#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ကျေးရွာမြေ၊ ပါမစ်မြေ၊ ဂရန်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်အမည်ပေါက်၊ ဂရန်လျှောက်နည်း

Friday, March 27, 2020



 
ကျေးရွာမြေ...။
မြို့နှင့်ကျေးရွာမြေ ပုဒ်မ ၄/၅ အရ မြို့မဟုတ်သည့် အိမ်ရာနေရာဆောက်လုပ်ရန် လျာထား သတ်မှတ်သည့် ဧရိယာနေရာကို ကျေးရွာဟု ခေါ်ပါသည်။ မြို့နှင့်ကျေးရွာမြေ ဥပဒေ ပုဒ်မ ၅ အရ ကျေးရွာတစ်ရွာ၏ နယ်နိမိတ်ကို သတ်မှတ်ပိုင်းခြားရန် နိုင်ငံတော်သမ္မတက "အမိန့်ကြော်ငြာစာ” ထုတ်ပြန်ရမည်ဟု ပါရှိပါသည်။ ဒါကြောင့် ရွာလူကြီးတို့လက်ညှိုးထိုးပြရုံမျှဖြင့် “ရွာမြေတိုးချဲ့ခြင်း" ဖြစ်ပေါ် မလာနိုင်ပါ။
“မြို့နယ် ထွေအုပ်/လယ်စီစာရင်းဌာနကိုသွား၍ မေးမြန်းစုံစမ်းခြင်းဖြင့် အတည်ပြုချက် ရယူသင့်ပါသည်။ တရားဝင် “ကျေးရွာမြေ (သို့) ရွာမြေ" တို့ကို စီမံချက်အရ “ကျေးရွာဂရန်” လျှောက်ထားခွင့် ရှိပါကြပါသည်။
ပါမစ်မြေ...။
နိုင်ငံတော်က ခန့်အပ်သော “အခွန်တော်အရာရှိ” (ခရိုင်အုပ်ချုပ်ရေးမှူး)က ခွင့်ပြုထုတ်ပေးမှသာလျှင် လိုင်စင်/ပါမစ်မြေစသည်တို့ကို သုံးစွဲခွင့်ရရှိပါမည်။ (မြို့ကျေး - ၁၆/ခ) သုံးစွဲခွင့်၊ နေထိုင်ခွင့်ရှိပါသည်။ သို့သော် “ဂရန်မြေ” မဟုတ်သေးပါ။ “ဂရန်မြေ” ဖြစ်ရန် ဆက်လက် လျှောက်ထားရပါဦးမည်။ လိုင်စင်/ပါမစ်မြေတို့တွင်လည်း သက်တမ်းရှိကြပါသည်။ သက်တမ်းမကုန်မီ ဂရန်လျှောက်ထားနိုင်ပါသည်။ သက်တမ်းကုန်ဆုံးလျှင် ပြန်လည်အပ်နှံရမည်ဟူသော ကန့်သတ်ချက်ရှိပါသည်။ ပါမစ်မြေ ခွင့်ပြုချထားသည့် စာရွက်တွင် အရောင်းအဝယ် မပြုလုပ်ရဟုရေးသား ထားပါသည်။ အရောင်းအဝယ် ပြုလုပ်နေကြသည်ကိုလည်း တွေ့ဖူးပါသည်။ ရောင်း/ဝယ်လျှင် အခွန်အခမည်သို့ ဆောင်ရမည်ဟုဖော်ပြထားသည်များလည်း ရှိတတ်ပါသည်။
ဂရန်မြေ...။
