#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ရှမ်းပြည်နယ်တွင် မြေပုံ ၁၀၅ /၁၀၆ရေးဆွဲခြင်းဆိုင်ရာ ပြည်သူ့လွှတ်တော် အမေးအဖြေ

Saturday, June 6, 2020


ပြည်သူ့လွှတ်တော် 
 ဒေါ်နန်းဝါနု ( ကွန်ဟိန်း မဲဆန္ဒနယ်)

မိမိတို့ ရှမ်းပြည်နယ်တွင် မြေပုံ ၁၀၅ ရေးဆွဲရာ၌ မြေပုံ ၁၀၅ ရေးဆွဲလိုသူ၏ အရောင်းအ‌ဝယ်စာချုပ်၊ ရပ်ကွက်စာချုပ်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင် စုဇယား၊ ရပ်ကွက်ထောက်ခံချက်၊ မြေကွက်အလျား၊ အနံ မြေပုံ စသည့် အချက် (၅)ချက်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို ဦးစွာလျှောက်ထားရခြင်း၊ ထိုမှတစ်ဆင့် ခရိုင်(ထွေ/အုပ်)၊ မြို့နယ်(ထွေ/အုပ်)ရုံးများသို့ ပေးပို့၍ ကွင်းဆင်းစစ်ဆေးခြင်းများရာတွင် ၁၀ လခန့် ကြာမြင့်ခြင်း၊ ထိုသို့ဆောင်ရွက်ပြီးနောက် အထက်ပါရုံးဌာနများ၏ သဘောတူညီချက်များအပြည့်အစုံဖြင့် မြို့နယ်အုပ်ချုပ်ရေး EC အစည်းအဝေး
ပြုလုပ် အတည်ပြုချက်ရယူခြင်း၊ ထိုမှတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ရှမ်းပြည်အစိုးရအဖွဲ့၊ မြို့နယ်မြေစာရင်းမှူး၊ စည်ပင်အလုပ်အမှုဆောင် စီမံကိန်းဦးစီးမှူး၊ ပြည်တွင်း အခွန်ဦးစီးမှူးများ၏ လက်မှတ်များဖြင့် တင်ပြပြီးနောက်  မြန်မာ့စီးပွားရေးဘဏ်တွင် ရှမ်းပြည်နယ် အစိုးရ၏ ညွှန်ကြားစာဖြင့် ရှမ်းပြည်နယ်မြို့ပြစနစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရန်ပုံငွေ၏ စာရင်းတို့ မြေ၏ တန်ဖိုးဖြင့် အခွန်နှုန်းများစွာ ဆောင်ရခြင်း၊ အခွန်ဆောင်ပြီး မြေစာရင်းပြေစာဖြင့် ရှမ်းပြည်နယ်အစိုးရက မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရေးကူးခွင့် ပြုကြောင်း မြေငှားဂရန်လျှောက်ထားခြင်းအား ခြောက်လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ရန်နှင့် မဆောင်ရွက် ပါက မြေပုံစံ (၁၀၅/၁၀၆) အားပယ်ဖျက်ရန် စာပြန်လာခြင်းများသည် ပြည်သူများအတွက် များစွာအခက်အခဲကြုံတွေ့နေရသည်ကို တင်ပြလာကြပါကြောင်း။

ထို့ကြောင့် အဆိုပါရှမ်းပြည်နယ်အစိုးရ၏ မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရေးကူးရေး လုပ်ထုံးလုပ်နည်းများသည် မြေစာရင်းလက်စွဲဥပဒေ၊ သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ၊ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် မြေစာရင်းပုံစံ(၁၀၅/၁၀၆)ရေးကူးရာတွင် ရှမ်းပြည်နယ်နှင့် တူညီသော လုပ်ထုံးလုပ်နည်းများဖြင့် ပြုလုပ်ခြင်းရှိ/မရှိ၊ ပြည်ထောင်စုအစိုးရက ဤသို့ ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းရှိ/မရှိနှင့် ထုတ်ပြန်ထားသည်ဆိုပါက မြေစာရင်းလက်စွဲဥပဒေ၊ သက်ဆိုင်ရာဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီမှုရှိ/မရှိကိုလည်းကောင်း၊ ထုတ်ပြန်ထားခြင်းမရှိပါက ပြည်ထောင်စု အစိုးရက မည်ကဲ့သို့ပံ့ပိုးကူညီဆောင်ရွက်ဖြေရှင်းပေးကိုလည်းကောင်း၊ ပြည်သူများမြေပုံ(၁၀၅/၁၀၆) ရေးဆွဲ ခွင့်နှင့် ဂရန်လျှောက်ထားခြင်းတွင် လွယ်ကူလျင်မြန်စွာရရှိစေရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့က မည်ကဲ့သို့ ကူညီပံ့ပိုးဆောင်ရွက်ပေးမည်နှင့် မဆောင်ရွက်ပေးနိုင့်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။



လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း

မြေစာရင်းပုံစံ(၁၀၅/၁၀၆)သည် မြေရာဇဝင်၊ မြေတည်ရှိမှု၊ မြေအမျိုးအစားနှင့် ဘိုးဘွားပိုင်မြေ၊ အစိုးရ မြေစသည့် ပိုင်ဆိုင်ခွင့်အခြေအနေတို့ကိုဖော်ပြသည့် မှန်ကန်ကြောင်း သက်သေခံ/သက်သေမခံသည့် တည်ဆဲနှစ်အတွက် အသုံးပြုလျက်ရှိသော မြေပုံမှရေးကူးပေးသည့် စာရင်း မြေပုံကောက်နှုတ်ချက် မိတ္တူတစ်ခုသာဖြစ်ပြီး မြေပိုင်ဆိုင်မှု ဆိုင်ရာ အထောက်အထားတစ်ခုမဟုတ်ပါကြောင်း။

 မြေစာရင်းပုံစံ(၁၀၅/၁၀၆) ရေးကူးပေးရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေ အပိုဒ် ၃၈၉ အရ မြေစာရင်းပုံစံ ၁၀၃၊ မှတ်ပုံစာရင်းအမှတ်(၈) လျှောက်လွှာ ပုံစံနှင့် လျှောက်ထားပြီး၊ မြေစာရင်းလက်စွဲ ဥပဒေအပိုဒ် ၃၉၁၊ ၃၉၂၊  ၃၉၃ ၊ ၃၉၄၊ ၃၉၇၊ ၃၉၈၊ ၃၉၉ များအရ ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ ၃-၃-၁၉၉၄ ရက်စွဲပါ အမြဲအမိန့်အမှတ်၊ ၁/၉၄ ပါ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီး လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်း များတွင် မြေစာရင်းပုံစံ ၁၀၅ ရေးကူးခွင့်ကို သက်ဆိုင်ရာနေပြည်တော် ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ စိစစ်ကြီးကြပ်ခွင့်ပြုချက်ဖြင့် ရေးကူးခွင့်ပြုရန် ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ၁၁-၂-၂၀၁၃ ရက်စွဲပါစာ အမှတ်၊ ၁၂/လယ-၅၁(၀၀၄/၂၀၁၃)ဖြင့် နေပြည်တော်ကောင်စီ/တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့များသို့ အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း။

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန် မြေပုံရေးကူးခွင့်လျှောက်ထားရာတွင် ဦးပိုင် လုပ်ကွက်မြေ စာရင်းပုံစံ ၁၀၅ ၌ ရုံးခွန်တံဆိပ်ခေါင်းခွန်ကျပ်သုံးရာ ကျပ် ကပ်နှိပ်ခြင်းမှအပ မြေတိုင်းတာခြင်းနှင့် မြေပုံရေးကူးခြင်း တို့အတွက် မည်သည့်အခကြေးငွေကို မျှရယူခြင်းမပြုရန်နှင့် လျှောက်ထားသည့်နေ့မှစ၍ တစ်လ အတွင်း ပြီးပြတ်အောင်ဆောင်ရွက်သွားရန် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ၁၈-၃-၂၀၁၃ ရက်စွဲပါစာအမှတ် ၂၅၆၈/မပ (မြေပုံ) ထွေ(၁၃)ဖြင့် နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ် မြေစာရင်းဦးစီးဌာနမှူများအား အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း။

သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေများနှင့် ဆက်စပ်ပတ်သက်နေသော ဆောင်ရွက်ရမည့် လုပ်ငန်းများ လျောက်ထား ရန်အတွက် အသုံးပြုရန် မြေစာရင်းပုံစံ ၁၀၅ ရေးကူးခြင်း အား သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ညှိနှိုင်းခွင့်ပြုချက်ကို ရယူပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ သို့ကြိုတင် ညှိနှိုင်းလျှောက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 မေးခွန်း (က)နှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ၆-၅-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ၆/၃-၆၀၆/အစရ ရှမ်းဖြင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများသို့ ရှမ်းပြည် နယ်အစိုးရ၏ ခွင့်ပြုချက် မရရှိဘဲ မြေစာရင်းပုံစံ ၁၀၅ ရေးကူးခွင့်မပြုရန် ညွှန်ကြားထားရှိပြီး၊ ခွင့်ပြုချက်ရရှိပါက မြေစာရင်းပုံစံ ၁၀၅ ရေးကူးခြင်းအား မြေစာရင်းလက်စွဲ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်နယ် အစိုးရမှ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ တွင် ပြဋ္ဌာန်းထားသည်‌့အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

အခြားသော တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် မြေစာရင်းပုံစံ ၁၀၅ ဖြင့် မြေပြင် တရားမဝင်ရောင်းချ၊ ပေါင်နှံခြင်းများ မပြုလုပ်နိုင်ရေးအတွက် မြေစာရင်းပုံစံ ၁၀၅ ရေးကူးခြင်းအား သက်ဆိုင်ရာ အစိုးရအဖွဲ့များသို့ တင်ပြစေ၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေ ကို အခြားနည်းဖြင့် အသုံးပြုရန်ကိစ္စအတွက်သာလျှင် ညွှန်ကြားထားပြီး ကျန်ကိစ္စရပ်များအတွက် ညွှန်ကြားမှု မရှိပါကြောင်း။

ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနလက်အောက်ရှိ မြို့နယ်မြေစာရင်းရုံးအားလုံးတွင် မြေစာရင်းပုံစံ ၁၀၅ ရေးကူးခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်အချက်များအား အများပြည်သူသိရှိနိုင်စေရန်နှင်‌့ ပွင့်လင်းမြင်သာမှုရှိစေရန် ဗီနိုင်းများဖြင့် ဖော်ပြထားရှိပြီး အထောက်အထားပြည်‌့စုံသည့် မြေစာရင်းပုံစံ ၁၀၅ ရေးကူးခွင့် လျှောက်ထားခြင်းများအပေါ် တစ်လအတွင်း ရေးကူးဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ်ပါသောကြောင့် ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါသောကြောင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမြဲအမိန့်၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်မည်ဆိုပါက ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ လုပ်ငန်း ဆောင်ရွက်ရန် အချိန်ကြန့်ကြာခြင်းများကို အခက်အခဲများရှိနိုင်မည် မဟုတ်ပါကြောင်းနှင့် ညွှန်ကြား ချက်နှင့်အညီ မဆောင်ရွက်ပါကလည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ပါကြောင်း ဖြေကြားပါသည်။

ဒေါ်နန်းဝါနု(ကွန်ဟိန်း မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းကို ဆက်လက်မေးမြန်းပါသည်။

