#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

လယ်ယာမြေအမည်ပြောင်းကိစ္စ

Tuesday, May 26, 2020

လယ်ယာမြေအမည်ပြောင်းကိစ္စရပ်နှင့်ပတ်သက်၍ ယနေ့ထိတိုင် ရှင်းလင်းစွာ ဖော်ပြခြင်းများကို မတွေ့ရှိရသေးသောကြောင့် တောင်သူလယ်သမားများ အလွယ်တကူနားလည်နိုင်ရန် ဆွေးနွေးတင်ပြရခြင်းဖြစ်ပါသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် 
လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းကိစ္စရပ်များအတွက် နှစ်ဦး သဘောတူစာချုပ်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင် ချုပ်ဆို၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံး၌ မှတ်ပုံတင်ရာတွင် လယ်ယာမြေတန်ဖိုးကို ဒေသန္တရ အခြေအနေအရ ဆီလျော်သောနှုန်းထား ဖြစ်စေရန် သက်ဆိုင်သည့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လုပ်ပိုင်ခွင့်အပ်နှင်းရမည်။ 

လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း တို့ကို ဆောင်ရွက်သည့်အခါ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့်တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရ သတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနက သတ်မှတ်သည့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည် ဟုလယ်ယာမြေဥပဒေတွင် ပြဋ္ဌာန်းပါရှိပါသည်။ 

တောင်သူလယ်သမားများမှလယ်ယာမြေကိုရောင်းချ/ဝယ်ယူခြင်း၊ ပေးကမ်းခြင်း/ လက်ခံ ရယူခြင်း၊ လဲလှယ်ခြင်း တို့ ဆောင်ရွက်ကြသည့်အခါ အမည်ပြောင်းလဲရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ဆွေးနွေးတင်ပြအပ်ပါသည်။

လုပ်ငန်းစဉ် (၁) သက်သေခံမြေပုံ (ပုံစံ ၁၀၅)နှင့် မြေရာဇဝင် (ပုံစံ ၁၀၆) လျှောက်ထားရယူခြင်း

