ရန်ကုန်တိုင်းအစိုးရ မလိမ့်တစ်ပတ်လုပ်၍ သိမ်းဆည်းမြေများ ပြန်မပေးမှု၊ လျှော်ကြေးပေးရန်ကြိုးပမ်းမှု လွှတ်တော်တွင် ဘူးပေါ်သလို ပေါ်လာ
ရန်ကုန်၊ နိုဝင်ဘာ ၁၉
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းအစိုးရသည် ပြည်ထောင်စုအစိုးရကို မလိမ့်တစ်ပတ်လုပ်၍ ယခင်သိမ်းဆည်းမြေများကို မူလပိုင်ရှင်များထံ ပြန်မပေးဘဲ လျှော်ကြေးပေးရန် ကြိုးစားနေမှုများသည် နိုဝင်ဘာလ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်
ဘူးပေါ်သလို ပေါ်လွင်ထင်ရှားလာကြောင်း NLD အမတ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဘူးပေါ်သလို ပေါ်လွင်ထင်ရှားလာကြောင်း NLD အမတ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နိုဝင်ဘာ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးပါတီမှ မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က တပ်မတော်အစိုးရလက်ထက် ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေယာများ အနက် ယခုအချိန်ထိ မူလပိုင်ရှင်များသို့ ပြန်လည် အပ်နှံပြီးသည့် မြေဧကများကို ရှင်းလင်း ပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့် မြေယာများကို မူလပိုင်ရှင်များသို့သာ တိုက်ရိုက် အပ်နှံရန် တာဝန်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာဌာနများက ပြန်လည်အပ်နှံသည့် မြေယာများကို မူလပိုင်ရှင်များသို့ တိုက်ရိုက်အပ်နှံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်း အကျိုးပြုလုပ်ငန်းများ အသုံးပြုရန် တင်ပြဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်း ဖြေကြားပေးရန် မေးမြန်းသည်။
ပြည်ထောင်အစိုးရ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ရာ စီမံကိန်းများ၊ မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများ၊ ငါး၊ ပုစွန်မွေးမြူရေးဇုန်များ ဆောင်ရွက်လျက်ရှိရာ ယခင်က မြေသိမ်းဆည်းခဲ့ခြင်းမဟုတ်ဘဲ ၎င်းမြေနေရာတွင် မြေသိမ်း ကိစ္စများကို ယခုမှ စတင်ဆောင်ရွက်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများနှင့်ညှိနှိုင်းပြီး တောင်သူများ ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော်စီမံကိန်းမြေအဖြစ် ၈၀ ရာခိုင်နှုန်း သဘောတူသည့် လယ်ယာမြေများကိုသာ ညှိနှိုင်းဆောင်ရွက်ပြီး သဘောတူညီချက်မရရှိပါက ဆောင်ရွက်ခြင်း မရှိဘဲ ထားရှိကြောင်း ပြန်လည်ဖြေကြားသည်။
ယခင်သိမ်းဆည်းမြေများအပေါ် စိစစ်ပြီး မူလတောင်သူများ မြေပြန်လည်ပေးအပ် သည့်ကိစ္စများတွင် သိမ်းဆည်းမြေယာများ၏ ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းများ၊ အကျိုးပြုလုပ်ငန်းများအတွက် အသုံးပြုရန် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းမရှိပါကြောင်း ဒုဝန်ကြီးဦးတင်မြင့်က ပြန်လည်ဖြေကြားခဲ့သည်။
