#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ပွဲဆူနေတဲ့ မြေအပ်ဝရမ်းမှ မြေခွန်ပြေစာများ ကိစ္စ

Friday, March 27, 2020

ပွဲဆူနေတဲ့ မြေအပ်ဝရမ်းမှ မြေခွန်ပြေစာများ ကိစ္စ


ပွဲဆူနေတဲ့ မြေအပ်ဝရမ်းမှ မြေခွန်ပြေစာများ ကိစ္စကို ထောက်ပြခြင် ပါတယ်။ မြေခွန်ပြေစာကို အဓိက တာဝန်ယူ ဆောင်ရွက်ရတဲ့ ထွေအုပ်နဲ့ မြေစာရင်း ဝန်ထမ်းများကို ပြည်သူများနဲ့ ပြဿနာတွေက ထောက်ပြ သတိပေးနေပါပြီ။ သတိထားပြုပြင် ဆင်ခြင်နိုင်ကြဖို့ပါ။ သတိပေးမယ်
ဆိုလည်း ပေးသင့်ပါတယ်၊ မြေခွန်ပြေ စာတွေ ပေးချင်သလိုပေး ယူချင်သလိုယူ နေကြတော့လည်း ပြဿနာဖြစ်တာ၊ ပြောဆိုတာ နည်းတောင်နည်းသေးတယ် ပြောရမှာပါပဲ၊ မြေခွန်ပြေစာနဲ့ ပတ်သက်လို့ မြို့မြေခွန်မှာ ဂရန်ချပေးတဲ့အချိန် မြေခွန်တစ်ပါတည်း ဆောင်ပြီးသားကို အဲဒီဘဏ္ဍာနှစ် အတွက်ပဲ ထပ်ပြီး မြေခွန်ပြေစာထုတ် မြေခွန်ကောက်နေတာတွေ၊ ပြည်သူက ဘဏ္ဍာနှစ် တစ်နှစ်ထဲမှာ မြေခွန် နှစ်ခါဆောင်နေရ၊ မသိသူတွေ ဆောင်ကြပြီး သိသူတွေက ရုံးလာ ပြောကြတာ၊ အရင်ထဲက မြေဂရန်ကျပြီး နေပေမဲ့ I.A မှတ်တမ်းတွေမှာ မြေခွန်နှုန်း ဘယ်လောက်ဆိုတာ မရှိတာ၊ ခုချိန်ထိ အဲဒီမြေကို မြေခွန်ထုတ် မစည်းကြပ် သေးတာ၊ နှစ်စဉ် တောင်သူတွေကို လယ်ယာမြေ မြေခွန်ပြေစာ ထုတ်ပေး ရာမှာ ဘယ်အမိန့် ခွင့်ပြုချက်မှ မရှိပဲ နှစ်အလိုက် ဧကမတူ၊ မြေအမျိုးအစား မတူတော့တာ၊ ခရိုင် မြို့နယ် ထွေအုပ်ရုံးတွေမှာ မှတ်တမ်းမသွင်းပဲ ပြေစာရောက်တာနဲ့ တံဆိပ်ထု ရပ်ကျေး ပို့လိုက်ပြီး ရပ်ကျေးကလည်း မှတ်တမ်း မသွင်းပဲ လက်မှတ်ထိုး/တစ်ချို့ကမထိုးပဲ ပြည်သူကို ဖြန့်ဝေလိုက်တာ၊ နှစ်အလိုက် ဘယ်သူက ဘာမြေ၊ ဧက ဘယ်လောက် မသိတော့တာ၊ ပြည်သူကို ဖြန့်ဝေရာ မှာလည်း ကြုံသလို အလျဉ်းသင့်တဲ့သူက ပေးကြယူကြ လုပ်နေတာတွေမှာ စည်းစနစ်မရှိ လုပ်ထုံးလုပ်နည်း မလိုက်နာ၊ မှားယွင်းတာတွေက အခြေခံ အကြောင်းတရားတွေ ဖြစ်နေတာပါပဲ။ မြေနဲ့ ပတ်သက်လို့ စာရင်းသွင်း မှတ်တမ်းပြုစု မြေခွန်ပြေစာ ရေးပေးတဲ့ မြေစာရင်းဌာနနဲ့ စာရင်းစစ်ဆေး လက်မှတ်ထိုး ထုတ်ပေးရတဲ့ ခရိုင် မြို့နယ် ထွေအုပ်၊ ပြည်သူကို မြေခွန်ပြေစာ မှတ်တမ်းသွင်း ဖြန့်ဝေပေး ရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေး ဝန်ထမ်း စသည်တို့က လုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်ကျကျ မလုပ်ကြပဲ မြေခွန်စည်းကြပ် ကောက်ခံရေးကို အပြီးစလွယ် လုပ်ကြတော့ မြေပြင်မှာ ပြည်သူတွေ ဗြောင်းဆန်နေတာပေါ့။ ပြည်သူများ ကလည်း မြေခွန်ပြေစာများကို စစ်ဆေးလက်ခံကြပါ၊ ယခင် ယခု မြေခွန်ပြေစာ မှန်မမှန် (မြို့မြေ၊ လယ်ယာမြေ)၊ ခုနှစ်၊ မြေဧက၊ မြေအမျိုးအစား၊ စည်းကြပ်ခံရသူအမည် စသည်ဖြင့် စစ်ဆေးကြည့်ပါ၊ လက်မှတ်များ ပါမပါ (ခရိုင်အုပ်ချုပ်ရေး မှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး)၊ ရုံးတံဆိပ်ပါမပါ စစ်ဆေးပါ။ ကွဲလွဲတာ၊ သံသယရှိတာဆိုရင် ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေး၊ မြေစာရင်း ဝန်ထမ်း၊ မြို့နယ် အုပ်ချုပ်ရေးရုံး၊ မြေစာရင်းရုံး၊ ခရိုင်ထွေအုပ်ရုံးများမှာ မေးပါ။ (ရန်ကုန်မြို့မြေအတွက် မြို့တော် စည်ပင်ရုံး)။ မြေယာ ပြဿနာတွေ ဖြစ်ပြီး ရုံးရောက် ဂတ်ရောက် တရားရင်ဆိုင်လာကြတော့ အဲဒီမှာ မြေခွန်ပြေစာတွေက စတွေ့တာပဲ၊ အခု လတ်တလော အခွန် မြေအပ်ဝရမ်း ကိစ္စများနဲ့ပတ်သက်ပြီး ပဲခူး၊ လားရှိုး၊ တောင်ငူမှာ ဖြစ်နေတာတွေ၊ အခု ဘားအံမှာလည်း တွေ့လာရပါပြီ။ တရားရုံးက စီရင်ဆုံးဖြတ်ချက်ကို မှားတယ် မှန်တယ် မဝေဖန်ပါဘူး၊ တရားရုံးဆိုတာက အမှုစီရင်ရာမှာ အရောင်းအဝယ်စာချုပ်၊ ဂရန်အမည်ပေါက် စတဲ့ တရားဝင် အထောက် အထားတွေကို အခြေခံပြီး သုံးသပ်ဆုံးဖြတ်ချက်ချတဲ့ သဘော ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေထဲက အမှုတစ်ခုကတော့ အပေါင်ထားတာကို အရောင်းအဝယ်စာချုပ် ချုပ်ထား တယ်လို့ ဆိုတယ်။ ရောင်းပေါင် သဘော ဖြစ်ပါလိမ့်မယ်။ ထိုချိန်က ပြဿနာ မရှိခဲ့ပေမဲ့ အခုလို မြေတန်ဘိုးတက်လာတဲ့ ကာလမှာ ရောင်း ပေါင် လုပ်ထားသူကလည်း ကာလတန်ဘိုးနဲ့ ပြန်မရွေးနိုင်၊ မြေရယူထားသူကလည်း မူလကတည်းက အပြီးအပြတ် တန်ဘိုးသင့် ဝယ်ယူသော တရားဝင်စာချုပ်ရှိထားပြီး ဖြစ်လို့ ထပ်ဆောင်း မပေးနိုင်။ ယခင်က ပြန်ရွေးဘူးတာ ရှိ မရှိတော့ မသိ။ တရားတဘောင်ဖြစ်လာတော့ ထိုစာချုပ်ချုပ်စဉ်က ပဋိဉာဉ်ပြုချက် များအရပဲ စာချုပ်ရဲ့ တရားဝင် ဖြစ်မှု မဖြစ်မှု အရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ အယူခံ ရုံး အဆင့်ဆင့် ရှိသေးတော့ ဥပဒေဘောင်အတွင်းက ဆက်လက် ရင်ဆိုင်ရန် အခွင့် ရှိပါသေးတယ်။ ပဲခူးအမှု စတဲ့ ကိစ္စရပ်များကတော့ တရားရုံး အပိုင်းကို အသာထား၊ မြေယာစီမံကွပ်ကဲသူ ကော်လိပ်တော်အရာရှိ ခရိုင်ထွေအုပ် အပိုင်း၊ မြေယာစာရင်းထိန်းသိမ်းရသည့် မြေစာရင်းဌာန Land Records အပိုင်းတို့ရဲ့ ဆောင်ရွက်မှုများ စနစ်တကျ ရှိရေးပါ လိုအပ် လာတာကို တွေ့ရပါတယ်။ အများအားဖြင့် မြို့သစ်များ ရပ်ကွက်သစ်များကို ၁၉၉၀ မှ ၁၉၉၃ အကြား နိုင်ငံတစ်ဝှန်းဖေါ်ထုတ် ခဲ့ကြပါတယ်။ ပဲခူးတွင်လည်း မြေတိုင်းရပ်ကွက်ပေါင်း SURVEY BLOCK ၂၉ ကွက်ခန့် ကို ဥဿာမြို့သစ်အဖြစ် Survey Block တစ်ခု နှစ်ခုလျှင် ရပ်ကွက်ကြီး တစ်ခုအဖြစ် (ဥပမာ ရပ်ကွက်ကြီး ၈) ဖေါ် ထုတ် အကွက်ရိုက်ခဲ့ပါတယ်။ အချို့နေရာများက ရေနက်ကွင်းများ ဖြစ်ပါတယ်။ လူနေထိုင်ရန် ငွေကြေးများစွာ ကုန်ကျခံပြီး မြေဖို့မှသာ တူတူတန်တန် နေထိုင်နိုင်မယ်။ အခုထိ လူနေလို့ မရသေးတဲ့ အကွက်များ ရှိနေပါသေးတယ်။ မြို့ကွက် အကွက်သစ်များကို ပါမစ်ချပေး၊ အချို့ ခြံခတ်။ အချို့ ဂရန်လျှောက်။ အချို့ အခြေအနေမပေးသေးလို့ ကွက်လပ် တိုင်း ထားကြပါတယ်။ ရပ်ကွက်သစ်မြေ အားလုံးက အခြားနည်းသုံးခွင့် လန ၃၉ ရပြီးသား ဖြစ်ပါတယ်။ လယ်ယာမြေဆိုတဲ့ စကားရပ်နဲ့ မသက်ဆိုင်တော့တဲ့ မြို့ကွက်သစ် မြေများ ဖြစ်နေပါတယ်။ ၂၀၁၂ ဝန်းကျင်က ပါမစ်ချထားမြေများမှာ အသုံးမပြုမြေများ၊ ကွက်လပ်ဖြစ် နေသော မြေများအတွက် မြေပုံစာရင်းပြုစု၍ ပဲခူးမြို့ကို တိုင်းမြို့တော်အဖြစ် သတ်မှတ်ရာမှ ပဲခူး အနောက်၊ တောင်ငူ စသည်တို့မှ ပြောင်းရွှေလာရမှုကြောင့် အိမ်ရာ အခက်အခဲရှိသူ ဝန်ထမ်းများ၊ ဝန်ထမ်းဟောင်းများကို ပြန်အကွက် ချပေးတယ်လို့ သိရပါတယ်။ အချို့ပါမစ်ရ ကွက်လပ်ဖြစ်နေတဲ့ မြေများမှာလည်း ကျူးကျော်များ (ကျူးကျော်ဆိုရာတွင် ယင်းမြေနှင့် ယခင်က ပတ်သက်ခဲ့ဘူးခြင်း မရှိသူများ၊ ပတ်သက်ခဲ့ဘူးခြင်း ရှိသူများလည်း အကုန်ပါဝင်နိုင်၏) ဝင်ရောက် အခြေချကြပါတယ်။ ဥပမာအားဖြင့် စက်မှု-၁ ပီလောပီနံ စိုက်ကွင်း အစိုးရသို့ ပြန်အပ်မြေတွင် မူလက ကျူးကျော် သိပ် မရှိသော်လည်း ပဲခူးတိုင်းအစိုးရလက်ထဲ ရောက်၍ မြို့ပြဇုံ၊ စက်မှုဇုံ၊ တပိုင်တနိုင် စိုက်ခင်းဇုံများ တည်ထောင်သောအခါ မူလထက် (၁၀) ဆ မကသော ကျူးကျော်များ ရောက်ရှိနေပါပြီ။ လန ၃၉ ကျပြီးသော ဥဿာ မြို့သစ် မြို့မြေကွက်ကို ပါမစ်ရထားသူ/ဂရန် ရထားသူတို့က မိမိအကွက်တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူ တို့အား နှင်၏။ တရားစွဲ၏။ ထိုအခါ ပြဿနာ တစ်ရပ် ပေါ်လာ၏။ နေထိုင် သူတို့က လယ်မြေခွန်ပြေစာ ထုတ်ပြ၍ ရင်ဆိုင်ကြ၏။ ပြေစာအရ ဘိုးဘွားပိုင် လုပ်ကိုင်လာသောမြေ၊ ဓါးမဦးချ လက်ငုတ်ဟု တုန့်ပြန်၏။ ထိုအခါ လက်ရှိပြေစာထမ်းဆောင် အခွန်ပေး နေသူတို့အား မတရား နှင်ထုတ်သည် ဟူသော ပြဿနာ ပေါ်လာ၏။ ယင်းပြေစာသည် မည်သို့ သဘော ရှိပါသနည်း။ မြို့ကွက် ရိုက်ထားမြေတွင် လယ်ပြေစာများ မည်သို့ ထုတ်ပေး သနည်း။ တရားရုံးအဆုံးအဖြတ်ကို မဝေဖန်ပါဘူး။ မြို့ပြမြေယာ ပိုင်ဆိုင်မှုမှတ်တမ်း ထိန်းသိမ်းမှတ်တမ်း တင်သော စနစ်၊ ပြေစာစနစ် လွဲမှားနေမှု ကိုသာ စိစစ်ထောက်ပြ လိုပါသည်။ ယင်းမြေများသည် မူလက လယ်ယာမြေ များ ဖြစ်သည်။ မြေခွန်ပြေစာ LR-8 ဖြင့် အခွန်စည်းကြပ်ရသော မြေများ ဖြစ်၏။ ၁၉၈၉ မှ စ၍ ၁၉၉၃-၉၄ ထိ လန ၃၉ အမှုတွဲ အဆင့် ဆင့်ဖြင့် ဥဿာမြို့သစ် မြို့ကွက်သစ်မြေအဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်လို့ အစိုးရမှ အလိုရှိသည့်အတိုင်း စီမံခန့်ခွဲနိုင်သော မြေအဖြစ် ပြောင်းလဲ ရောက်ရှိနေပါသည်။ ယင်းကဲ့သို့ မြေများကို မည်သို့ မှတ်သား ထိန်းသိမ်းရပါနည်း။ မြေခွန်ပြေစာ ထုတ်ပေးရပါမည်နည်း။ နည်းလမ်း နှစ်မျိုးဖြင့် စာရင်းမှတ်တမ်းတင် မြေခွန်ပြေစာ စည်းကြပ်ရပါသည်။
(က) မြေပေါ်တွင် အကွက်ရိုက် ထားသည့်အတိုင်း မသုံးဘဲ လယ်ယာ စိုက်ပျိုးမှု ပြုနေလျှင် ဖြစ်စေ၊ ဂရန် ဆက်လက် မလျှောက်ထားဘဲ မြေကို အသုံးပြုလျှင်ဖြစ်စေ..