ယခု ဒုတိယဝန်ကြီးက ဖြေကြားချက်များတွင် မြေစာရင်း လုပ်ထုံးလုပ်နည်းအရဟူ၍လည်းကောင်း၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေထဲက ၂၅၆ ပါဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်ဟူ၍လည်း ကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရန်ဟူ၍ လည်းကောင်း ဖြေကြားခဲ့သည်ကို သိရှိရပါကြောင်း၊ ယခု ဝန်ကြီးဖြေကြားသွားချက်များတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရကို အာဏာလွှဲထားပေးသည်များ မရှိသည်ကိုတွေ့ရှိရပြီး နိုင်ငံတော်သမ္မတရုံးကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို လုပ်ပိုင်ခွင့်များ၊  မြေစာရင်း ရေးဆွဲခွင့်များနှင့် ပတ်သက်ပြီး အမိန့်ကြော်ငြာစာများ ထုတ်ထားသည်များကိုလည်း မတွေ့ရှိရသည့်အပြင် ဥပဒေပြဋ္ဌာန်းပြီး အာဏာခွဲဝေပေးထားသည်များကိုလည်း မတွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရကိစ္စဖြစ်၍ သမ္မတရုံးက ဖြေဆိုရန် တာဝန်ရှိသည်ဟု မိမိအနေဖြင့် ထင်မြင်မိပါကြောင်း၊ ထို့ပြင် ထပ်မံသိရှိလိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရထံ တိုက်ရိုက်ညွှန်ကြားမှုပြုနိုင်လား/မပြုနိုင်ကိုလည်းကောင်း၊ သမ္မတရုံးက ပေးဖို့ အာဏာခွဲဝေပေးစေပါက ဥပဒေအဖြစ် ပြဋ္ဌာန်း၍ တရားဝင်ခွဲဝေပေးရမည်ဖြစ်ခြင်းကြောင့် ထိုသို့ ဆောင် ရွက်ခြင်းရှိ/မရှိ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည်  ပြဋ္ဌာန်းထားသော မြန်မာနိုင်ငံ မြေစာရင်း လက်စွဲ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်ထားသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက မည်သို့ဖြေရှင်းပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊    ဒုတိယဝန်ကြီး ဦးအုန်းသန်း

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များကို လုပ်ငန်း သဘော အရဆက်သွယ်ဆောင်ရွက်ရာတွင် တိုက်ရိုက်ညွှန်ကြားဆောင်ရွက်ပိုင်ခွင့်ကို ပြည်ထောင်စုဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန်ပေး ထားခြင်းမရှိပါကြောင်း၊ လုပ်ငန်းသဘောအရ ဆက်သွယ်ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာပြည်ထောင်စု အစိုးရအဖွဲ့ကနေတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများကို ဆက်သွယ်ဆောင်ရွက်ရ ခြင်း ဖြစ်ပါကြောင်း၊  လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်နှင့် ပတ်သက်ပြီး အဓိက (၁/၉၄) အပါအဝင် လယ်ယာမြေ ဥပဒေအရ အခြားနည်းအသုံးပြုသော ညွှန်ကြားထုတ်ပြန်သည့်အဓိကအကြောင်းအရင်းသည် နိုင်ငံတော်၏ အဓိကစားသုံးသီးနှံစိုက်ပျိုးမှု မထိခိုက်စေရန်၊ လယ်မြေများလျော့နည်းမှုမရှိစေရန်၊ လယ်ယာစိုက်ပျိုးမြေများ အကြောင်းကြောင်း ကြောင့် အခြားနည်းအသုံးပြုမှု နည်းနိုင်သမျှနည်းစေရန်နှင့် မလွဲမရှောင်သာအသုံးပြုရပါကလည်း ကိန်းဂဏန်းအရ မှတ်တမ်းထားရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်ချက်နှင့် အညီ လယ်ယာမြေဥပဒေနှင့် နည်း ဥပဒေများနှင့်ညီညွတ်စွာဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားနိုင်ရန်အတွက် လျှောက် ထားသည့် ဦးပိုင်၊ လုပ်ကွက်၊ မြေပုံ၊ မြေစာရင်းပုံစံ ၁၀၅ ရေးကူးခွင့်ကို သက်ဆိုင်ရာအစိုးရများက မြေပြင် ပကတိလက်တွေ့ကွင်းဆင်းကြည့်ရှုစစ်ဆေးနိုင်သည်ဖြစ်ခြင်းကြောင့် စိစစ်ကြီးကြပ်ခွင့်ပြုချက်ကို ရေးကူးခွင့် ပေးရာတွင် အခမဲ့ရေးကူးပေးရန် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကြီးများကို  ညွှန်ကြားထားပါကြောင်း၊ သို့သော် သက်ဆိုင်ရာပုံစံ ၁၀၅ ရေးကူးခွင့်များတွင် တချို့တိုင်းဒေသကြီးများသည် အခြေခံ ဥပဒေပုဒ်မ ၂၅၆ အရ ကြီးကြပ်ကွပ်ကဲသည်ဟုဆိုကာ ၁၀၅ ရေးကူးခွင့်ကို ထိန်းကျောင်း ကြပ်မတ် စီမံခန့်ခွဲနေကြခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။ 
Source:https://www.pyithuhluttaw.gov.mm/question-1896


0 comments:

Post a Comment