"ဒီနေရာမှာ ပေါ်လွင်လာတာက မင်္ဂလာဒုံအပါအဝင် ရန်ကုန်တိုင်း၊ အခြားပြည်နယ်နှင့် တိုင်းများတွင် သိမ်းဆည်းခံမြေများအတွက် နိုင်ငံတော်အစိုးရ၏ ယခင်မူဝါဒများ အပြောင်းအလဲ မရှိဘူးဆိုတာ ပေါ်လွင်တယ်။ ခေတ်အဆက်ဆက်က သိမ်းဆည်းထားသည့် မြေများကို မူလပိုင်ရှင်သို့ (မြေအလွတ်ကျန်ပါက) မြေအတိုင်းအတာရှိသရွှေ့ ပြန်လည်ပေးအပ်ရမယ်ဆိုတာ သိသာတယ်။ မြေပိုင်ရှင် (၂၀) ရာခိုင်နှုန်း အစိုးရ (၈၀) ရာခိုင်နှုန်း ဆိုသည်မှာ ယခင်က သိမ်းဆည်းခံထားရသည့် မြေများအတွက် မဟုတ်ဘဲ နောက်လာမည့် စီမံကိန်းအသစ်များအတွက် (သိမ်းဆည်းခံ မဟုတ်သည့် မြေများတွင်) (မြေပိုင်ရှင်သဘောတူပါက) ဆောင်ရွက်နိုင်သည်ဟု ပြည်ထောင်စု အစိုးရက မူအားဖြင့် သဘောတူခဲ့ခြင်းသာဖြစ်တယ်" ဟု NLD ပါတီမှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယခင်သိမ်းဆည်းမြေများကို ရန်ကုန်တိုင်းအစိုးရ စီမံကိန်းများအတွက် လျှော်ကြေးပေးမည်ဟု ပြောဆိုနေခြင်းသည် နိုင်ငံတော်မူဝါဒမဟုတ်ဘဲ မြေပိုင်ရှင် သဘောတူညီချက်မရှိလျှင် မည်သည့်စီမံကိန်းမျှ ဆောင်ရွက်ခွင့်မရှိဆိုသော ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ဆိုသည်။
"၂၀၁၈ ခုနှစ်တုန်းက မင်္ဂလာဒုံ စမ်းကြီးဝကွင်းမှာရှိတဲ့ ယခင်သိမ်းဆည်းမြေတွေကို မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ရန်ကုန်တိုင်းအစိုးရက သိမ်းလိုက်ပြီဆိုပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ မြေသိမ်းခံ လယ်သမားတွေကို ခေါ်ပြောတယ်။ တိုင်းအစိုးရဘက်က မြေသိမ်းခံ လယ်သမားတွေက လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ လျှော်ကြေးပဲ ပေးတော့မယ်ဆိုပြီး ပြောသွားတာ ရှိတယ်။ ကျနော်တို့လည်း ပထမတုန်းက ထင်တာက ပြည်ထောင်စုအစိုးရက သိမ်းတာ သဘောတူလို့လားပေါ့။ အခုတော့ သိသာသွားပြီ။ ပြည်ထောင်စုအစိုးရကို မလိမ့်တစ်ပတ် လုပ်သလိုဖြစ်နေတယ်" ဟု ဦးအောင်လှိုင်ဝင်းက ဆက်လက်ပြောဆိုသည်။
တပ်မတော်က ပြန်လည် စွန့်လွှတ်ထားသည့် မင်္ဂလာဒုံစမ်းကြီးဝ ကွင်းမှ ဧက ၁၀၀၀ နီးပါးခန့်ကို ရန်ကုန်တိုင်းအစိုးရက ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး မလိမ့်တစ်ပတ်လုပ်ထားမှုကို မြေသိမ်းခံ တောင်သူလယ်သမားများ နိုင်ငံတော်သမ္မတထံ တိုင်ကြားကြရန် တိုင်ကြားမှုများကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ဆိုသည်။
