လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) လုပ်ရာတွင် လုပ်ငန်းစဉ် အဆင့်(၂) ဖြစ်သည့် ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ ၂) ဖြင့် ကြေညာရမည်ဆိုသော်လည်း သက်ဆိုင်ရာက မကြေညာပဲ အဆင့်ကျော် ဆောင်ရွက်ခဲ့လျှင် ဘာလုပ်ကြမလဲ
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လယ်ယာမြေ ဥပဒေ ပုဒ်မ (၆) အရ
(က) လူပုဂ္ဂိုလ်ဖြစ်ပါက -
(၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စု သည် တောင်သူ လယ်သမားအိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်။
(၃) ဤဥပဒေ ပြဋ္ဌာန်းပြီးနောက် ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့်ရရှိသူ ဖြစ်ရမည်။
(၄) အသက် ၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(၅) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။
( ခ ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ ဖြစ်ရမည်။
ဝန်ဆောင်ခ
လယ်ယာမြေ မှတ်ပုံတင်ကြေး ငွေ (၅၀၀) ကျပ်သာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံ ပေးသွင်းရန် လိုအပ်ပါသည်။
လိုအပ်သော စာရွက်စာတမ်းများ
(က) မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
(ခ) အိမ်ထောင်စု ဇယားမူရင်းနှင့် မိတ္တူ
(ဂ) အဆိုပါ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသော အထောက်အထား စာရွက်စာတမ်းများ
လျှောက်ထားရန် အဆင့်များ
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားပုံ
လယ်ယာမြေကို လက်ရှိအသုံးပြုခွင့် ရရှိထားသူ (သို့မဟုတ်) အဖွဲ့အစည်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ (ပုံစံ ၁) ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ရယူ၍ ပြည့်စုံစွာ ဖြည့်စွက်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရမည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း မြို့နယ်ဦးစီးဌာနရုံးသို့ စိစစ်ထောက်ခံချက်ဖြင့် ပေးပို့ရမည်။
မြို့နယ်ဦးစီးဌာနရုံးသည်လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ ၂) ဖြင့် ကြေညာရမည်။
မြို့နယ်ဦးစီးဌာနရုံးသည် ရက်ပေါင်း (၃၀) အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်လုပ်ငန်းစာတွဲကို သဘောထားမှတ်ချက်နှင့်အတူ သက်ဆိုင်ရာမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ယင်းစာတွဲ လက်ခံရရှိသည့်နေ့မှ သာမန်အားဖြင့် (၇)ရက် (ခုနစ်ရက်) အတွင်းစိစစ်၍ သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။
ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ထပ်ဆင့်စိစစ်၍ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာနရုံးသို့ အကြောင်းကြားခြင်းကို ယင်းလုပ်ငန်းစာတွဲ လက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း ဆောင်ရွက်ရမည်။
မြို့နယ်ဦးစီးဌာနရုံးသည်-
(က) ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုကြောင်း အကြောင်းကြားချက်အရ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူကို လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ရန် ဦးစီးဌာနရငွေစာရင်းသို့ မှတ်ပုံတင်ကြေးပေးသွင်းစေ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်း (ပုံစံ ၅) တွင် မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။
(ခ) ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းကြားချက်အရ ငြင်းပယ်ခြင်းခံရသူကို လယ်ယာမြေ လုပ်ပိုင်ခွင့် ငြင်းပယ်ခံရသူများမှတ်ပုံတင်စာရင်း(ပုံစံ ၆)တွင် မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။
မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်းကြားချက် နှင့်အညီ-
