်း မြင်သာသည်။ လယ်စီ အဆင့်ဆင့်သည် တရားစီရင်ရေး မူသဘောများ ကျင့်သုံးခြင်း၊မြေယာမူခင်းများတွင် အပြီးတိုင်ရောက်သည့် စီရင်ချက်(judgement)များ ချမှတ်နိုင်ခြင်း၊ မြင်သာသော အချက်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်စီအဖွဲ့များ၏ ဆုံးဖြတ်ချက်သည် အပြီးပြတ်ဖြစ်စေရမည် ဟူသော ပြဌာန်းချက်အရ နောက်ထပ် ကုစားနိုင်သော ဆုံးဖြတ်ပေးနိုင်သည့် အဖွဲ့ မရှိတော့ ခြင်းဖြစ်သည်။ ထိုသို့ လယ်စီအဖွဲ့များက စုံစမ်းဆေး၊မှုတွင် တရားမျှတမှုကင်းမဲ့ခြင်းနှင့် လုပ်ထုံးလုပ်နည်း မကျနမှုများ ရှိသည့် ကိစ္စများတွင် စာချွန်တော် လျောက်ထားမှုဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလဘူတ အာဏာကို ကျင့်သုံး၍ ဝင်ရောက်စွက်ဖက်မှု ပြုနိုင်သည်။
 ထိုသို့ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သည် တရားရုံးဖြစ်သည်ဟု ကောက်ချက်စွဲပါက ယင်းလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တွင် သက်သေခံအဖြစ် တင်ပြသည့် စာတမ်းအမှတ်အသားများနှင့် စပ်လျဉ်း၍ ကျူးလွန်သည့် ပြစ်မှုများကို  ကျူးလွန်သူများကို ရာကျင့် ၄၇၆ အရ လိုအပ်ပါက စုံစမ်းစစ်ဆေးခြင်း Enquiry ဖွင့်၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ပေါ်ပေါက်ပါက တရားရုံးတွင် အဆိုပါ သက်သေခံ စာရွက်စာတမ်း အတုပြုခြင်းစသည့် ပြစ်မှူများကို ကျူးလွန်သူအား အရေးယူရန် စာဖြင့် ရေးသားပြီး ဦးတိုက်လျောက်ထား စွဲဆိုကြရမည် ဖြစ်သည်။  
 သို့သော် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၅(၂) တွင် ရှိသည့်  “တရားရုံး’ ဆိုသည့် စကားရပ်တွင် “တရားမရုံး၊အခွန်ရုံး၊ သို့မဟုတ် ရာဇဝတ်တရားရုံးတို့ ပါဝင်သည်။” ဟု ပြဌာန်းချက်သာ ပါရှိပြီး  တရားရုံးဆိုသည့် စကားရပ်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေတွင် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသဖြင့်  လယ်ယာမြေ စီမံခန့်ခွဲမှုအဆင့်ဆင့်သည့် တရားရုံး ဟုတ် မဟုတ် အသေအချာ ပြောရန် ခဲယဉ်းသလို Quasi judicial power ကို ကျင့်သုံးသည့် အုပ်ချုပ်အရေးအဖွဲ့ဖြစ်သည်ဟု ဆိုနိုင်သော်လည်း ယင်းသို့သော အဖွဲ့သည့် တရားရုံး ဟုတ်သလား မဟုတ်သလားဆိုသည်မှာ ဥပဒေပြဿနာ တစ်ရပ်ဖြစ်ပါဖြစ်ပါသည်။    ဦးကိုင်လျှို(ခ) ဦးသန်းလင်းအောင်၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ပြည်ထောင်စုသမ္မတမြန်မာ   နိုင်ငံတော်ပါ-၃၊၂၀၁၇,မတစ,စာ-၉ စီရင်ထုံးပါ မြေစာရင်း ဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးက ဆောင်ရွက်ခြင်းသည် တရားရုံးအနေဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ပြည်သူဝန်ထမ်းအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း” သုံးသပ်ချက်နှင့်  