(၁) မြေစာရင်းဌာနမှ မြေခွန်ပြေစာ-ပုံစံ ၈ ကို သုံးနိုင်ပါသည်။ အခွန်စည်းကြပ် စာရင်းတွင် II စာရင်း၊ ပုံစံ ၄၆ ကို အသုံးပြု၍ သက်ဆိုင်ရာမြေကွက်များကို ဝိုင်းပြကာ မြေခွန် နှစ်ဆနှုန်း စည်းကြပ် ရပါမည်။
(၂) ပုံစံ ၈ မှာပင် အခွန်ထမ်းအမည် ဘေး၌ ကျူးဟု ကွင်းစကွင်းပိတ် ဖေါ်ပြ ရပေမည်။ (လယ်ယာမြေ မဟုတ်တော့သည့် အစိုးရမြေကို တရားဝင် မြေသုံးစွဲခွင့်မရဘဲ အသုံးပြုနေသူဟု မှတ်သားပါသည်)
(၃) မြေမျိုးတွင် လယ်ယာ ဥယျာဉ် ဓနိ စသော မြေမျိုးများ မဖေါ်ရတော့ဘဲ ဥဿာမြို့သစ်မြေ ဟုသာ ဖေါ်ရပါမည်။
(၄) လက်ရှိအနေအထားအရ မြို့ကွက်သစ်အဖြစ် ၁၉၈၉-၉၃ ကပင် အကွက်ရိုက် သုံးစွဲလာခြင်းဖြစ်သဖြင့် မူလ ကွင်းအမှတ်၊ ဦးပိုင် အမှတ်တို့ မဖေါ်ပြရပါ။ မှတ်ချက်။ မြေခွန်ပုံစံ-၈ ကျောဖက်တွင် ဤပြေစာသည် ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထား မဟုတ်ဆိုသော စာသားကို သတိပြုစေ လိုပါသည်။ မြေခွန်-၈ ကိုပြ၍ ပိုင်ရှင်ဟု ပြောခွင့်မရှိပါ။ မြေအသုံးချသဖြင့် မြေခွန် ထမ်းဆောင်ရသည့် သဘောသာ ဖြစ်ပါသည်။
(ခ) လန ၃၉ ကျပြီး Disposal Land ဖြစ်နေသည့်အတွက် မြို့မြေအတွင်း သတ်မှတ် အခွန်ထမ်းဆောင် စေရန် ဟု ကော်လိပ်တော်မှ အမိန့်ထုတ်ထားပါက -
(၁) ယင်းမြေများသည် အစိုးရမြေများ ဖြစ်ရာ တရားဝင် ဂရန်/ အငှားဂရန်/ လိုင်စင်စသည့် အခွင့် အမိန့် ရပြီးပါက ယင်းဂရန်ခွန်များအတိုင်း မြို့မြေပြေစာ ဖြင့် စည်းကြပ်ရမည်။
(၂) နေထိုင်ခွင့်အမိန့်မရသေးဘဲ မြေရယူ ထားမှု ဖြစ်ပါက ပါမစ်ကျသူ၏အမည်ကို မြို့မြေခွန်ပြေစာပုံစံ (၁) Land Revenue/receipt I ဖြင့် စည်းကြပ် နိုင်သော်လည်း ပါမစ်ရသူ / နေထိုင်သူ အမည်ဘေးတွင် (ကျူး) ဟု ပြရပေမည်။
(၃) မြို့မြေပိုင်ဆိုင်မှု စာရင်း ၁-က မှတ်ပုံ စာရင်း၌လည်း ဂရန်၊ အငှားဂရန် ရသူကို ယင်းဦးပိုင်/ မြေကွက်နေရာတွင် အမှုတွဲအမှတ် ဖေါ်ပြ၍ အခွန်ထမ်း အမည်ကို မှင်ဖြင့် ရေးသား မှတ်တမ်း တင်နိုင်သော်လည်း ဂရန်မရသေး သူများကို မှင်ဖြင့် မတင်ရပါ။ ခဲဖြင့်သာ ရေးသွင်းထားရပြီး ဂရန်ရမှသာ မှင်ဖြင့် ဖြည့်ရပါသည်။ ဖြစ်ရပ်များ၏ အခြေခံမှာ အစိုးရမြေအဖြစ် သတ်မှတ် ရောက်ရှိပြီး မြေများအပေါ် စနစ်တကျ စီမံခန့်ခွဲမှု အားနည်း ချက်များကြောင့် အပ်ဖြင့်ထွင်းရမည့်ကိစ္စ ပုဆိန်ဖြင့် ပေါက်ရသည်ဟု မြင်ပါသည်။ အစိုးရ မြေအဖြစ် ပါမစ်ကျပြီး မြေများ ပြန်လည်စိစစ်ခြင်း၊ အသုံးမပြုက ပါမစ်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ အသစ် ပြန်ချထားခြင်းများ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အစိုးရမြေပေါ် အခွင့်အမိန့်မရဘဲ (မူလပိုင်ရှင် ဆိုစေကာမူ) ကျူးနေမှုများကို ပုဒ်မ ၂၀၊ ၂၁ တို့အရ ဖယ်ရှားခြင်းတို့ကို ကော်လိပ်တော်များမှ မူလကပင် ဆောင်ရွက်သင့်ပါသည်။ မြေစာရင်းဌာန အောက်ခြေဝန်ထမ်းများမှလည်း မသိနားမလည်သည့် ပြည်သူများကို အစိုးရမြေတွင် ကျူးကျော်နေကြောင်း၊ သို့မဟုတ် အခွင့်အမိန့်မရဘဲ အသုံးပြု နေကြောင်း ထင်ရှားသည့် မြေခွန်ပြေစာ များကို ဌာန၏ အမြဲအမိန့်များ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထုတ်ပေးရ ပါမည်။ ကျူး အဖြစ် မှတ်တမ်းတင်ရ ပါမည်။ မညာမတာ ပြောရပါက ယခုကဲ့သို့ မြေပေါ်တွင် တစ်ကွင်းလုံးပြန် တိုင်းပြီး (၄၀ x ၆၀) နှင့် (၆၀ X ၈၀) အကွက်များ၊ လမ်းမ၊ လမ်းသေး၊ လမ်းမွှာ၊ ဒူးလမ်း များဖြစ်နေသည့် မြို့ကွက်တွင် မူလကွင်းဟောင်း Details နှင့် မည်သို့မျှ Trace မလိုက်နိုင်ပါဘဲ လျက် ဤနေရာသည် မူလကွင်းအမှတ် မည်မျှ၏ ဦးပိုင်အမှတ် ဖြစ်သည်ဟု ပြေစာထုတ်ရဲသော သတ္တိမှာမူ ပန်းတိမ် မတတ်သော်လည်း ရွှေခိုးရဲသည့် သတ္တိဟု ပြောရပေမည်။ ယင်းမြေကွက်များသည် မြို့မြေပြေစာ ထုတ်ပေးနေသော နေရာ ဖြစ်ပါမူ တစ်ဖက် ဂရန်ရသူထံတွင်လည်း ဂရန်ပြေစာ ရှိနိုင်သည်။ သို့ပါလျှက် လက်ရှိ နေထိုင်သူအား မြို့ကွက်နှင့် မသက်ဆိုင်သည့် လယ်ခွန်ပြေစာ ပုံစံ ၈ ထုတ်ပေးပြီး အကျင့်ပျက် ငွေတောင်းခံ ရယူနေသည့် မြေတိုင်းစာရေးကြောင့် အခြေအနေ ပိုဆိုးရွားခဲ့ရရာ ယင်းအား ထိရောက်စွာ အပြစ်ပေးရမည် ဖြစ်ပါ သည်။ အကွက်ရိုက် ထားသော မြေကွက် နံပါတ်စနစ်ဖြင့် အခွန်စည်းကြပ် နေသော နေရာတွင် ကျူးများနှင့်ပေါင်း၍ ယခင် ကွင်းဟောင်း၏ (မြေပေါ်တွင် သူကိုယ် တိုင်ပင် အာမမခံနိုင်သော) ဦးပိုင် အမှတ်ဖြင့် မြို့ပြေစာ ရှိပါလျှက် တောပြေစာ ထုတ်ပေးနေခြင်းမျိုးကြောင့် ပြဿနာ ပိုကြီးထွားရသည်ဟု ဆိုချင်ပါ သည်။ ထိုသို့သော လုပ်ထုံးလုပ်နည်းကို လေ့လာသင်ယူမှုမရှိ၊ ပြဿနာသာ မီးမွှေးချင်သော ဝန်ထမ်းမျိုးကို အထက် တာဝန်ရှိသူများနှင့် ဌာနမှ မျက်ခြေမပြတ် ကြီးကြပ်ကိုင်တွယ်မှသာ ဌာန၏ ပုံရိပ် ကောင်းမွန်လာမည် ဖြစ်ပါသည်။ ဆရာဦးဇော်မင်ကတော့ "ကိုယ့်တပည့်ရင်းတွေပါဘဲ၊ မပြောလို့ မဖြစ်ပြီ"တဲ့.....။
(ဆရာဦးဇော်မင်း၏ အပ်ဝရမ်းနှင့် မြေခွန်ပြေစာမှ ကူးယူ၍ ဆရာ့အာဘော် မပျောက်စေပဲ မိမိတွေကြုံသိရှိတာနှင့် စက်ဆပ်တင်ပြပါသည်။ MMH)

0 comments:

Post a Comment