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ရရှိသူများအနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေ၏ အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း ကိစ္စရပ်များအတွက် အမှန်တကယ်စာချုပ် ချုပ်ဆို ဆောင်ရွက်မည့်ဧရိယာကို မြေ တိုင်းတာ စိစစ်ပြီး သက်သေခံမြေပုံ ထုတ်ယူနိုင်ရန် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနတွင် သက်သေခံမြေပုံ (ပုံစံ ၁၀၅)နှင့် ဦးပိုင်တခု၏ ရာဇဝင် (ပုံစံ ၁၀၆) တို့ကို လျှောက်ထားရယူရမည်။ သက်သေခံမြေပုံ ( ပုံစံ ၁၀၅ ) ရရှိရန် ၁၆" = တစ်မိုင် စကေးဖြင့် တစ်ဧက ရေးကူးခြင်းအတွက် ကျသင့်ငွေမှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြင်ဆင်ထားသည့်နှုန်းထားများအရ ၆၄၃ ကျပ် ဖြစ်ပါသည်။ မှတ်ပုံစာရင်းများမှ ကောက်နုတ်ချက် မိတ္တူရေးကူးခြင်းအတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ပြင်ဆင်ထားသည့် နှုန်းထားများအရ ၄၂၈၆ ကျပ် ဖြစ်ပါသည်။ 
မြေစာရင်းပုံစံ(၁၀၅)၊ (၁၀၆)ရေးကူးခွင့်လျှောက်ထားလိုလျှင် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရ ပါသည်။
၁။ လျှောက်ထားလိုသူသည် (ပုံစံ ၁၀၃)ဖြင့်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးထံ လျှောက်ထားရမည်။
၂။ မြေစာရင်းပုံစံ(၁၀၃)၏ အပိုင်း(၁) မြေစာရင်း၊ မြေပုံနှင့် မှတ်တမ်းများ မိတ္တူရေးကူးခွင့် လျှောက်ထားခြင်းကို လျှောက်ထားသူကိုယ်တိုင် ရေးသွင်းဖော်ပြ၍ လက်မှတ် ရေးထိုးရပါမည်။
၃။  ရေးကူးလိုသည့်မြေကွက်အကြောင်းအရာအချက်အလက်များကို သက်ဆိုင်ရာစာရင်း၊ မြေပုံဖြင့် တိုက်ဆိုင်၍ မှန်ကန်စွာရေးသွင်းဖော်ပြရပါမည်။
၄။ လျှောက်ထားသူမှ ရေးကူးလိုသည့်အကြောင်းအရာ (ဥပမာ- စာချုပ်စာတမ်းမှတ်ပုံတင် ပြုလုပ်ရန်/ တရားရုံး သက်သေခံတင်ပြရန်၊ မြေဂရန်သစ်/ ဂရန်သစ်တိုးရန်/ အမည်ပြောင်း လျှောက်ထားရန်ကိစ္စရပ်များ၊ လက်ဝယ်ကိုင်ဆောင်ရန်ကိစ္စ၊ စည်ပင်တင်ရန်၊ ဘဏ်တင်ရန်၊ ဌာနတင်ရန်၊ လိုင်စင်သက်တမ်းတိုးရန်၊ သာသနာမြေလျှောက်ထားရန်၊ ပုဂ္ဂလိက မြေတိုင်းတာခွင့်လျှောက်ထားရန်စသည်ဖြင့်) ဖော်ပြရပါမည်။
၅။ လျှောက်လွှာတွင် ပိုင်ဆိုင်သူ (သို့မဟုတ်) သက်ဆိုင်သူကိုယ်တိုင် လျှောက်ထားလျှင် ပိုင်ဆိုင်ကြောင်း (သို့မဟုတ်) တနည်းနည်းဖြင့်သက်ဆိုင်ကြောင်း အထောက်အထားကို လည်းကောင်း၊ ကိုယ်စားလှယ်က လျှောက်ထားလျှင် တရားဝင်ကိုယ်စားလှယ်လွှဲစာကို လည်းကောင်း ပူးတွဲ တင်ပြရပါမည်။
၆။ မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် “ လျှောက်ထားသူမှ မြေစာရင်းပုံစံ (၁၀၃) ဖြင့် စတင်လျှောက်ထားသည့်နေ့မှစ၍ အငြင်းပွားမှုမရှိသည့် သာမန်ကိစ္စရပ်များတွင် ကွင်းဆင်းစိစစ်ခြင်း၊ မြေပုံမြေရာဇဝင်များနှင့် တိုက်ဆိုင်စိစစ်ပြီး မြေပုံရေးကူးခြင်းကိစ္စရပ်အပါအဝင် လုပ်ငန်းများဆောင်ရွက်ရန်အတွက် လျှောက်လွှာ စတင်လက်ခံရရှိသည့်နေ့မှစ၍ မြေပုံ မြေရာဇဝင်များ ပြန်လည်ထုတ်ပေးသည့်နေ့အထိ အပါအဝင် အနည်းဆုံး (၁၅) ရက် အတွင်း ပြီးစီးအောင်” ဆောင်ရွက်ပေးရပါမည်။