စုံစမ်းစစ်ဆေးခြင်းနှင့် ဆုံးဖြတ်ချက်ပေးရခြင်း ဆုံးခန်းတိုင် စီရင်ဆုံးဖြတ်ချက် ပေးရသည့် လယ်စီအဆင်ဆင့်၏ ဆောင်ရွက်ချက်များမှာ သဘောသဘာဝ တူညီမှု မရှိကြောင်း တွေ့ရသည်။ ဦးကြည်ရှင်နှင့် ဥက္ကဌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊တနင်္သာရီ    တိုင်းဒေသကြီးပါ-၂၊၂၀၁၆၊မတစ၊စာ၃၄၊တွင် အမှုခေါ် စာချွန်တော် အမိန့်ဆိုသည်မှာ တရားရုံး သို့မဟုတ်တရားစီရင်မှုသဘော သဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ ဆုံးဖြတ်ဆောင်ရွက်ချက်သည် ဥပဒေနှင့်အညီ ညီညွတ်မျှတမှု မရှိကြောင်း စိစစ်တွေ့ရှိပါက ထိုဆုံးဖြတ်ချက်ကို ဥပဒေနှင့် ညီညွတ်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်။” သုံးသပ်ထားရာ လယ်စီအဆင့်ဆင့်၏ မြေယာအငြင်းပွားမှုနှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများကို ဆုံးခန်းတိုင်ရောက်သည့် ဆုံးဖြတ်ချက် ပေးနိုင်သည့် စီရင်ပိုင်ခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်သည့် လယ်စီအဆင့်ဆင့် နှင့် သဘောသဘာဝ မတူညီကြောင်း တွေ့ရသည်။
 ၁၉၇၃ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင်ဆိုရေး ဥပဒေ ပုဒ်မ ၅(က)၊(၁၄)တွင် “ တရားရုံးဆိုသော စကားရပ်တွင် တရားရုံး အဖွဲ့အစည်း၊တရားသူကြီးအဖွဲ့၊တရားစီရင်ရေးအဖွဲ့အပြင် တရားစီရင်ခွင့်ရှိသော အဖွဲ့တစ်ရပ်ရပ်၊ သို့မဟုတ် အာဏာပိုင် တစ်ဦးဦးလည်း ပါဝင်သည်” ဟု ပြဌာန်းချက်အရ လယ်စီအဆင်ဆင့်သည့် တရားစီရင်ခွင့်ရှိသော အဖွဲ့အစည်းဖြစ်သည်ဟုလည်း ကောက်ချက်ယူနိုင်သည်။  သိုဖြစ်ရာ လယ်စီအဆင့်ဆင့်သည် တရားစီရင်ခွင့် ရှိသော အဖွဲ့အစည်း ဟုတ်၊မဟုတ် အဓိပ္ပါယ် ကောက်ယူရန် မည်သည့် အချက်တို့အပေါ်တွင် အခြေပြုစဉ်းစားရမည်ဆိုသည့် မေးခွန်း ဖြစ်သည်။ 
 မည်သည်အတွက်ကြောင့် ယခု ပြဿနာမှာ အရေးယူ စဉ်းစားရလောက်သည်ဆိုသည်မှာ လယ်စီဆင့်ဆင့်ထံ သက်သေအဖြစ် အစစ်ခံခြင်း ၊ သက်သေခံ စာရွက်စာတမ်း အတုများဖြင့် တင်ပြသည့် ကိစ္စရပ်များတွင် ဆိုပါ သက်သေခံအတု စာရွက်စာတမ်းများတင်ပြသူအား အရေးယူဆောင်ရွက်ရန် ရာကျင့် ၁၉၅ ပါ ပြဌာန်းချက်များကို လိုက်နာ ရမည်ဖြစ်ပြီး ထိုသို့ လိုက်နာခဲ့ခြင်း မရှိပါက ရာကျင့် ၅၃၇ အရ ကုစားနိုင်သော အမှု မဟုတ်သဖြင့် အမှုအား ပျက်ပြယ်စေနိုင်သည့်(ဦးတင်အောင်ပါ၂ နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပါ၂၊၁၉၉၁၊မတစ၊စာ-၂၈)အတွက် တရားစီရင်ရာတွင် ဖြောင့်မှန်စေရန်အတွက် စဉ်းစားသင့်သော ပြဿနာ တစ်ရပ် ဖြစ်ပါသည်။။
ဆရာများ၊ဆွေးနွေးပေးသည့် သူငယ်ချင်းများအား အစဉ်လေးစားလျက်-

Crd
Original Link
https://m.facebook.com/story.php?story_fbid=2199472947011828&id=100008474326282

0 comments:

Post a Comment