" မင်္ဂလာဒုံ စမ်းကြီးဝကွင်းအား နိုင်ငံတော်မှ သိမ်းယူလိုက်ပြီ ဖြစ်၍ (လက်ခံချင် လက်မခံချင်) လျှော်ကြေးသာ ပေးတော့မည်။ စမ်းကြီးဝကွင်း၏ (၈၀) ရာခိုင်နှုန်းအား ရန်ကုန်တိုင်း အစိုးရအား ပေးအပ်ရမည်ဆိုသော ခြိမ်းခြောက်ပြောဆိုမှုများသည် နိုင်ငံတော်အစိုးရ၏ မြေယာမူဝါဒကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ခြင်း ဖြစ်သည်။ မြေယာမှုခင်းဖွင့်ကာ စိစစ်ပြီးဖြစ်သော မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ကွင်းနှင့် စမ်းကြီးဝကွင်းရှိ မြေအလွတ်များအား (၃) နှစ်ကျော်ကြာမြင့်သည့် ယနေ့အချိန်ထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြန်လည်ပေးအပ်ခြင်း မရှိဘဲ အချိန်ကြန့်ကြာအောင် လုပ်ဆောင်နေပါတယ်" ဟု ဦးအောင်လှိုင်ဝင်းက ဆိုသည်။
NLD ပါတီမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းကမူ သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရန်ကုန်တိုင်းအစိုးရသည် ငွေပင်လယ် Dry Port စီမံကိန်းလုပ်ဆောင်ရန် တောင်သူများ၏ သဘောတူညီချက် ဆန္ဒရယူခြင်းမရှိသည့်ဖြစ်စဉ်များကို အသေးစိတ် ရေးသားထားသည်။
"ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဒုတိယ ဝန်ကြီးဦးတင်မြင့်ရဲ့ဖြေဆိုချက်ဟာ မှားနေပါတယ်။တောင်သူများ သဘောတူညီမှု့မရှိရင် ဆောင်ရွက်ချက်မရှိပဲ ထားရှိပြီး သိမ်းဆည်းမြေများ၏ ၈၀ရာခိုင်နှုန်းကိုနိုင်ငံတော်စီမံကိန်းများ အကျိုးပြုလုပ်ငန်းများအတွက်အသုံးပြုရန် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း မရှိဘူးဆိုတာ ပါ။ ရန်ကုန်တိုင်းအစိုးရဟာ ငွေပင်လယ် dry port စီမံကိန်းလုပ်ဆောင်ဖို့ တောင်သူတွေရဲ့မြေ ဧက ၁၄၀ ကျော်ကို သိမ်းဖို့ လုပ်ပါတယ်။ ၂၀ ၊ ၈၀ အချိုးပေါ့။ ဒါကိုတောင်သူတွေက သဘောမတူပါဘူး။ အဲ့ဒီတော့ ဘာလုပ်သလဲ။ ပုံစံ ၇ ထွက်ပြီးသားမြေဧက ၁၀၀ ကို သိမ်းတော့ ပိုင်ရှင်ကသဘောမတူတော့ ဒီပုံစံ ၇ ဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ နည်းမှန်လမ်းမှန်နဲ့ ရခဲ့တဲ့ ပုံစံ ၇ ဟုတ်ရဲ့လားဆိုပြီး သူ့ရဲ့ မြေစစ်ကော်မတီတွေကို အဆင့်ဆင့်စစ်ခိုင်းပြန်ပါတယ်။မြေစစ်ကလည်း စစ်ပြီးတော့ နည်းလမ်းမှန်ပါတယ်ဆိုတော့ သူဒုက္ခရောက်နေကော ။နောက်ထပ် တဆက်စပ်တည်း သိမ်းမယ့် မြေတွေကိုလည်းပိုင်ရှင်တွေက သဘောမတူတော့ သူတို့လုပ်ငန်းတွေအတွက် တစ်နှစ်တစ်ခါ သက်တမ်းတိုးရ တဲ့ စည်ပင်မှာ သက်တမ်းတိုးခွင့်ပိတ်ပြီး လုပ်ကိုင်စားလို့မရအောင် ညစ်ထားပါလေကော။ ဒါက ၂၀၊ ၈၀ ကို သဘောမတူရင် ဘောင်ထဲကနေ ညစ်တဲ့ အကွက်များပေါ့။ ဒါက ကျမ ဥပမာ ၁ခုပဲပြရပါသေးတယ်။ ကျမတို့ကော်မတီက မြေပြင်ကွင်းဆင်းစစ်တယ်။အဆင့်ဆင့် စာတင်ပြတယ်တောင်သူတွေအတွက်ဘာမှမထူးလာဘူး" ဟု ဒေါ်စန္ဒာမင်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ရန်ကုန်တိုင်းအစိုးရ၏ သဘောထားသိရှိရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိပေ။
Photo Credit - YGN GOV
0 comments:
Post a Comment