မြေယာပြဿနာများစွာအနက် လေ့လာမိသမျှထဲ
အရသာအရှိဆုံး စာချွန်တော် အမှုတစ်ခုကို
ဝေမျှပါအုံးမည်။
စာချွန်တော်၊ သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ ကုစားမှု
(၁) ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားနိုင်သည်။(အခြေခံဥပဒေ ပုဒ်မ၃၇၇)
(၂) အစိုးရစီမံခန့်ခွဲခွင့်ရှိသောမြေ၌ ကျူးကျော် နေထိုင်သူတို့အား လက်ထောက် ကောလိတ္တော်
အရာရှိဖြစ်သူ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားမအကျဉ်းထောင်သို့ ရက်ပေါင်း၃၀ (တစ်လ)
ပို့အပ်စေခဲ့သည့်အတွက် စာချွန်တော် အမိန့်ဖြင့် ပယ်ဖျက်ပေးရန် ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့သော အမှု ဖြစ်သည်။
လျှောက်ထားသူများသည် ကျူးကျော်သူများ ဖြစ်ပြီး လျှောက်ထားခံရသူတို့မှာ မြို့နယ်
အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ထောင်ပိုင်တို့ဖြစ်သည်။
.... မြို့၊ ကရင်မိန်းကလေးများကျောင်း မြေ(ဘုရားကျောင်းမြေ)ဟုဆိုသော မြေကွက်တွင် ယခင်က
ဒေါ်သိန်း (ခ) မဟာသိန်းသည် အိမ်တန်းလျား ဆောက်လုပ်နေထိုင်၍ ဈေးဆိုင်ခန်း ၁၁ ခန်းကို
ငှားရမ်းထားခဲ့သည်။ ဒေါ်သိန်း ကွယ်လွန်သောအခါ ၎င်း၏ မွေးစားသမီးနှင့် ခင်ပွန်းတို့က
ဆက်လက်အငှားချထားသည်။
နှစ်ပေါင်းများစွာ ကျူးကျော်နေထိုင်သူများအား အဆိုပါမြေမှ ဖယ်ရှားထွက်ခွာပေးရန် မြို့နယ်
အုပ်ချုပ်ရေးမှူး (လက်ထောက်ကောလိတ္တော်အရာရှိ)က ခေါ်ယူဆွေးနွေးခဲ့သည်။ နို့တစ်စာများ
ထုတ်ဆင့်ခဲ့သည်။ ကျူးကျော်နေထိုင်သူ ကိုးဦးထွက်ခွာသွားသော်လည်း ဒေါ်မြင့်ရီပါ ၂ ဦး၏
အဆောက်အအုံနှစ်လုံး ကျန်ရစ်ပြီး ဆက်လက်ကျူးကျော်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးက ဥပဒေ
အရာရှိထံ ဥပဒေအကြံပြုချက် တောင်းခံခဲ့သည်။ နို့တစ်စာ နှစ်ကြိမ်ပို့ခဲ့သည့်တိုင် ဖယ်ရှားထွက်ခွာ
မသွားခဲ့သော ဒေါ်မြင့်ရီ ပါ ၂ ဦးကို တရားမထောင်သို့ပို့ရန် ၂၅-၃- ၂၀၁၃ နေ့က ဝရမ်းစာထုတ်ပေး
ခဲ့သည်။ ရဲစခန်းမှူးက အကျဉ်းထောင်သို့ ပို့အပ်ခဲ့သည်။ ထောင် ပိုင်က လက်ခံထိန်းသိမ်းထားခဲ့
သည်။
ဒေါ်မြင့်ရီ ပါ ၂ ဦးကိုအကျဉ်းထောင်သို့ ပို့အပ်ပြီးနောက် ၎င်းတို့နေအိမ်တွင် ဒေါ်တင်နီလာမြင့်၊
ဒေါ်ခင်စောမြိုင်တို့ ဆက်လက်နေထိုင်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးသည် (Land Revenue-3)