 လုပ်ငန်းစဉ် (၂) တံဆိပ်ခေါင်းခွန် နှင့် ဝင်ငွေခွန် ထမ်းဆောင်ခြင်း

မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မိမိ၏ လယ်ယာမြေကို တန်ဖိုးမည်မျှသတ်မှတ်ထားသည်ကို သိရှိရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သတ်မှတ်ထားတဲ့ မြေတန်ဘိုးဇုန်နှုန်းအပေါ် ကျသင့်သည့် တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန်တို့ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်ပါသည်။ အောက်ဖော်ပြပါ ရာခိုင်နှုန်းများအတိုင်း ထမ်းဆောင်ရပါသည်။
အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပါက -
ဝယ်ယူသူအနေဖြင့် တံဆိပ်ခေါင်းခွန် ၂ %  + အပိုတံဆိပ်ခေါင်းခွန် ၂%  = ၄ % ထမ်းဆောင်ရမှာဖြစ်ပါသည်။
ထမ်းဆောင်ရမည့် ဝင်ငွေခွန်မှာ ၁ကျပ်မှ သိန်း ၁၀၀၀ အထိမှာ ၃% ထမ်းဆောင်ရပါမည်။
ဝင်ငွေရလမ်း တင်ပြနိုင်ပါက အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ အခွန်နှင့်စပ်လျဉ်းသည့် အခြား ခံစားခွင့် တို့ကို ရရှိပါသည်။
ရောင်းချသူအနေဖြင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် မလိုပါ။ ရောင်းချသူမှာ ဝင်ငွေခွန်ပေးဆောင်ရမည် ဖြစ်သော်လည်း မိမိရောင်းချသောလယ်ယာမြေ၏ တန်ဖိုးမှာ သိန်း (၁၀၀) ထက်မပိုလျှင် ဝင်ငွေခွန် ပေးဆောင်ရန် မလိုအပ်ပါ။
ပေးကမ်းခြင်းဖြစ်ပါက တံဆိပ်ခေါင်းခွန် ၂ %  + အပိုတံဆိပ်ခေါင်းခွန် ၂%  = ၄ % ထမ်းဆောင်ရမှာဖြစ်ပါသည်။ ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန် မလိုပါ။
လဲလှယ်ခြင်းဖြစ်ပါက တံဆိပ်ခေါင်းခွန် ၂ %  + အပိုတံဆိပ်ခေါင်းခွန် ၂%  = ၄ % ထမ်းဆောင်ရမှာဖြစ်ပါသည်။
လဲလှယ်လျှင် ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း တန်ဖိုးမှာ သိန်း(၁၀၀) ထက်မပိုလျှင် ဝင်ငွေခွန် ပေးဆောင်ရန် မလိုအပ်ပါ။ 
တံဆိပ်ခေါင်းခွန်နှင့်် ဝင်ငွေခွန်ထမ်းဆောင်ရန်အတွက် မြို့နယ်အခွန်ဦးစီးဌာနထံ သွားရောက်ရပါမည်။ မြို့နယ်အခွန်ဦးစီးဌာနမှ လယ်ယာမြေတန်ဖိုးအပေါ်တွင် ထမ်းဆောင်ရမည့်အခွန်တို့ကို တွက်ချက်၍ ငွေသွင်းချလန်ထုတ်ပေးမည် ဖြစ်ပါသည်။ ထိုငွေသွင်းချလန်ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်၍ ငွေသွင်းရပါမည်။ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးသော ငွေသွင်းပြီးစီးကြောင်း ချလန်ကို ရယူခဲ့ပြီး မြို့နယ်အခွန်ဦးစီးဌာနထံသို့ တင်ပြ၍ အရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် တံဆိပ်ခေါင်းကို ထုတ်ယူရပါမည်။ 
(မှတ်ချက်။      ။ ယခုဖော်ပြထားသော ဝင်ငွေခွန် ရာခိုင်နှုန်းများမှာ ယခင် ၁၅% ကောက်ခံရာမှ ယခု ၃% သာလျှင် ပေးဆောင်ရမည်ဖြစ်ပြီး ၎င်းနှုန်းထားများမှာ၂၀၁၉ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ ဖြေလျှော့ထားသောရာခိုင်နှုန်းများ ဖြစ်ပါသည်။ ၂၀၂၀ခုနှစ် အောက်တိုဘာလတွင် ထပ်မံပြောင်းလဲနိုင်ပါသည်။)

လုပ်ငန်းစဉ် (၃) ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုခြင်း

ရောင်းချသူ/ဝယ်ယူသူ၊ ပေးကမ်းသူ/လက်ခံရယူသူ၊ လဲလှယ်သူတို့မှာ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုရမည် ဖြစ်ပါသည်။ ထိုစာချုပ်တွင် တံဆိပ်ခေါင်းများကို ကပ်နှိပ်ရပါမည်။ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား အောက်ပါတို့ကို တင်ပြရမည်ဖြစ်ပါသည်။
§ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) မူရင်း 
§ ထုတ်ပေးထားသည့်နေ့မှ တစ်နှစ်အတွင်းဖြစ်သော သက်သေခံမြေပုံ (ပုံစံ ၁၀၅) နှင့် ဦးပိုင်တခု၏ရာဇဝင် (ပုံစံ၁၀၆)
§   သက်ဆိုင်ရာကာယကံရှင်များ(သို့မဟုတ်)တရားဝင် ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံရသူများ
နှင့် အသိသက်သေ (၂) ဦးတို့ ပါဝင်လက်မှတ်ရေးထိုးသော ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း ပြုလုပ်မည့်စာချုပ်၊
§ စာချုပ်ပါ သက်ဆိုင်ရာ ကာယကံရှင်များ (သို့မဟုတ်) တရားဝင် ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူများနှင့် အသိသက်သေ (၂) ဦးတို့၏ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား၊

