#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေသိမ်းဆည်း ခံရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် မြေစစ်​ဗဟိုကော်မတီ၏ ညွှန်ကြားချက်များ

Friday, March 27, 2020

မြေသိမ်းဆည်း ခံရမှုများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် မြေစစ်​ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအနှစ်ချုပ်

(က) လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သော မြေစစ်ကော်မတီ အဆင့်ဆင့်၏ စိစစ်တွေ့ရှိချက်၊ သဘောထားမှတ်ချက်များအပေါ် အခြေခံပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများက မှန်မှန်ကန်ကန်ဆောင်ရွက်ပေးရန်။
(ခ) စွန့်လွှတ်မြေများကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မူလပိုင်ရှင်များထံ အမြန်ဆုံး အပ်နှံသွားရန်နှင့် မစွန့်လွှတ်ရသေးသည့် သိမ်းဆည်းမြေများအပေါ် ကော်မတီအဆင့်ဆင့်က ထိထိရောက်ရောက် အမြန်ဆုံး စိစစ်ပေးရန်။

(ဂ) ဗဟိုကော်မတီဝင်များနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ဥက္ကဋ္ဌများ ဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်များက လိုအပ်သည်ထက် အချိန်ဆွဲ ဖြေရှင်းခြင်းမပြုကြဘဲ အမြန်ဆုံးပြီးစီးအောင် အားသွန် ခွန်စိုက် စီမံခန့်ခွဲဆောင်ရွက်ပေးရန်။
(ဃ) သိမ်းဆည်းမြေများကို သက်ဆိုင်ရာကော်မတီအသီးသီးက ပြန်လည်စိစစ်ရာမှာ အဆင်ပြေချောမွေ့မှု မရှိစေရန် အဟန့် အတားဖြစ်စေသည့်၊ စွန့်လွှတ်မြေများအား အပ်နှံပေးရန် အနှောင့်အယှက်ဖြစ်စေသည့်၊ စွန့်လွှတ်ပြီးမြေများအား အပ်နှံပြီးသော်လည်း ယာယီလွှဲပြောင်းပေးရန် အခက်အခဲလုပ်နေသည့်၊ အသုံးချပိုင်ခွင့် အမည်ပေါက်ရရှိစေရန် အကျပ်အတည်းဖြစ်စေသည့် သက်ဆိုင်ရာဝန်ထမ်းများကိုလည်း လိုအပ်သလို အရေးယူရန်။
(င) စွန့်လွှတ်မြေများပေါ်တွင် ကျူးကျော်ဝင်ရောက်နေမှုအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ရှင်းလင်းပေးရန်။
(စ) လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရသူများမှာ တရားစွဲဆိုခံနေရခြင်း၊ မြေရရှိထားသည့် လုပ်ငန်းရှင်များကလည်းပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် တင်သွင်းသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရများက တရားပြိုင်အဖြစ် ချေပနေရခြင်းများရှိလာပါ၍ နိုင်ငံတော်၏ မူဝါဒနှင့်အညီ အမြန်ဆုံး စိစစ်ရန်။
(ဆ) တိုင်းဒေသကြီး ပြည်နယ်များသို့တိုက်ရိုက် တိုင်ကြားစာများအပေါ် ဆောင်ရွက်မှုအလွန်အားနည်းနေသည်။
(ဇ) အသုံးပြုရန် လိုအပ်ချက်အရ မစွန့်လွှတ်သည့်ကိစ္စအား အထူးသတိထားရပါမည်။
(စျ) အနာဂတ်တွင် သုံးရန် ရည်ရွယ်ချက်ဖြင့် ယူထားပိုင်ခွင့်မရှိပါ။
(ည) မူလက သဘောတူထားသည့်အတိုင်းသာသုံးမှ၊ သတ်မှတ်ချိန်အတွင်း သုံးသည်လည်းဖြစ်မှ ဆက်လက် ယူထားနိုင်ပါသည်။
(ဋ) လျော်ကြေး၊ နစ်နာကြေးပေးပြီးဖြစ်သော သိမ်းဆည်းမြေယာများ၊ ပိုင်ဆိုင်မှုတိကျမှန်ကန်စွာ မဖော်ပြနိုင်သည့် သိမ်းဆည်းမြေယာများ၊ တရားရုံး အမှုရှုံးမြေယာများကို တိကျစွာ မှတ်တမ်းတင်ထားရှိပြီး အမှုပိတ်သိမ်းပြီးဖြစ်သော မြေယာကိစ္စများကို ထပ်မံ တိုင်ကြားလာပါက အရေးယူဆောင်ရွက်ခြင်းမပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်း ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များသို့ ပွင့်လင်းမြင်သာစွာ အသိပေးဆောင်ရွက်ရန်။
(ဌ) ဌာနမှ စွန့်လွှတ်ပြီးသော မြေနေရာများ၊ မစွန့်လွှတ်နိုင်သည့် မြေနေရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးအသီးသီးတွင် ကြေညာချက်ထုတ်ပြန်၍ ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာအသိပေးဆောင်ရွက်ရန်။
(ဍ) အမှုတွဲ တစ်ခုစစ်ဆေးရာတွင် သုံးလအတွင်း အပြီးဆောင်ရွက်ရန်။
(ဎ) စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့်စပ်လျဉ်း၍ စိစစ်တင်ပြရာတွင် အောက်ဖော်ပြပါ အထောက်အထား မိတ္တူများ ပူးတွဲတင်ပြရန် -
(၁) လျော်ကြေးငွေပေးအပ်ခဲ့သည့်အထောက်အထား။
(၂) သက်ဆိုင်ရာမှခွင့်ပြုခဲ့သည့် မြေပေးမိန့်။
(၃) စွန့်လွှတ်နိုင်ခြင်းမရှိသည့် မြေဧရိယာနှင့် ဆက်စပ်ဧရိယာပြ မြေပုံ။
(ဏ) ၁၉၈၈ ခုနှစ်နောက်ပိုင်း မြေသိမ်းဆည်းမှုကိုသာ စိစစ်ဖြေရှင်းဆောင်ရွက်ရန်ဟု မူဝါဒချမှတ်ထားသည်ဖြစ်ရာ အဆိုပါမူဝါဒ မထုတ်ပြန်ခင် ၁၉၈၈ ခုနှစ်မတိုင်မီ ကိစ္စရပ်များကို သီးခြားကိစ္စရပ်အနေဖြင့် စိစစ်ဆောင်ရွက်ပေးရန်။
ညွှန်ကြားချက်များ ပူးတွဲ တင်ပြလိုက်ပါသည်။
Crd: ဆရာ မျိုမင်းထွန်း









0 comments:

Post a Comment