လူကိုဖမ်းဆီးရန် ဝရမ်းဖြင့် တရားမ အကျဉ်းထောင်တွင် အချုပ်နှင့်ထားရန် ၂၈-၃-၂၀၁၃ ရက်နေ့က
ထောင်ပိုင်ဝန်ထံသို့ ပို့အပ်ခဲ့သည်။
ဒေါ်မြင့်ရီပါ ၂ ဦးနှင့် မတင်နီလာမြင့်ပါ ၂ ဦးတို့က စာချွန်တော်အမိန့်များထုတ်ပေးရန် ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သို့ အသီးသီး လျှောက်ထားသည်။
၂၅-၃-၂၀၁၃ ရက်နေ့တွင် ဒေါ်မြင့်ရီပါ ၂ ဦး ထံသို့ ရဲစခန်းမှူးရောက်ရှိလာပြီး ရက်ပေါင်း ၃၀ တရားမ
ထောင်ချမှတ်ကြောင်း ပြောဆိုလျက် အကျဉ်းထောင်သို့ ပို့အပ်ကြောင်း၊ ထိုနေ့တွင် နေအိမ်ကို
ဖြိုဖျက်၍ ခြံအပြင်သို့ လွှင့်ပစ်ခြင်း၊ ပစ္စည်းအသုံးအဆောင်များကို ခြံအပြင်၌ စုပုံထားခြင်းပြုလုပ်
ကြောင်း၊ ခြံအတွင်းသို့ ပြန် လည် ဝင်ရောက်ခြင်း မပြုနိုင်ရန် သံဆူးကြိုး ကာရံကြောင်း၊ အချင်းဖြစ်
မြေသည် အစိုးရ မြေဖြစ်သည်ဆိုပါက မြို့နယ်အုပ်ချုပ်ရေးမှူးက နို့တစ်စာပေးပို့ခြင်းမပြုမီ မြေသိမ်း
အက်ဥပဒေအရ ကော်လိတ္တော်
အရာရှိအနေဖြင့် မြေသိမ်း အမိန့်ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊
မြေသိမ်း အမိန့်ထုတ်ခြင်း၊ တရားစွဲဆိုခြင်းမပြုဘဲ၊ လုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်ခဲ့ကြောင်း၊
ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းမဟုတ်သဖြင့် မတရားဖမ်းဆီးချုပ်နှောင်သည်မှာ ထင်ရှားကြောင်း၊
စီရင်ပိုင်ခွင့်အာဏာမရှိဘဲ ထောင်ချခဲ့ခြင်း၊ ထောင်ချဝရမ်းမပါဘဲ ထောင်ပိုင်က လက်ခံခြင်းပြုခဲ့
ကြောင်း၊ အမှုခေါ်စာချွန်တော်နှင့် တားမြစ်စေ စာချွန်တော်အမိန့်များထုတ် ပြန်သင့်ကြောင်း
လျှောက်ထားသူတို့၏ရှေ့နေ က လျှောက်လဲတင်ပြသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကောလိတ္တော်အရာရှိ)က ၁၈၉၈ ခုနှစ် အောက်မြန်မာပြည်မြို့
နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၂၁(၁)အရ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြစ်
ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ဝရမ်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထောင်ပိုင်က အကျဉ်းထောင်
လက်စွဲ ဥပဒေအပိုဒ် ၃၇၈ အရအခွင့်အာဏာပိုင်၏ လက်မှတ်ပါရှိသော ထောင်ချဝရမ်းအရ