(က) လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ထုတ်ပေး ရမည်။
(ခ) လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်ကို ငြင်းပယ်ခြင်းခံရသူထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်ကိုငြင်းပယ်ကြောင်း အကြောင်းကြားစာ (ပုံစံ ၈) ပေးပို့ ရမည်။
ဆက်သွယ်ရမည့်လိပ်စာ
လယ်ယာမြေ တည်ရှိရာ သက်ဆိုင်ရာ ကျေးရွာအုပ်စု/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး
ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ
လယ်ယာမြေ တည်ရှိရာ သက်ဆိုင်ရာ ကျေးရွာအုပ်စု/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး
အထက်ဖေါ်ပြပါအကြောင်းအရာများသည် တရားဝင် ဝက်ဆိုက် www.moali.gov.mm မှကူးယူဖေါ်ပြထားခြင်းဖြစ်သည်။
သုံးသပ်ချက်
(လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) လုပ်ရာတွင် လုပ်ငန်းစဉ် အဆင့်(၂) ဖြစ်သည့် ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ ၂) ဖြင့် ကြေညာရမည်ဆိုသော်လည်း သက်ဆိုင်ရာက မကြေညာပဲ အဆင့်ကျော်ဆောင်ရွက်ခဲ့လျှင် ဘာလုပ်ကြမလဲ ဘယ်လိုပုဒ်မနဲ့ ညိမယ်ဆိုတာ ဥပဒေပညာရှင်တိုင်းသိကြပါတယ် ဒါပေမဲ့ အလုပ်မဖြစ်တာဘာကြောင့်လဲ) ကျနော်တို့အကြိမ်ကြိမ် တင်ပြခဲ့ကြပါသည်။
မူလမြေယာမှုခင်းဖွင့်လှစ်ခြင်းခံရသည့် ပြဿနာ အစမှဖြေရှင်းရခက်နေရခြင်းကိစ္စအချို့မှာ အမှန်တကယ် ဗဟိုမှလမ်းညွှန်ထားသလို မလိုက်နာခြင်းနဲ့ ဥပဒေနှင့်အညီ မဆောင်ရွက်မှု ၏ တစ်စိပ်တစ်ဒေသလို့ပဲပြောရမှာဖြစ်ပါတယ်။
အမှန်တကယ်မှာ
မြေစာရင်းဌာနမှာအဓိကတာဝန်ရှိသည်။ ပြည်သူအများစုကလည်း ဒီဌာနကိုသာ လက်ညှိုးထိုးကြသည်။
လက်တွေ့မြေပြင်တွင်ကျနော်တို့လေ့လာမှုနှင့် လက်တွေ့ အခြေအနေတွင်လည်း ၇၅ ရာခိုင်နှုန်းက ငြင်းနိုင်စရာမရှိ
နည်းပညာနိမ့်လို့လည်းမဟုတ်၊ မသိနားမလည်၍လည်းမဟုတ်၊ မကျွမ်းကျင်ကြလို့လည်းမဟုတ်၊ ဝန်ထမ်းမလုံလောက်၍လည်းမဟုတ် စနစ်ဆိုးနဲ့တုံးကလည်း မှိန်စားပေါင်းစား စာရင်းမှားတွေနှင့်လိမ်ကြသည်။
ဒီမိုကရေစီခေတ်ရောက်တော့လည်း ပင်းစား ခြောက်စား မြှောက်စားကြသည်၊ ပုံစံ၇ အတု ၂အုပ်ထွက်သည်၊ ပြေစာပါ ဧကတခြား စာအုပ်စိမ်းပါဧက တခြားရေးထည့်ထားသည်။ တောင်သူ ၇၅ ရာခိုင်နှုန်း ကြုံဘူးတယ်ဆိုရင် မအံ့ဩနဲ့။
နည်းပညာနိမ့်လို့လည်းမဟုတ်၊ မသိနားမလည်၍လည်းမဟုတ်၊ မကျွမ်းကျင်ကြလို့လည်းမဟုတ်၊ တမင်လုပ်သည် ပေးလို့လုပ်သည် စားရလို့လုပ်သည်။ လက်ရှိလယ်ယာလုပ်ကိုင်နေပါလျှက် အခြားသူနာမည်နဲ့
ပုံစံ၇ ထွက်လာတတ်သည်၊ ကန့်ကွက်လွှာမခေါ်ပဲ လက်သိပ်ထိုးလုပ်ပုံများ အတော်လွန်သည်။ ကျနော်တို့အကြိမ်ကြိမ်ပြောခဲ့သည်၊ တိုင်သည်၊ ခက်ခဲလွန်းလှသည်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် လက်နက်ကိုင်ကြီးစိုးသောနေရာများတွင် ဗဟိုအစိုးရ အမိန့်လောက်ကအရာမရောက်တတ် အမှန်မှာ လက်နက်ကိုင်အဖွဲ့က နဲနဲရယ်။ ဝန်ထမ်းက ပေါင်းပြီး ဖြဲခြောက်နေတာများသည်။ ဝန်ထမ်းက ကုမ္ပဏီနဲ့ ပေါင်းပြီး ဖြဲခြောက်နေတာများသည်။ ဒါကြောင့် စနစ်အပြောင်းအလဲတစ်ခု အရွေ့တစ်ခုမှာ မတော်လောဘနှင့် အဓမ္မလုပ်ကိုင်နေသူများကိူ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ ဝန်ထမ်းစနစ် ဝန်တမ်းဥပဒေများအား ပုံစံပြောင်းမှရတော့မည်ဟုထင်မြင်မိသည် လူအဓိကလား မူအဓိကလား စဉ်းစားချင့်ချိန်နိုင်ကြဖို့လည်းလိုအပ်ကြောာင်း ခေါင်းစဉ်နဲ့လိုက်ဖက်အောင် နိုင်ငံရေးများ ရောထေ့းဟွားမည်စိုး၍ ဤ မျှ လောက်သာ တွဲစပ်ရေးသားလိုက်ရပါသည်။
တိုင်းရင်းသားညီကိုမောင်နှမများ ပြည်သူများ အားလုံး
မိတ်ဆွေမှ ရန်သူ ဖြစ်တတ်သော
ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ... ဟုဆိုအပ်သော ရန်သူမျိုး ၅ပါးဘေး
ကပ်ရောဂါဘေးကြီးမှ ကင်းဝေးကြပါစေ။
လှိုင်ဘွား(လယ်ယာမြေ)
0 comments:
Post a Comment