လူနေထိုင်ရန်အတွက် “မြေ”ကို အစိုးရက “ငှားရမ်း” လျှင် “ဂရန်မြေ” ကိုရပါမည်။ အမွေပေးပိုင်ခွင့်ရှိသော “သုံးစွဲခွင့်၊ နေထိုင်ခွင့်” ကိုရပါသည်။ ၄င်းကို မြေပိုင်ရှင်အခွင့်အရေး (သို့) Land holder’s rights (သို့) လက်ဝယ် ထားပိုင်ခွင့် ဟုခေါ်ဆိုကြပါသည်။ နှစ်(၃၀) ၊ နှစ် (၆၀) မြေငှားစာချုပ် စသည့်ဖြင့် သက်တမ်းသတ်မှတ်၍ ငှားပေးပါသည်။ အစိုးရကလွဲပြီး အခြားမည်သူကမှ ထိုကဲ့သို့ ဂရန်ချထားပေးပိုင်ခွင့်မရှိပါ။ “ဂရန်မြေ” ရရှိသူသည် “ဂရန်စာချုပ်” ပါစည်းကမ်းများအတိုင်း နေထိုင်ရပါသည်။ သက်တမ်းမကုန်မှီ (၃)လအလိုမှစ၍ သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ လူနေရန်အတွက် မြေတစ်ကွက်၏ တန်ဖိုးကို “ဂရန်” ရနိုင်မည် / မရနိုင်ဟူသော အချက်ဖြင့် ဆုံးဖြတ်ရပါသည်။ ဂရန်မြေကွက်ကို ရောင်း/ဝယ်လျှင် မှတ်ပုံတင်စာချုပ်ဖြင့် ပြုလုပ်မှသာ တရားဝင်ပါသည်။ ဂရန်မြေ ကိုငှားရမ်းနိုင်ခွင့် နှင့် ဘဏ်တွင် ပေါင်နှံခွင့်တို့လည်း ရှိပါသည်။
ဘိုးဘပိုင်မြေ...။
ဘိုးဘွားမိဘ လက်ထက်မှစ၍ ဓားမဦးချပိုင်ဆိုင်လာသော မစိုက်ပျိုးသည့် မြေကို “ဘိုးဘပိုင်မြေ” ဟုခေါ်ဆိုပါသည်။ (၉၂၉၊ ၁၈၉၉) စနစ်တကျ မြို့မြေကွက်များ ဖော်ထုတ်ရောင်းချခဲ့စဉ်က “ဝယ်ယူ” ပိုင်ဆိုင် ခဲ့ကြသောမြေတို့ကို “မြေပိုင်မြေ” ဟုခေါ်ပါသည်။ “လက်ဝယ်ထားပိုင်ခွင့်” (Land holder’s rights) ရှိကြပါသည်။ မြို့နှင့်ကျေးရွာမြေ ဥပဒေ ၁၆(က) အရ ယခုအခါတွင် “မြေ” ကိုနိုင်ငံတော်က “ဂရန်စာချုပ်” ဖြင့် အငှားချထားမှသာလျှင်“လက်ဝယ်ထားပိုင်ခွင့်” ကိုရကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၇အရနိုင်ငံတော်သည် မြေအားလုံးတို့၏ ပင်ရင်းပိုင်ရှင်ဖြစ်ပါသည်။ လက်တွေ့တွင် “ဘိုးဘပိုင်”မြေကို ရောင်း၊ ဝယ်၊ ခွဲစိပ်၊ တိုက်ဆောက်လိုလျှင် “ဂရန်မြေ” လုပ်ထုံး လုပ်နည်းများအတိုင်းပင် ဆောင်ရွက်ကြရပါသည်။
ဂရန်လောင်းများ...။
ပိုင်ဆိုင်သူက လျှောက်ထားခဲ့လျှင် “ဂရန်” ရနိုင်မည့်မြေများကို ဂရန်လောင်းများဟုခေါ်ပါသည်ည်။ အခွန်တော် အရာရှိက ခွင့်ပြုထုတ်ပေးထားသော ပါမစ်၊ လိုင်စင်၊ စလစ် စသည့်မြေများ။ “ဂရန်မြေ မှသက်တမ်းလွန်နေခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့်ဖြစ်လာရသည့် “စကွာတာမြေ"များ။ စနစ်တကျ မြို့ကွက်ဖော်ထားသည့် မြို့ကွက်အတွင်း ကျူးလွန်သုံးစွဲထားကြသည့် စနစ်တကျ ကျူးကျော်မြေများ၊ လယ်ယာမြေမှ အခြားနည်းသုံးခွင့် ရရှိထားပြီဖြစ်သည်ည့်မြေများ။ လယ်ယာမြေတွင် အကျုံးမဝင်သော လက်မှတ်ရှိ မြေများ။ သမ္မတ၏အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်သော “ရွာမြေများ" သည် “ဂရန်လျှောက်ထားခွင့်" ရှိကြပါသည်။
ဂရန်အသစ်လျှောက်ထားနည်း...။
လျှောက်ထားလိုသူသည်
* မြန်မာ(သို့) ဧည့်နိုင်ငံသားဖြစ်ရပါမည်။
* (၁၈) နှစ်ပြည့်ပြီးစိတ်ပေါ့သွပ်သူမဖြစ်ရပါ။
* မြေကိုပိုင်ဆိုင်သည့်စာချုပ်စာတမ်း တင်ပြနိုင်ရပါမည်။
* “မြေခွန်” ကြွေးကျန်ကင်းရှင်းရပါမည်။
* ဂရန်မြေအဖြစ် “ငှားရမ်းခ”ကို ပေးဆောင်နိုင်သူဖြစ်ရပါမည်။
* မိမိပိုင်ဆိုင်သော“မြေ သည်လူနေခွင့်ရှိသည့်မြေဖြစ်ရမည်။ (ဥပမာ၊ လယ်ယာမြေမဖြစ်ရ)
- နိုင်ငံတော်မှအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီး ဖြစ်သောရွာမြေ (သို့)
- လယ်ယာမြေမှ “အခြားနည်းသုံးစွဲခွင့် ရရှိပြီးသောမြေ (သို့)
- စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ (သို့)
- စည်ပင်သာယာရေးကော်မတီ အမည်ပေါက်ရရှိပြီးသောမြေ (သို့)
- စည်းကမ်းဖြင့်ယာယီသုံးစွဲခွင့်ရသော “လိုင်စင်မြေ" (သို့)
- စည်းကမ်းဖြင့်ဆောက်လုပ်နေထိုင်ခွင့်ရသော “ ပါမစ်မြေ" (သို့)
- ဂရန်သက်တမ်းကုန်/ စည်းကမ်းဖောက်ခဲ့သည့် “စကွာတာမြေ" (သို့)
- လူနေရပ်ကွက်အတွင်း “စနစ်တကျကျူးလွန်ခြင်းမြေ" (သို့)
- ဂရန်ချထားပေးရန် “စီမံချက်ရှိပြီးမြေ” တို့အနက် တစ်ခုခုဖြစ်ရပါမည်။
ဂရန်မြေအရေးကြီးပုံ...။
ကိုယ်နေဖို့“မြေ ဝယ်မယ်ဆိုလျှင်“ဂရန်” ရှိပြီးသားမြေကိုသာဝယ်ပါ။ (သို့) “ဂရန်” လျှောက်ထားလို့ ရနိုင်မည့် မြေမျိုးကိုဝယ်ပါ။ဥပမာ“ပါမစ်မြေ"။ “ဂရန်” ရှိသောမြေကိုပိုင်ဆိုင်မှသာလျှင် “၆ထပ်ခွဲ” နှင့်အထက်မြင့်သော တိုက်တို့ကို ဆောက်လုပ်ခွင့်ရကြမှာပါ။ တိုက်ခန်းဝယ်ပြီး နေလျှင်လည်း ထိုတိုက်ခန်းတည်ရှိတဲ့ “မြေ” ကို ပိုင်တဲ့ “ဂရန်ပိုင်ရှင်” လက်မှတ်ရဘို့က အရေးအကြီးဆုံးပါ။ သင်ရဲ့မြေကွက်က “ဂရန်အမည်ပေါက်” ဆိုရင် ဘဏ်မှာ ပေါင်နှံခွင့်ရှိပါတယ်။ ဂရန်မြေကိုဝယ်လျှင်တော့ မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ဝယ်မှသာ တရားဝင် အမည်ပေါက် ပိုင်ဆိုင်မှာပါ။