အကျဉ်းထောင်တွင် လက်ခံထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ချေပခဲ့သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ သုံးသပ်ချက်ကို အကျဉ်းချုပ်ဖော်ပြပါမည်။
"၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေက ရည်ညွှန်းသော အစိုးရမြေ
(State Land)ဆိုသည်မှာ ယင်းအက် ဥပဒေပုဒ်မ ၄(၁)နှင့်(၂)တွင် ပြဋ္ဌာန်းထားချက်အရ အစိုးရက
အခွန်ကင်းလွတ်ခွင့်ပြုထားသည့် မြေအားလုံးပါဝင်ကြောင်းနှင့် အစိုးရစီမံခန့်ခွဲသည့်မြေ (Land at
the disposal of Government) ဆိုသည်မှာ မည်သူမျှမြေပိုင်မှု အခွင်အရေး ရထိုက်ခွင့်မရှိသည့်
မြေနှင့်အစိုးရ သို့မဟုတ် အစိုးရကိုယ်စား မြေပိုင်မြေငှားအဖြစ် အငှားချထားခြင်းခံရသူတို့နှင့်
သက်ဆိုင်ခြင်းမရှိသည့် မြေတို့ဖြစ်ကြောင်းတွေ့ရသည်။
"ယင်းအက်ဥပဒေပုဒ်မ၂၁(၁)သည် အစိုးရ မြေတွင် (Unauthorized Possession and Use)
တရားမဝင် လက်ဝယ်ထားမှုနှင့်အသုံးပြုမှုနှင့် စပ်လျဉ်း၍ မြေမှနှင်ထုတ်ရန်အတွက် လုပ်ထုံး
လုပ်နည်းဖြစ်သည်။
"ထိုသို့ နှင်ထုတ်ရာတွင် အခွန်တော်အရာရှိ က တရားမဝင်လက်ဝယ်ထားသူနှင့် အသုံးပြုသူကို
သတ်မှတ်ချိန် ကာလအတွင်း ယင်းမြေမှဖယ်ရှားရန် အမိန့်ထုတ်ပြန်ပေးနိုင်သည်။ ပုဒ်မ ၂၁(၂)တွင်
သတ်မှတ်ချိန် ကာလအတွင်း ဖယ်ရှားခြင်းမရှိပါက ဖမ်းဆီးခြင်း၊ ရက်ပေါင်း ၃၀ ထက်မပိုသည့်
တရားမအကျဉ်းထောင် ချမှတ်ခြင်းကို လိုအပ်သည့်အတိုင်း ချမှတ်ရမည် ဖြစ်သည်။
"ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးရုံးက လျှောက်ထားမြေမှာ အေဘီအမ် အမျိုးသမီးကျောင်း
အဆောက်အအုံပိုင်မြေ ဖြစ်ခဲ့ဖူးသော်လည်း ယခုလက်ရှိအခြေအနေအရ ကျောင်းအဆောက်အအုံ
မရှိတော့သဖြင့် ခရစ်ယာန်သာသနာ့မြေနှင့် အကျုံးမဝင်ပါ။ လိုအပ်ပါက အစိုးရမှ အလိုရှိသလို
အသုံးပြုနိုင်ပါသည်။မည်သူတစ်ဦးတစ်ယောက်မှ ပိုင်ရေးပိုင် ခွင့်မရှိသောမြေဖြစ်သဖြင့် အစိုးရ
စီမံခန့်ခွဲ နိုင်သောမြေ (Land at the disposal of Government) ဖြစ်ကြောင်း စိစစ်ပြန်ကြားထား
သည်။
"အချင်းဖြစ်မြေသည် ၁၈၉၈ ခုနှစ် အောက်မြန်မာပြည်မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄(၂)
တွင်ဖော်ပြသည့် အစိုးရက စီမံခန့်ခွဲသည့်မြေဖြစ်ကြောင်း ပေါ်ပေါက်သည်။ ပုဒ်မ ၂၁ သည်