လုပ်ငန်းစဉ် (၄) စာချုပ်အား မှတ်ပုံတင်ခြင်း

စာချုပ် ချုပ်ဆိုပြီးလျှင် ထိုစာချုပ်အား ရက်ပေါင်း (၁၂၀) အတွင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မှတ်ပုံတင်ရပါမည်။ စာချုပ်အား မှတ်ပုံတင်ခမှာ ဝ.၅ % ဖြစ်ပါသည်။ စာချုပ်အား မှတ်ပုံတင်ရာတွင် တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန် ထမ်းဆောင်ပြီးစီးကြောင်း အထောက်အထားများ မူရင်း/မိတ္တူတို့ကို တင်ပြရမည် ဖြစ်ပါသည်။ မှတ်ပုံတင်ခကိုလည်း မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းရမည် ဖြစ်ပါသည်။ 
စာချုပ်ကို မှတ်ပုံတင်လျှောက်ထားလျှင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ ကိုယ်တိုင် (သို့မဟုတ်) ၎င်းတို့၏တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူတို့မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါသည်။
အရောင်းအဝယ်စာချုပ်စာတမ်းဖြစ်ပါက ဝယ်ယူသူ၊လဲလှယ်ခြင်းစာချုပ်စာတမ်းဖြစ်ပါက လဲလှယ်သူများ၊ပေးကမ်းခြင်းစာချုပ်စာတမ်းဖြစ်ပါက လက်ခံသူလျှောက်ထားသူများသည် မှတ်ပုံတင်လိုသည့် စာချုပ်စာတမ်းနှင့်အတူ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမူရင်းတို့နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ပူးတွဲလျက် လျှောက်ထားရပါမည်။
၁။ ရုံးခွန်အက်ဥပဒေ (The Court-Fee Act) ဇယား (၂)၊ အမှတ်စဉ် (၁) အရ သတ်မှတ်ထားသော ထိုက်သင့်သည့် ရုံးခွန်တံဆိပ်ခေါင်း ပြည့်စုံစွာ ကပ်နှိပ်ပြီး ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့်မှတ်ပုံတင်ပေးရန်နောက်ဆက်တွဲ(က) လျှောက်လွှာပုံစံ
၂။ စာချုပ်စာတမ်းပါ လယ်ယာမြေနှင့်သက်ဆိုင်သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇)မူရင်းနှင့် သက်သေခံမြေပုံ (ပုံစံ ၁၀၅)၊
၃။ သက်ဆိုင်ရာနှစ်အတွင်း ရေးကူးထုတ်ပေးထားသည့် ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း အမှန်တကယ်ဆောင်ရွက်မည့် ဧရိယာ၏ သက်သေခံမြေပုံ (ပုံစံ ၁၀၅)

လုပ်ငန်းစဉ် (၅) လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန်လျှောက်ထားခြင်း

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန်လျှောက်လွှာ (ပုံစံ ၉)နှင့်အတူ မှတ်ပုံတင်ပြီးသောစာချုပ်အား ပူးတွဲ၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံ လျှောက်ထားရမည် ဖြစ်ပါသည်။ 
အထက်ပါလုပ်ငန်းစဉ်များဆောင်ရွက်ပြီးလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲနိုင် လိမ့်မည် ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။
မှတ်ချက်။ ။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားသည့်အခါ အခြားသောလုပ်ငန်းစဉ်များမှာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြသော်လည်း မြေတန်ဖိုးဇုံနှုန်းများကို မသတ်မှတ်ရသေးလို့ပါ ဟု အချို့သော မြို့နယ်များတွင် တုံ့ပြန်နိုင်ပါသည်။ သို့သော်လည်း အမှန်တကယ်တမ်းတွင်မူ လယ်ယာမြေ၏ တန်ဖိုးသတ်မှတ်ရန်အတွက် လယ်ယာမြေများ၏ တစ်ဧက ဒေသပေါက်ဈေးနှုန်းထားအား ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အဆိုပြုတင်ပြရမည်ဖြစ်ပြီးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်သွားရန် အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)၊ စာအမှတ် ၁၂/လယ်-၂၁(၃၁၆/၂၀၁၉)ဖြင့် ညွှန်ကြားချက်ထုတ်ပြန်ပြီး ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
လေးစားစွာ
လွင်မောင်မောင်


0 comments:

Post a Comment