“ဂရန်အမည်ပေါက်”မြေ
၁။ ဂရန်စာချုပ်ပျောက်လျှင်
၂။ ပျက်စီးခဲ့လျှင်
၃။ သက်တမ်းကုန်လျှင် ပြန်လည်လျှောက်ထားရယူနိုင်ပါသည်။
၄။ ဂရန် သက်တမ်းမကုန်ဆုံးသေးတဲ့ သင့်မြေကွက်ကို ဂရန်ခွဲစိပ်လိုလျှင် အနည်းဆုံး ၂၀ ပေ x ၆၀ ပေခွဲရပါမည်။ အနည်းဆုံး ၂၀ ပေ × ၆၀ ပေကျန်ခဲ့ပါမည်။ တရားဝင် ခွဲရောင်းလို့လဲရတယ်လို့ ဆိုလိုခြင်းဖြစ်ပါသည်။
ဂရန်မြေ၏ ပိုင်ရှင် “မရှိ”လဲ မှတ်ပုံတင်နိုင်ပါသည်။ “မရှိသူ”ကို တရားစွဲပါမည်။ ပစ္စည်းလွှဲ - ၅၅(၁) (ဃ) အရ မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် “မရှိသူ”ကိုတရားစွဲပါမည်။ “မရှိသူ”မလာတော့ကိုယ်နိုင်ပြီဖြစ်လာပါသည်၊ တစ်ဖက်သတ် စစ်ဆေးခြင်း (Exparty)ဟုလည်းခေါ်ပါသည်။ အနိုင်ဒီကရီသည် ”စာရွက်”သာ ဖြစ်နေပါသည်။ “စာရွက်” သည် အလုပ်မလုပ်နိုင်ပါ၊ “လူ” ဖြစ်လာဖို့လိုပါသည်။ ထို့ကြောင့် “ဇာရီမှု” ဖွင့်မှ “လူ” ဖြစ်လာပါမည်။ ထိုသို့ဖွင့်လိုက်သော “ဇာရီမူ” အရ “တရားရှုံး၊ ဂရန်ပိုင်ရှင်” ကိုယ်စား လူ (၁)ဦး ခန့်ခွင့်ရပါပြီ။ “မရှိသူ” ကိုယ်စား ဘိလစ်စာရေးကြီးကို ခန့်ထားပါသည်။ တရားရုံးမှ “ဘိလစ်စာရေးကြီး” အား ခန့်လေ့ ရှိကြသောကြောင့် ဖြစ်ပါသည်။ “ဂရန်ပိုင်ရှင်” အစားရလာပါပြီ။ ဘိလစ် စာရေးကြီးက အကုန်လုပ်ရပါတော့မည်၊ “မရှိသူ” ဂရန်ပိုင်ရှင်ကိုယ်စား ”ဘိလစ်စာရေးကြီး” ကမြေပုံထုတ်ခြင်း၊ ရာဖြတ်တင်ခြင်းမှစ၍ လိုအပ်သည်များကိုဆောင်ရွက်နိုင်ပြီး နောက်ဆုံးတွင်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် “မရှိသူ” ဂရန်ပိုင်ရှင် (ကိုယ်စား) လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို ပေးပါလိမ့်မည်။ ဤတွင်လုပ်ငန်းပြီးပါသည်။
Credit... ကြည်စိုး IC ပို့ချချက်များမှ ရယူပြင်ဆင်ရေးသားပါသည် MMH။

0 comments:

Post a Comment