အစိုးရမြေ (State Land) တွင် တရား မဝင်လက်ဝယ်ထားမှု၊ အသုံးပြုမှုနှင့်စပ်လျဉ်း၍ ဥပဒေအရ
နှင်ထုတ်ရန် သတ်မှတ်ပြဋ္ဌာန်းသည့် လုပ်ထုံးလုပ်နည်းဖြစ်သည်။ လျှောက်ထားသူများ ကျူးကျော်
နေထိုင်သည့်မြေမှာ အစိုးရက စီမံခန့်ခွဲသည့်မြေ (Land at the disposal of Government)
ဖြစ်သည့်အတွက် ယင်းအက်ဥပဒေပုဒ်မ၂၁ အရ အရေးယူဆောင်ရွက်ခဲ့ခြင်းမှာ ဥပဒေလုပ်ထုံး
လုပ်နည်းနှင့် မညီပေ။ အချင်းဖြစ်မြေသည် အစိုးရပိုင်မြေ (State Land) ဖြစ်ကြောင်းပေါ်ပေါက်မှု
မရှိဘဲ ယင်း အက်ဥပဒေပုဒ်မ ၂၁ အရ အရေးယူဆောင်ရွက်ပြီး ပုဒ်မ၂၁(၂)အရ ဖမ်းဝရမ်း
ထုတ်ဆင့်၍ ...... မြို့၊ တရားမအကျဉ်းထောင်တွင် ရက် ၃၀ အချုပ်နှင့် ထားရှိစေရန်ချမှတ်သည့်
အမိန့် သည် ဥပဒေအရ မှန်ကန်ခြင်းမရှိပေ။
(၃) ဒေါ်မြင့်ရီပါ ၂ ဦးကတင်သွင်းသည့် ၂၀၁၃ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ်
၁၂၁ တွင် အထက်ပါအကြောင်းများဖြင့် ၎င်းတို့အား တရားမထောင်တွင် ရက်ပေါင်း ၃၀ ကျခံစေ
ခဲ့သည့်အမိန့်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ဖျက်ခဲ့သည်။
မတင်နီလာမြင့်ပါ ၂ ဦးကတင်သွင်းသည့် ၂၀၁၃ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှု အမှတ်
၁၂၀ တွင်မူ "သတ်မှတ်ချိန်ကာလ အတွင်း အစိုးရမြေပေါ်မှ ထွက်ခွာသွားစေရန် အမိန့်ဆင့်စာ
ထုတ်ဆင့်ခဲ့ခြင်းမရှိဘဲ လိုက်နာရန် ပျက်ကွက်သည်ဟုဆိုကာ ဖမ်းဆီးရန်ဝရမ်း ထုတ်ခြင်း၊ တရားမ
အကျဉ်းထောင်တွင် ရက် ပေါင်း ၃၀ အကျဉ်းချထား စေရန် ဝရမ်းထုတ် ဆောင်ရွက်ခဲ့ခြင်းတို့မှာ
သတ်မှတ်သည့်နည်း လမ်းများနှင့် ညီညွတ်ခြင်းမရှိကြောင်း" သုံးသပ်၍ ရက်ပေါင်း ၃၀ တရားမ
ထောင်ချမှတ်သည့်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ဖျက်ခဲ့သည်။
စာချွန်တော်ခရီးကား စခဲ့ပြီဖြစ်သည်။
(၄) ဤစာအစတွင် ကိုးကားခဲ့သော အခြေခံဥပဒေပုဒ်မ ၃၇၇ ပါ 'ဤအခန်း' ဆိုသည်မှာ 'နိုင်ငံသား၊
နိုင်ငံသားများ၏ မူလအခွင့်အရေး နှင့်တာဝန်များ' ဟူသော အခန်းဖြစ်သည်။ နိုင်ငံသားတစ်ဦး၏
အခြေခံဥပဒေပါ အခွင့်အရေးများကို ရယူလိုပါက စာချွန်တော်အမိန့်များ လျှောက်တောင်းခွင့်ရှိ
သည်။
ဘုရင့်ချေးငွေ ပြန်မပေးသည့် သူရဲကောင်း ငါးဦးကို အကြောင်းတစ်စုံတစ်ရာမပြဘဲ ဘုရင့်အမိန့်ဖြင့်
ဖမ်းဆီးချုပ်နှောင် ထားခဲ့သဖြင့် ၎င်းတို့အားလွှတ်ပေးရန် အင်္ဂလန်တရားလွှတ်တော်သို့ ရှေ့တော်
သွင်းစာချွန်တော်အမိန့် လျှောက်တောင်းခဲ့သည့် ၁၆၂၆ ခုနှစ်တွင် စာချွန်တော်ခရီး စခဲ့သည်ဟု
ဆိုသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၂၅ အရ မြန်မာနိုင်ငံ၏စာချွန်တော် ခရီးစခဲ့ပြီး
၁၉၆၂ တွင် နိဋ္ဌိတံခဲ့သည်။
၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် စာချွန်တော် ပြဋ္ဌာန်းချက် မပါရှိခဲ့ ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေ
အသက်ဝင် ပြီးနောက် ပုဒ်မ၂၉၆ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ 'အခွင့် အာဏာ'
အပ်နှင်းသဖြင့် စာချွန်တော်ခရီး ပြန်စခဲ့သည်။
ဒေါ်မြင့်ရီပါ ၂ ဦးအမှု၊ မတင်နီလာမြင့်ပါ ၂ ဦးအမှုတို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယခုတိုင်
အတည်ဖြစ်နေသော (The Lower Burma Town and Village Lands Act, 1898) အရ
သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်က အစိုးရမြေ၊ အစိုးရစီမံ ခန့်ခွဲသောမြေဟူသော သတ်မှတ်ချက်ကို
အလေးထားသုံးသပ်ခဲ့ကြောင်း တွေ့ရပါသည်။
အုပ်ချုပ်ရေးမှူး၏ တရားစီရင်ရေးဆန်သော ဆောင်ရွက်မှုအဖြစ် ဆင်ခြင်သုံးသပ်ပါက တရားမ
အကျဉ်းထောင်သို့ ပို့အပ်ခြင်းခံရမည့်သူအား ဥပဒေနှင့်အညီ ခုခံချေပခွင့်ပေးခဲ့ခြင်း ရှိမရှိ၊
၁၈၉၈ ခုနှစ်က အောက်မြန်မာပြည် အတွက် ပြဋ္ဌာန်းသောဥပဒေနှင့် ယင်းဥပဒေအရ ဆောင်ရွက်မှု
များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်း ရှိမရှိ စသည် တို့ကိုလည်း နောင်သောအခါ
ဝေဖန်စိစစ်ရဦးမည်ဟု ထင်မြင်ယူဆပါသည်။
(၅) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်တစ်နေရာတွင် အောက်ပါအတိုင်း တွေ့ရပါ
သည်။
"လက်အောက် တရားရုံးတစ်ရုံး၏ အမိန့်တစ်ရပ် သို့မဟုတ် တရားစီရင်ရေး သဘောဆန်သော
စီမံခန့်ခွဲရေး အာဏာပိုင်တို့၏ အမိန့်တစ်ရပ်သည် မှားယွင်းပြီး နိုင်ငံသားတစ်ဦး၏ ဥပဒေအရ
အခွင့်အရေးတစ်ရပ်ရပ်ကို ထိပါးစေသည့်အခါ ကုစားရန်အတွက် စာချွန်တော် အမိန့်ထုတ်ဆင့်
ပေးရန် လိုအပ်မည်ဖြစ်သည်"
မည်သို့ဆိုစေ စာချွန်တော်ဆိုသည်မှာ တရားစီရင်ရေးဆိုင်ရာ ကုစားမှုတစ်ရပ်ဖြစ်ပါသည်။
https://myanmar.mmtimes.com/features/9198-2014-02-20-03-56-29.html မှကူးယူတင်ပြသည်။
0 comments:
Post a Comment